Healthy Life Ad
Life Style

ရွာဦးကျောင်းက ဆရာတော်ဆီ သွားဖူးမယ် . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

“ရွာဦးကျောင်းကဆရာတော်ကြီးဆီ သွားမယ်၊ ဆရာတော်ဆီ သွားဖူးမယ် . .”
ဒေါ်ခင်ဝေက ရန်ကုန်မှာနေပေမယ့် သူငယ်ငယ်တုန်းက နေခဲ့တဲ့ ရွာလေးမှာတုန်းက မကြာခဏ ဥပုသ်သီတင်း ဆောက်တည်ဖူးတဲ့ ရွာဦးကျောင်းကို သွားချင်ကြောင်း မကြာခဏ ပူဆာနေပါတယ်။

တစ်ခါတစ်ခါကျတော့လည်း အခုလက်ရှိနေတဲ့ အိမ်ကို “ငါ့အိမ်မဟုတ်ဘူး”ဆိုပြီး အိမ်ပြန်ပို့ပါလို့ အတင်း ပြောတတ်ပါတယ်။
“ဒါ အမေ့အိမ်ပဲလေ . . ရွာက အိမ်ကလည်း မရှိတော့ဘူးလေ အမေ . . အမေ ဒီမှာနေတာ အနှစ် ၂၀ လောက်ရှိနေပြီလေ အမေ”

“မဟုတ်ဘူး၊ ဒါ ငါ့အိမ်မဟုတ်ဘူး၊ ငါ့အိမ်ကို ပဲပြန်မယ်၊ ရွာက ငါ့အိမ်. .အဲဒီကိုပြန်ပို့”ဆိုပြီးဒေါသ တွေထွက်ပြီး အော်ဟစ် သောင်းကျန်းတတ်ပါတယ်။

အိမ်မှာ ထမင်းကျွေးပြီးရင်လည်း “ငါ့ကို ထမင်း မကျွေးကြဘူး၊ ငါ ထမင်း မစားရသေးဘူး၊ ထမင်း ကျွေးကြ”လို့ ပြောပြန်တယ်။
“အမေ ခုနက စားပြီးပြီလေ”လို့ သမီးနဲ့ သား က ပြောလိုက်ရင် စိတ်တွေတို၊ ဒေါသတွေ ထွက်ပြီး ဒေါ်ခင်ဝေ အော်ဟစ်ဆူပူသောင်းကျန်းတော့တယ်။

ဒေါ်ခင်ဝေက အိမ်မှာကူလုပ်တဲ့ ကောင်မလေး တွေကို လုံချည်၊ တဘက် စတဲ့ သူ့အသုံးအဆောင် လေးတွေကို အရင်ကတည်းက စိတ်ပါရင် ပါသလို ပေးတတ်တယ်။ အခုလည်း အဲဒီလို စေတနာရှိလာရင်ပေးတယ်။ ပေးပြီးလို့ ခဏကြာသွားရင် “နေကြာ ပွင့်ပုံပါတဲ့ ငါ့လုံချည်နဲ့ တဘက်အဝါလေး ပျောက်သွားတယ်။ ဘယ်သူ ခိုးထားတာလဲ မသိဘူး၊ ပြောစမ်း”ဆိုပြီး သူပေးထားတာကို မေ့သွားပြီး ပြဿနာ ရှာတတ်ပြန်တယ်။

ဒေါ်ခင်ဝေက နယ်မှာ ကျောင်းဆရာမအဖြစ် အကြာကြီး တာဝန်ထမ်းဆောင်ခဲ့သူပါ။ စာဖတ်လည်း ဝါသနာကြီးပြီး စာအုပ်တွေများစွာ ဖတ်ရှုလေ့လာသူလည်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်တာကို လုံးဝ ဝါသနာမပါဘူး။ အစားအသောက်ဆိုလည်း ကြေးများတယ်။ ငယ်ငယ်တုန်းက စာသင်တဲ့ နေရာမှာ တပည့်တွေကို စေတနာအပြည့်နဲ့ တတ်မြောက်အောင် အားအင်ပါပါနဲ့ သင်ကြားပေးတတ်တဲ့ ဆရာမကြီး ဒေါ်ခင်ဝေက ပင်စင်ယူပြီးနောက်ပိုင်း ငါးနှစ် ကျော်အကြာမှာ အလွန်အေးပြီး တဖြည်းဖြည်း စကားနည်းသွားခဲ့တယ်။

