Healthy Life Ad
Q & A

AIDS ရောဂါနှင့် မျက်စိကျန်းမာရေး

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး. AIDS ရောဂါရှိသူတွေမှာ ဘယ်အချိန်ဆိုရင် မျက်စိရောဂါပိုးတွေ ကျရောက်တတ်ပါသလဲ ဆရာ။

ဖြေ. AIDS ရောဂါရှိသူတွေမှာ CD4 Count က ၅၀ အောက်ဆိုရင် မျက်စိထဲကို ရောဂါပိုးကျရောက်နိုင်တဲ့ အခွင့်အလမ်းက များပါတယ်။

မေး. AIDS ရောဂါရှိသူတွေမှာ ဘာကြောင့် မျက်စိရောဂါပိုးတွေ ကျရောက်လွယ်ရပါသလဲ ဆရာ။

ဖြေ. ဖြစ်ရတဲ့အကြောင်းရင်းကလည်း ရှင်းပါတယ်။ ခုခံအားကျတဲ့သူမှန်သမျှ AIDS ရောဂါရယ်မှမဟုတ်ဘူး၊ ဘယ်လိုရောဂါကြောင့်ပဲ ခုခံအားကျကျ၊ ဆီးချိုရောဂါကြောင့်ပဲဖြစ်ဖြစ်၊ အာဟာရချို့တဲ့လို့ပဲဖြစ်ဖြစ်၊ နာတာရှည်အရက်စွဲတာကြောင့်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ခုခံအားကျသွားရင် ပတ်ဝန်းကျင်မှာရှိနေတဲ့ ရောဂါပိုးတွေ ကျရောက်လွယ်တတ်ပါတယ်။ AIDS ဆိုတာ နာမည်ကိုက ခုခံအားကျဆင်းမှုရောဂါဆိုတော့ တစ်ကမ္ဘာလုံးမှာတွေ့ရှိချက်အရ CD4 ပမာဏ ၅၀ထက် လျော့နည်းတယ်ဆိုရင် မျက်စိထဲ ရောဂါပိုးဝင်ရောက်နိုင်ခြေက များတယ်လို့ လက်ခံထားကြပါတယ်။

မေး. AIDS ရောဂါရှိသူတွေမှာ ဘယ်လိုမျက်စိရောဂါပိုးတွေ ကျရောက်နိုင်ပါသလဲ ဆရာ။

ဖြေ. ရောဂါပိုး အကုန်လုံးကျရောက်နိုင်ပါတယ်။ အများဆုံးကျရောက်နိုင်တာကျတော့ Cytomegalo-virus၊ Cryptococcus၊ Candida နဲ့ Herpes ဆိုတဲ့ရောဂါပိုးတွေဖြစ်ပါတယ်။ Cytomegalovirus ကြောင့် မျက်စိအာရုံခံလွှာ (Retina)မှာ အများဆုံးထိခိုက်ပြီး မျက်စိအာရုံခံလွှာရောင်ရမ်းမှု (CMV Retinitis) ဖြစ်နိုင်ပါတယ်။ Cryptococcus ကြောင့်လည်း မျက်စိအာရုံခံလွှာ ရောင်နိုင်ပါတယ်။ ပြီးတော့ Candida (မှက္ခရု)နဲ့ Herpes (ရေယုန်)လည်းဖြစ်နိုင်ပါတယ်။ ဒီအထဲမှာ အဖြစ်အများဆုံးကျရောက်တဲ့ ရောဂါပိုးတွေက Cytomegalovirus ပဲဖြစ်ပါတယ်။ ပြီးရင် ဒုတိယအများဆုံးအနေနဲ့ Cryptococcus နဲ့ Candida ပိုးတွေ ကျရောက်တာကိုတွေ့ရပါတယ်။

ဒါတွေအပြင် Pneumocystic Carini ဆိုတဲ့ ရောဂါပိုးတွေကျရောက်တာကို တွေ့ရပါတယ်။ ဆရာတို့ မြန်မာလူမျိုးတွေ အဖြစ်များဆုံး တီဘီရောဂါပိုးကလည်း AIDS ရောဂါနဲ့ အမြဲတွဲနေတာကို တွေ့ရပါတယ်။ ဒါကြောင့် AIDS ရောဂါသည်တွေရဲ့မျက်လုံးမှာ တီဘီကြောင့်ဖြစ်တဲ့ဝေဒနာတွေ ဖြစ်နေတာကို အတွေ့ရများပါတယ်။

