Healthy Life Ad
Life Style

အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးအကြောင်း လူအများသိလိုသည့် မေးခွန်းများ (၄)

ဒေါက်တာဒေါ်ခင်ပြုံးကြည် ဥက္ကဌ၊ အသည်းဖောင်ဒေးရှင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ဘီပိုး၊ စီပိုးဆေးကုနေတုန်း မုန်လာနီဖျော်ရည်၊ ကညွတ်ဖျော်ရည် စတာတွေသောက်ရင် ဆေးအာ နိသင်အပေါ် သက်ရောက်မှုရှိပါသလား။
ဖြေ။ ။ ဘီပိုး၊ စီပိုးဆေးကုနေတုန်း မုန်လာဥနီဖျော်ရည်၊ ကညွတ်ဖျော်ရည်စတဲ့ သဘာဝသစ်သီးဖျော်ရည် တွေသောက်ရင် ဆေးအာနိသင်အပေါ် သက်ရောက်မှုမရှိပါဘူး။ ဒါတွေက သဘာဝသစ်သီးတွေဆိုတော့ သောက်လို့ရပါတယ်။ သောက်လည်း သောက်ကြပါတယ်။

မေး။ ။ စီပိုးရှိတာအဘွားပါ။ အသက် ၈၀ ကျော်ရှိပါပြီ။ ဆေးကုဖို့ လိုပါသလား။ ဆေးဒဏ် မခံနိုင်မှာလည်း စိုးလို့ပါ။
ဖြေ။ ။ အသက်ကြီးတဲ့အရွယ်ဆိုတော့ တော်တော် ပြောရခက်ပါတယ်။ တချို့သူတွေကျတော့အသက် ၆၀ အရွယ်နဲ့ ကွယ်လွန်သွားတတ်ပေမယ့် တချို့ တွေကျတော့ အသက် ၉၀ အရွယ်ကျမှ ကွယ်လွန် သွားတတ်တာရှိပါတယ်။ စီပိုးက သုံးလလောက် ကုလိုက်ရင် ပျောက်ကင်းနိုင်ခြေက ၉၅ ရာခိုင်နှုန်း ကျော်ရှိပါတယ်။ မန္တလေးက အသက် ၈၀ ကျော် အဘိုးကြီးတစ်ယောက်ဆိုရင် စီပိုးရှိတာ ဆေးကု လိုက်တော့ ကောင်းသွားတယ်။ သားသမီးတွေက ကုပေးချင်ပြီး ကာယကံရှင်ကလည်း ကုချင်တယ်။ ဒီတော့ ပျောက်သွားပါတယ်။ စီပိုးက ကြာလာလေ၊ ကင်ဆာဖြစ်ဖို့နှုန်းများလေပဲ။ ဘီပိုး နာတာရှည် သယ်ဆောင်သူရဲ့ ၂၅ရာခိုင်နှုန်းကမှ အသည်း ခြောက်တာ၊ အသည်းကင်ဆာဖြစ်တတ်တာ။ စီပိုး နာတာရှည် သယ်ဆောင်သူရဲ့ ၈၅ရာခိုင်နှုန်းက အသည်းခြောက်တာနဲ့အသည်းကင်ဆာ ဖြစ်တတ်ပါတယ်။ လူ ၁၀ ယောက်မှာ ၉ ယောက်လောက် ကဖြစ်တတ်တော့ ကုနိုင်ရင်ကုသင့်ပါတယ်။

ဘီပိုးရှိသူနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် အိမ်ထောင် မပြုခင်မှာ ဘီပိုးကာကွယ်ဆေးကိုထိုးရပါမယ်။ ဘီပိုး ကာကွယ်ဆေးကို သုံးလုံးပြည့်အောင် ထိုးရပါမယ်။ Rapid Method နဲ့ တစ်လခြားပြီး သုံးလုံးထိုးရပါတယ် . . .

မေး။ ။ ဘီပိုးကာကွယ်ဆေးတစ်လုံးပဲ ထိုးဖြစ်ခဲ့ပါတယ်။ ကြာပါပြီ။ အခု ပြန်ထိုးရင် ဘယ်နှလုံးထိုး သင့်ပါသလဲ။ တစ်လုံးတည်းထိုးတာက ကာကွယ်နိုင်စွမ်းရှိပါသလား။
ဖြေ။ ။ ဘီပိုးကာကွယ်ဆေးတစ်လုံးပဲ ထိုးထားရင် ကာကွယ်နိုင်စွမ်းက ၃၀ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ကာကွယ်ဆေးနှစ်လုံး ထိုးထားရင် ၆၅ ရာ ခိုင်နှုန်းကာကွယ်နိုင်ပါတယ်။ ဆေးသုံးလုံး ထိုးထားရင် ၉၈ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဆေးသုံးလုံးထိုးထားရင် ကာကွယ်နိုင်စွမ်းက ပိုပြီး ကြာကြာခံတယ်။