လွန်ခဲ့တဲ့ ၃-၄ နှစ်ကစလို့ တပည့်တွေလာလည်ရင် နာမည်မေ့နေတတ်တယ်။ အဲဒီလို မေ့တာ ကို အသက်ကြီးလို့ မေ့တာဆိုပြီး ဒေါ်ခင်ဝေရဲ့ သားသမီးတွေက အလေးမထားမိဘူး။ တဖြည်းဖြည်းချင်း မေ့တာတွေက ပိုပိုများလာပြီး တကယ်ရင်းနှီးပါတယ် ဆိုတဲ့ တပည့်တွေကိုတောင် ဒေါ်ခင်ဝေ မသိတော့ဘူး။ ဒါပေမဲ့ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခါစက သင်ပေးခဲ့တဲ့ တပည့်ဟောင်းတွေကိုကျတော့ မှတ်မိနေပြန်ရော။ ကြီးမှတွေ့တဲ့ တပည့်တွေကိုကျတော့ မမှတ်မိတော့ဘူး။
နောက်ပိုင်းမှာ တစ်ယောက်တည်း စကားပြောတာ၊ လက်ရှိနေတဲ့အိမ်ကို ကိုယ့်အိမ်လို့ မထင်တော့ ဘဲ ငယ်ငယ်ကနေခဲ့တဲ့ ရွာက အိမ်လေးကို ပြန်ပို့ဖို့ ပူဆာနေတာ၊ တစ်ခါတလေ အိပ်ရာထဲ ဆီးသွားတာ၊ တွေ့တဲ့နေရာမှာ ဝမ်းသွားတာတွေပါ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့မိသားစုဆရာဝန်ရဲ့ ညွှန်းပို့မှုအရ ဆရာ့ဆီ ရောက်လာခဲ့ပါတယ်။
_ _ _
အသက် ၇၅နှစ်အရွယ် ဒေါ်ခင်ဝေက သမီးရယ်၊ သားရယ်၊ မြေးလေးရယ်နဲ့အတူ ဆရာ့ဆီ ရောက်လာပါတယ်။
“ အမေက တဖြည်းဖြည်းနဲ့ စကား သိပ်မပြော တော့ဘူး။ သူ့ဘာသာ တစ်ယောက်တည်း နေတာ များတယ်၊ ဒါပေမဲ့ တစ်ခါတလေ သူ လိုချင်တာ မရ တဲ့အခါကျတော့လည်း ဒေါသတွေ အကြီးအကျယ် ထွက်ပြီး အိမ်မှာရှိတဲ့ လူမှန်သမျှ နေလို့မရတော့ လောက်အောင်ကို အော်ဟစ်ဆဲဆို သောင်းကျန်းနေတယ် ဆရာ၊ အခုနေတဲ့ အိမ်က သူ့အိမ်မဟုတ်ဘူး၊ သူ့အိမ်ကို ပြန်ပို့ဆိုပြီး ပြောနေတယ်။ တကယ်တော့ ကလေးဘဝတုန်းက နေတာ မဟုတ်ပေမယ့် အမေ နေတာ နှစ် ၂၀ လောက် ရှိပါပြီ။ ဒါပေမဲ့ နယ်က ရွာ မှာရှိတဲ့ အိမ်ကိုမှ သူ့အိမ်လို့ အမေက ပြောနေပါတယ်။ အဲဒီအိမ်ကိုပဲ ပြန်မယ်၊ ပြန်မယ်ဆိုပြီး ဒေါသ ထွက်တိုင်းပြောတတ်ပေမယ့် တကယ်တော့ အခုနေတဲ့ အိမ်က အမေ့အိမ်ပါပဲ။ ကြီးမှ တွေ့တဲ့ မိတ်ဆွေတွေကို မမှတ်မိတော့ဘဲ အမေငယ်ငယ်တုန်းက ပေါင်းသင်းခဲ့တဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကိုပဲ တဖွဖွ မေးတတ်တယ်”လို့ သမီးဖြစ်သူက ပြောပြပါတယ်။

ဒေါ်ခင်ဝေအကြောင်းကို အသေးစိတ် မေးမြန်းပြီး စစ်ဆေးကြည့်လိုက်တဲ့အခါ ဒေါ်ခင်ဝေက တွက်တာ၊ ချက်တာတွေကိုလည်း မလုပ်နိုင်ဘူး။ မေးတာ မြန်းတာတွေကိုလည်း ကောင်းကောင်း ပြန်မဖြေနိုင်ပါဘူး။ သူပြောချင်တာတွေ ပြောပြီး သူဖြေတဲ့ စကားတွေက အဆက်အစပ်ကင်းမဲ့နေတာကို သွားတွေ့ရပါတယ်။ ဒါ့အပြင် တစ်ခါတစ်ခါမှာ ဘေးဘက် ဘယ်သူမှမရှိတဲ့နေရာကို လှမ်းကြည့်ပြီး စကားပြောနေတာ ကိုလည်း တွေ့ရပါတယ်။