မေး. AIDS ရောဂါရှိသူတွေမှာ မျက်စိမှာ မှိုရောဂါပိုးကျရောက်တာကြောင့် မျက်စိကွယ်နိုင်ပါသလားဆရာ။

ဖြေ. မျက်စိကွယ်နိုင်ပါတယ်။ မျက်စိကွယ်နိုင်တဲ့ အဓိကအကြောင်းရင်းကတော့ မျက်စိအာရုံခံလွှာမှာ စောစောကပြောတဲ့ Cytomegalovirus၊ Crypto- coccus နဲ့ Candida ပိုးတွေကျရောက်ပြီး ရောင်ရမ်းမှုနဲ့တွဲဖြစ်ရာက မျက်စိအာရုံခံလွှာတစ်ခုလုံး ထိခိုက်ပျက်စီးသွားတာကြောင့်ဖြစ်ပါတယ်။

မျက်ကြည်လွှာမှာလည်း ရောဂါပိုးကျရောက်တတ်ပေမယ့် မျက်စိအာရုံခံလွှာမှာ ရောဂါပိုး ကျရောက်မှုကပိုများပါတယ်။ မျက်ကြည်လွှာမှာ Cyto­me-galovirus ပိုးကျရောက်တဲ့ CMV Endo­thelitis ကို အခုနောက်ပိုင်းမှာ အတော်လေး တွေ့လာရပါတယ်။ ပြီးတော့ မျက်စိသူငယ်အိမ်မှာလည်း ပိုးကျရောက်ပြီး သူငယ်အိမ်ရောင်တာ (Uvetitis) ဖြစ်နိုင်ပါတယ်။

အခုပြောတဲ့ အကြောင်းတွေအားလုံးက မျက်စိကွယ်နိုင်ပါတယ်။ ဒါပေမဲ့ AIDS ကြောင့် မျက်စိကွယ်စေတဲ့ အများဆုံးအကြောင်းအရာက မျက်စိအာရုံခံလွှာထိခိုက်မှုကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါတလေကျရင် လူနာက ဘာမှမဟုတ်ဘူးလို့ ထင်တတ်တာတစ်ခုက မျက်ခွံက Conjunctiva မှာ Kaposi’s Sarcoma ဆိုတဲ့ ဝိုင်းဝိုင်းနီနီ အလုံးလေးတွေ့ရတတ်တယ်။ ဒါက Subconjunctival Haemorrahge နဲ့ မှားတတ်တယ်။ တကယ်တမ်းသေချာကြည့်ရင် ဝိုင်းဝိုင်းနီနီလေးဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုလူနာတွေကတော့ ဆရာတို့ဆီ လာပြတာနည်းတယ်။ ဆရာတို့ဆီ လာပြတာက မျက်စိအာရုံခံလွှာရောင်လို့ လာပြတာပဲ များပါတယ်။

မေး. AIDS ရောဂါနဲ့ ဆစ်ဖလစ်ရောဂါတွဲဖြစ်ရင် ဘယ်လိုမျက်စိရောဂါတွေကို ဖြစ်စေနိုင်ပါသလဲဆရာ။

ဖြေ. AIDS ရောဂါနဲ့ ဆစ်ဖလစ်ရောဂါကလည်း တွဲဖြစ်နိုင်ခြေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါနှစ်ခုရဲ့ ကူးစက်တဲ့အရင်းအမြစ်ကလည်း အများကြီးထဲမှာ တူတဲ့အချက်ကရှိနေတော့ တွဲဖြစ်နိုင်ခြေရှိပါတယ်။ ဒီနှစ်ခုတွဲဖြစ်ရင်လည်း Cytomegalovirus၊ Cryptococcus၊ Candida ဆိုတဲ့ ရောဂါပိုးတွေပဲ ကျရောက်နိုင်ပါတယ်။ ဆစ်ဖလစ်ရောဂါက ကုသပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