မေး။ ။ ဘီပိုးကာကွယ်ဆေးကိုသုံးလုံးထိုးပြီး ကာကွယ် နိုင်စွမ်း ပဋိပစ္စည်းမထွက်တာကော ရှိပါသလား။
ဖြေ။ ။ ရှိပါတယ်။ ဘီပိုးကာကွယ်ဆေးသုံးလုံးထိုးပြီး ပဋိပစ္စည်း (Antibody)လုံးဝမထွက်တဲ့ အမျိုး အစားရှိပါတယ်။ Non-Responder ခေါ်ပါ တယ်။ တချို့တွေကျတော့ ကာကွယ်ဆေး သုံးလုံး ထိုးပေမယ့် ကာကွယ်နိုင်စွမ်း ပဋိပစ္စည်းထွက်တော့ ထွက်တယ်၊ နည်းနေတာရှိတယ်။ Low-Responder လို့ခေါ်ပါတယ်။ တချို့ကျတော့ ကာကွယ် နိုင်စွမ်း ပဋိပစ္စည်းထွက်တော့ ထွက်တယ်၊ နှေးတယ်။ Slow-Responder လို့ ခေါ်ပါတယ်။ သူတို့တွေကျတော့ ဆေးထိုးပြီး တစ်လအတွင်းမှာ ကာကွယ်နိုင်စွမ်း ပဋိပစ္စည်းမထွက်ဘူး၊ နောက် တစ်လုံး ထပ်ထိုးလိုက်ရင် ကာကွယ်နိုင်စွမ်း ၅၀ ရာခိုင်နှုန်းထပ်ထွက်လာတယ်။ နောက်တစ်လုံး ထပ်ထိုးလိုက်ရင် နောက်ထပ် ၅၀ ရာခိုင်နှုန်း ထပ်ထွက်တတ်ပါတယ်။

မေး။ ။ အမျိုးသားက ဘီပိုးရှိသူပါ။ ဘီပိုးရှိသူနဲ့ အိမ်ထောက်ပြုရင် ဘာတွေကို လိုက်နာနေထိုင်သင့်ပါ သလဲ။
ဖြေ။ ။ ဘီပိုးရှိသူနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် အိမ်ထောင်မပြုခင်မှာ ဘီပိုးကာကွယ်ဆေးကို ထိုးရပါမယ်။ ဘီပိုး ကာကွယ်ဆေးကို သုံးလုံးပြည့်အောင် ထိုးရပါမယ်။ Rapid Method နဲ့ တစ်လခြားပြီး သုံးလုံးထိုးရပါတယ်။ ပြီးရင် တစ်လနဲ့နှစ်လကြား မှာ ပဋိပစ္စည်း (Antibody) ပြန်စစ်လိုက်ပါ။ Antibody က ၁၀ ကျော်တယ်ဆိုရင် ကောင်းပါ တယ်။ တချို့တွေဆိုရင် ၁၀ဝ၀ တောင် ကျော်တယ်။ အဲဒီအချိန်မှာ Antibody က နည်းနေပြီး ၁၀ မကျော်ဘူးဆိုရင် အိမ်ထောင်ဖက်ဆီက ဘီပိုးကူးနိုင်ခြေရှိပါတယ်။ ဒီလိုအခြေအနေမှာ Im­munoglobulin ထိုးထားရပါတယ်။ တချို့တွေဆို အိမ်ထောင်ပြုခါနီးမှ တစ်ဦးမှာ ဘီပိုးရှိမှန်းသိသွားတော့ ဘီပိုးကာကွယ်ဆေးကို အမြန်ထိုးရသလို Im­munoglobulin ပါ ထိုးထားရပါတယ်။

ဒါဆိုရင် ခြောက်ပတ်လောက်အထိ ကာကွယ်နိုင်ပါတယ်။ အဲဒီအချိန်ကာလအတွင်းမှာ ကာကွယ်ဆေးကို အလုံးရေ ပြည့်မီအောင် ထိုးနှံထားရပါမယ်။ အိမ်ထောင်ဖက်မှာ ဘီပိုးရှိတဲ့သူ၊ သွေးခဏခဏ သွင်းရတဲ့သူ၊ မိသားစုဝင်ထဲမှာ ဘီပိုးရှိတဲ့သူ၊ သွေးတွေနဲ့ မကြာခဏ ထိတွေ့ရတဲ့သူ . . ဒီလိုမျိုး ဘီပိုး ကူးစက်နိုင်ခြေများတဲ့သူတွေကတော့ ငါးနှစ် တစ်ခါ ဘီပိုးကာကွယ်ဆေး ပြန်ထိုးထားဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top