Healthy Life Ad
Q & A

POCS ရှိပြီး ကိုယ်အလေးချိန်များသူ နေထိုင်စားသောက်သင့်သည့် ပုံစံ

မေး။ ။ POCS ဖြစ်နေတယ်လို့ ဆရာဝန်က ပြောပါ တယ်။ ကျွန်မက ဝတဲ့အတွက် ရောဂါသက်သာအောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ ဆရာ။
နှင်းနုဝင်း၊ သန်လျင်။
ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။POCS ခေါ်တဲ့ သားဥအိမ်ထဲမှာ ပုလဲပုတီးလေးလို ရေအိတ်လေးတွေ အများကြီးစီပြီး ရှိနေတဲ့ရော ဂါရှိတဲ့ မိန်းကလေးအတွက် အရေးကြီးဆုံး ဆေးကုသမှုက ဝနေတာကို ပိန်အောင်လုပ်ရပါမယ်။ ပိန် လွန်းရင်လည်း အစားအသောက်စား၊ လေ့ကျင့်ခန်း တွေလုပ်ပြီး ဝအောင်လုပ်ရပါမယ်။

ပိန်အောင်လုပ်တဲ့အခါ ကိုယ်စားတဲ့ အစားအသောက်က နေ့တိုင်းနေ့တိုင်း ကိုယ်တကယ်စားနိုင်တဲ့ အစားအသောက်မျိုး ဖြစ်ရပါမယ်။ စားတဲ့ အစာက ကျန်းမာရေးနဲ့ညီညွတ်မျှတပြီး အာဟာရ အစုံအလင် ပါရပါမယ်။ အမျှင်ဓာတ် များများပါပြီး နည်းနည်းနဲ့ မကြာခဏ စားပေးရပါမယ်။ ဖြည်းဖြည်းနဲ့ ကြေညက်အောင် ဝါးစားပေးရပါမယ်။ ဗိုက်ပြည့်တဲ့ ခံစားချက်ရဖို့ ဦးနှောက်ထဲက စင်တာက မိနစ် ၂၀ အချိန်ယူပါတယ်။ ၁၀ မိနစ်တည်းနဲ့ အစာကို အတင်းစားလိုက်ရင် ဗိုက်က မပြည့်သေးဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပိန်ချင်ရင် အစားအသောက်ကို နည်းနည်းနဲ့ မကြာခဏ စားပေးရပါမယ်။ ပလုတ်ပလောင်း မစားသင့်ပါဘူး။အလွယ်တကူရတဲ့ အဆင်သင့်အစာ (Junk food)ေတွကို မစားသင့်ပါဘူး။ မနက်စာကို ဘုရင်တစ်ပါးလို စားပြီး နေ့လယ်စာကို မင်းသားလေးလို စားကာ ညစာကို သူဆင်းရဲလို စားပေးရပါမယ်။

အစာစားတဲ့အခါ မဆာရင် မစားပါနဲ့။ အလွန်အကျွံ ပြည့်အင့်အောင် မစားပါနဲ့။ မတည့်တဲ့ အစာ မစားပါနဲ့။ အားနာလို့မစားပါနဲ့။ နှမြောလို့ မစားပါနဲ့။ အလကားရလို့ မစားပါနဲ့။ အစာကို လိုအပ်သလောက်ပဲ သတိနဲ့ စားသင့်ပါတယ်။

လေ့ကျင့်ခန်းကလည်း အရေးကြီးပါတယ်။ အများကြီးစားပြီး ဘာမှမလှုပ်ရှားရင် ပိုသွားတဲ့ ကယ်လိုရီတွေက ခန္ဓာကိုယ်ထဲမှာ စုပုံနေတတ်ပါတယ်။ လေ့ကျင့်ခန်းဆိုတာ ပိန်ဖို့၊ ဝဖို့၊ လှဖို့ထက် စိတ်ခံစားမှု ကောင်းဖို့အတွက် အရေးပါပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ဦးနှောက်ထဲမှာ အင်ဒေါ်ဖင် ဟော်မုန်းထွက်တဲ့အတွက်နေလို့ကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top