ဟိုးအရင်ကတည်းက ပင်နီဆလင်ဆေးပေါ်လာတော့ ဆစ်ဖလစ်ရောဂါကို နှိမ်နင်းနိုင်တယ်။ ပင်နီဆလင်ဆေးယဉ်ပါးတော့လည်း ဒီ့ထက် ဒီ့ထက် ပိုအာနိသင်ရှိတဲ့ဆေးတွေ ပေါ်လာတာပဲဖြစ်ပါတယ်။ ဒီတော့ ဒီရောဂါကို တော်တော်လေးနိုင်သွားပါတယ်။ သာမန်ဆရာဝန်တွေတောင် ဆစ်ဖလစ်ရောဂါကို နိုင်နိုင်နင်းနင်း ကုသနိုင်နေပြီဆိုတော့ ဒီရောဂါကြောင့်ဖြစ်တဲ့ မျက်စိဝေဒနာကိုတော့ မတွေ့သလောက်ရှားသွားပါပြီ။ AIDS ရောဂါကြောင့်ဖြစ်တဲ့ မျက်စိရောဂါပိုးတွေကိုပဲ တွေ့ရတာများပါတယ်။

မေး. AIDS ရောဂါရှိသူတွေက မျက်စိမှာ မှိုရောဂါပိုးစွဲကပ်တဲ့ အကြောင်းကိုလည်း သိပါရစေဆရာ။

ဖြေ. AIDS ရောဂါရှိသူတွေမှာ Candida မှိုပိုး ကျရောက်နိုင်ခြေရှိသလို ကိုယ်ခံအားကျတဲ့ ဆီးချိုရောဂါသည်တွေမှာလည်း ကျရောက်တတ်ပါတယ်။ ဆီးချိုရောဂါသည်တွေ၊ အာဟာရချို့တဲ့နေတဲ့သူတွေနဲ့ အထူးကြပ်မတ်ကုသဆောင်ထဲက ကလေးတွေမှာလည်း ကန်ဒီဒါမှိုပိုး ကျရောက်တတ်ပါတယ်။

မေး. ART ဆေးသောက်လိုက်ရင ်မျက်စိထဲ ရောဂါပိုးဝင်ရောက်နိုင်ခြေ လျော့နည်းသွားနိုင်ပါသလား ဆရာ။

ဖြေ. ART ဆေးသောက်လိုက်လို့ CD4 Count တက်လာပြီဆိုရင် မျက်စိထဲရောဂါ ပိုးဝင်နိုင်ခြေက နည်းသွားပါတယ်။ ART ဆေးသောက်တဲ့ အကျိုးကျေးဇူးကြောင့် အထွေထွေ ခန္ဓာကိုယ်ခုခံအား ကောင်းလာတယ်ဆိုရင် မျက်စိထဲ ပိုးဝင်နိုင်ခြေကလည်း နည်းသွားပါတယ်။

မေး. မျက်စိမှာ ရောဂါပိုးကျရောက်နေတာကိုတွေ့ပြီးမှ AIDS ရှိမှန်းသိသွားတဲ့ လူနာတွေကောရှိပါသလားဆရာ။

ဖြေ. အများကြီးပါပဲ။ တချို့က သူတို့ကိုယ်သူတို့ AIDS ရှိမှန်းမသိကြဘူး။ သူ့ပုံကလည်း AIDS ရှိတဲ့ ပုံမဟုတ်ဘူး။ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း သန်သန်မာမာပဲ။ ရုပ်ရည်ကလည်း သန့်ပြန့်မှုရှိတယ်။ ပညာတတ်၊ ကျန်းကျန်းမာမာပဲ။ ဒါပေမဲ့ မျက်စိမှာ ပိုးကျရောက်နေတော့ ဆရာတို့က သံသယဝင်ပြီး HIV ပိုးစစ်ခိုင်းလိုက်တယ်။ စစ်တော့ ရှိနေတယ်။ ဒါမျိုးတွေက အများကြီးပါပဲ။ အဲဒီအခါ ကျွန်တော့်မှာ မဖြစ်နိုင်ဘူးဆိုပြီး လက်မခံဘူး။ ဒါပေမဲ့ ဆေးစစ်ဆေးချက်အဖြေအရ ပိုးရှိနေတယ်။ ဒါကြောင့် သက်ဆိုင်ရာဆရာဝန်ကို လွှဲလိုက်ရတာတွေလည်း ရှိပါတယ်။