သမီးဖြစ်သူကို “ဘာမှ မရှိတဲ့ နေရာတွေကို လှမ်းကြည့်ပြီး အပြန်အလှန် စကား ပြောနေတာမျိုး ရော ရှိသလား”လို့ မေးကြည့်လိုက်တော့-
“ဟုတ်ပါတယ် ဆရာ၊ ကျွန်မ ပြောဖို့ မေ့သွား လို့ပါ။ အမေက တစ်ခါတစ်ခါ ဘာမှ မရှိတဲ့နေရာကို ငေးကြည့်ပြီး လူတစ်ယောက်ယောက်ရှိနေသလို အပြန်အလှန် စကားပြောနေတာမျိုး ရှိပါတယ်”
လို့ ဖြေပါတယ်။

ဒေါ်ခင်ဝေကို ဆီး၊ ဝမ်း၊ သွေးစစ်ဆေးမှုတွေ အပြင် ဦးနှောက်ဓာတ်မှတ်ရိုက်တာတွေကို ပြုလုပ်ရ ပါတယ်။ စစ်ဆေးမှုရလဒ်အရ ဦးနှောက်လုပ်ငန်းတွေ က ဆိုးဆိုးရွားရွားထိခိုက်နေပြီး ဦးနှောက်၊ အာရုံ ကြောနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်တွေ အတော်များများ ပျက်စီးနေတာကိုတွေ့ရပါတယ်။ ပြောတာ၊ ဆိုတာ ကလည်း အဆက်အစပ်မရှိတဲ့အပြင် လှုံ့ဆော်မှုမဲ့ အာရုံမှားတွေလည်း ဆိုးဆိုးရွားရွားရှိနေတာကို တွေ့ ရပါတယ်။ ဒါက ပြင်းထန်တဲ့ အကြီးစား ဦးနှောက် အာရုံကြော ထိခိုက်ချို့ယွင်းတဲ့ဝေဒနာ (Major Neuro-cognitive Disorder)အနေနဲ့ သတ်မှတ် ပြီး ဆေးရုံမှာ တစ်ပတ်တင်ပြီး လိုအပ်တဲ့ ကုသမှုတွေ ပေးထားလိုက်ပါတယ်။
တစ်ပတ်ကျော်ကြာတဲ့အခါ ဒေါ်ခင်ဝေဖြစ်နေ တဲ့ လှုံ့ဆော်မှုမဲ့ အာရုံမှားတွေမရှိတော့ပါဘူး၊ ငူငူ ငေါင်ငေါင်နေတာ သိသိသာသာ လျော့သွားပါတယ်။ ဒါပေမဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကတော့ ဆက်ရှိနေသေးတဲ့အတွက် အချိန်ဇယားနဲ့ ပြုစု စောင့်ရှောက်ပေးဖို့၊ တစ်ကိုယ်ရေ တကာယထိခိုက်မှုတွေ မဖြစ်အောင် ဂရုစိုက်ပေးဖို့၊ ဖျားတာ၊ နာတာ မဖြစ်အောင် ဂရုစိုက်ပေးဖို့၊ အာဟာရ ပြည့်ဝမျှတတဲ့ အစားအသောက်တွေကို စနစ်တကျ အချိန်နဲ့ကျွေးဖို့၊ အညစ်အကြေး စွန့်တာကိုလည်း စနစ်တကျဖြစ်အောင် အချိန်နဲ့ လေ့ကျင့်ပေးဖို့၊ မနက်နဲ့ ညနေပိုင်း တွေမှာ သူနဲ့အတူတွဲပြီး လမ်းလျှောက်ပေးဖို့၊ ပေးလိုက်တဲ့ ဆေးတွေကို စနစ်တကျ တိုက်ဖို့နဲ့ နှစ်ပတ် အကြာမှာ ပြန်လာပြဖို့ မိသားစုဝင်တွေကို စနစ်တကျ မှာကြားရင်း ဆေးရုံက ဆင်းပေးလိုက်ရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

Most Popular

Healthy Life Ad
To Top