ဆီးချိုရောဂါသည်တွေမှာလည်း အဲဒီလိုပဲ။ ဆီးချိုရောဂါ ရှိနေမှန်းမသိကြဘူး။ မျက်စိမှာဝေဒနာဖြစ်မှ စစ်ကြည့်လိုက်တော့ ဆီးချိုရောဂါရှိနေမှန်းတွေ့ပြီး သမားတော်တွေဆီ လွှဲလိုက်ရတယ်။ ဒီလိုလူနာတွေကိုလည်း အများကြီးတွေ့ရပါတယ်။

မေး. AIDS ရောဂါရှိသူကို ကုသမှုပေးရတာနဲ့ တခြားသာမန်လူနာကို ကုသမှုပေးရတာ ဘာကွာခြားမှုရှိပါသလဲဆရာ။

ဖြေ. ယေဘုယျအားဖြင့်တော့ အတူတူပါပဲ။ တစ်ခုရှိတာက AIDS ရှိသူတွေမှာ ART ကုထုံးအပြင် မျက်စိအတွက် ရောဂါဝေဒနာအပေါ်မူတည်ပြီး သက်ဆိုင်ရာကုသမှုတွေကို ပေးရပါတယ်။ မျက်စဉ်းဆေးပေးရတယ်။ ထိုးဆေးပေးရတာလည်းရှိတယ်။

AIDS ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် CD 4 Count 50 အောက်ဆိုရင် ပိုးကျရောက်နိုင်တဲ့အတွက် CD4 50 အောက်မကျသွားအောင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လိုပါတယ်။ သမားတော်နဲ့တိုင်ပင်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ခံအားကောင်းနေအောင် နေထိုင်တည်ဆောက်ပေးနေရပါမယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး နေမယ်ဆိုရင်တော့ ရောဂါပိုးမကျရောက်နိုင်တော့ပါဘူး . . .

မေး. AIDS ရောဂါရှိသူတွေမှာ မျက်စိရောဂါပိုး မကျရောက်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. AIDS ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် CD 4 Count 50 အောက်ဆိုရင် ပိုးကျရောက်နိုင်တဲ့အတွက် CD4 50 အောက် မကျသွားအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လိုပါတယ်။ သမားတော်နဲ့တိုင်ပင်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ခံအားကောင်းနေအောင် နေထိုင်တည်ဆောက်ပေးနေရပါမယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး နေမယ်ဆိုရင်တော့ရော ဂါပိုးမကျရောက်နိုင်တော့ပါဘူး။ CD 4 အရေအတွက်ကို တက်အောင်ကြိုးစားပြီး ကိုယ်ခံအားတက်အောင် လုပ်မယ်ဆိုရင် ရောဂါပိုးကျရောက်နိုင်ခြေက နည်းသွားပါတယ်။

မေး. တစ်ကိုယ်ရေ သန့်ရှင်းရေးအားနည်းရင် ရောဂါပိုးကျရောက်နိုင်ခြေက ပိုများသွားပါသလား ဆရာ။

ဖြေ. တစ်ကိုယ်ရေ သန့်ရှင်းရေးနည်းတဲ့သူတွေမှာတော့ ရောဂါပိုးကျရောက်နိုင်တယ်ဆိုတာ လူတိုင်းလက်ခံထားတဲ့ အချက်ပဲဖြစ်ပါတယ်။ AIDS ရှိသူတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေးက အားနည်းတယ်ဆိုရင် ရောဂါပိုးကျရောက်နိုင်တဲ့အချက်က ပိုများသွားလိမ့်မယ်လို့ ယူဆရပါတယ်။ AIDS ရှိပြီး ART ဆေးကို ပုံမှန်မှီဝဲတဲ့သူက တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းတယ်ဆိုရင် ရောဂါပိုးကျရောက်နိုင်ခြေက နည်းနေမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top