Healthy Life Ad
Life Style

မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး (၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

“မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး အမြဲသောက်နေပါတယ်။” ဒါကတော့ နေ့စဉ်ကြားနေရတဲ့ ဆီးချိုသွေးချိုလူနာတွေရဲ့ ဖြေကြားသံလေးတွေကို ပဲ့တင်ထပ်ပြီးပြန်ပြောလိုက်ရခြင်း ဖြစ်ပါတယ်။ ထပ်ခါတလဲလဲကြားနေကျဖြစ်ပြီး လူနာအသစ်ရောက်လာတိုင်း ဒီလေသံမျိုးထပ်ကြားရဦးမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ရနေပါတယ်။

ဒီလောက် ထပ်တူထပ်မျှတူညီနေတဲ့ “မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး” ကုထုံးနဲ့ပဲ သောက်နေကြသူတွေ နောက်ထပ်ဘယ်လောက်များ ရှိနေမလဲဆိုတာလေ့လာကြည့်ဖို့ အလွန်ကောင်းနေပါတယ်။ ဘယ်သူက ဒီလိုသောက်ဖို့ ညွှန်ကြားထားတာလဲလို့မေးစရာဖြစ်နေပါတယ်။ ဆရာဝန်တွေက ညွှန်ကြားထားလို့သောက်တာ ရှိနိုင်သလို၊ သူငယ်ချင်းမိတ်ဆွေတွေက အချင်းချင်းညွှန်ကြား ပြီးသောက်နေတာကို အတုယူပြီး မိမိသဘောနဲ့ လိုက်သောက်နေတာလည်း ရှိပါတယ်။ မက်ဖော်မင်ကို ဒီလိုပဲ မိမိသဘောနဲ့မိမိ မှီဝဲပြီးသောက်နေတဲ့ အလေ့အထဟာ နောင်တစ်နေ့မှာ အန္တရာယ်တွေ ရှိလာနိုင်တယ်ဆိုတာ သိရှိဖို့လိုပါတယ်။

ဒီလိုပြောလိုက်တော့ စာဖတ်သူတွေရဲ့စိတ်ထဲမှာ မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်စီးသွားနိုင်တဲ့ အန္တရာယ်ကို ပြောတော့မှာလားလို့ ထင်ကောင်းထင်မိမှာပါ။ “မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်တတ်တယ်”ဆိုတဲ့ စကားသံကလည်း လူနာနဲ့ လူနာရဲ့မိသားစုတွေထံမှ အမြဲတမ်းကြားနေရတဲ့အသံတွေ ဖြစ်ပါတယ်။ ဒီလိုသောက်နေတာက “ကျောက်ကပ်တွေပျက်စီးနိုင်တဲ့ အန္တရာယ်ရှိတယ်” ဆိုတဲ့ အချက်ကမှန်ပေမယ့် “မက်ဖော်မင်က ကျောက်ကပ်ကိုဖျက်နေတာ”မဟုတ်ပါဘူး။

ဒါဆို ဘယ်အချက်က ကျောက်ကပ်ပျက်အောင် လုပ်နေတာလဲဆိုတာ စာဖတ်သူများသိချင်ကြမှာဖြစ်ပါတယ်။ တကယ်တော့ တရားခံအစစ်က ဒီလိုမက်ဖော်မင်ကို တစ်နေ့နှစ်ကြိမ်သောက်နေပြီး “လုပ်သင့်လုပ်ထိုက်တာတွေ ဘာမှမလုပ်မိလို့သာ ဖြစ်ပါ တယ်။” ဒီလိုအဖြစ်ကို ကြုံရသူတွေအများကြီးရှိနေပါတယ်။” မက်ဖော်မင်သောက်နေတာ အခုလည်း နေလို့ကောင်းနေတာပဲ။ ဘာတွေထပ်လုပ်ရဦးမှာလဲ”စတဲ့ မှားယွင်းနေတဲ့ အယူအဆတွေလည်းရှိပါတယ်။

နေကောင်းစဉ်မှာ ဆရာဝန်တွေနဲ့ အချိန်မှန်မှန်တိုင်ပင်ပြီးပြုပြင်ပါ။ နေမကောင်းတဲ့နောက်ဆက်တွဲရောဂါဝင်တဲ့ အဆင့်ရောက်ရင် တစ်နည်းအားဖြင့် တခြားအထူးကုတွေပါဝင်လာရပြီဆိုရင် ရောဂါရှိတဲ့ လူနာအစစ်ဖြစ်သွားပါပြီ။ ဒီအဆင့်ရောက်မှ ဆီးချိုစကုတဲ့ သူတွေအဖို့ အများကြီးနောက်ကျခဲ့ပြီဖြစ်ပါတယ်။ ဒီအဖြစ်မျိုးတွေ အများကြီးတွေ့နေရတာမို့ ဒီနေ့နေကောင်းပေမယ့် ဆရာဝန်မှန်မှန်ပြရမှာဖြစ်ပါတယ်။

‘လုပ်သင့်လုပ်ထိုက်တာ’တွေက ဘာတွေလဲ

လုပ်သင့်လုပ်ထိုက်တာတွေကတော့ “ဆီးချိုသွေးချိုစောင့်ရှောက်ခြင်း” ဆိုတဲ့ Diabetes Care ပဲဖြစ်ပါတယ်။ ဒါတွေမပါဘဲ မက်ဖော်မင်တွေသောက်နေမိတာက ကျောက်ကပ်ပျက်ခြင်းရဲ့အဓိက တရားခံပဲဖြစ်ပါတယ်။

လူနာတွေလုပ်ဖို့ လိုအပ်တာတွေကတော့…

၁။ မိမိရောဂါအကြောင်း မိမိသေချာစွာ အသေးစိတ်သိအောင်မလုပ်မိခြင်း၊ ဆီးချိုပညာပေးမှုမရှိခြင်း (Lack of Diabetes Education)

ဆီးချိုရောဂါက မိမိနဲ့အမြဲအတူရှိနေပြီး ဆရာဝန်တွေနဲ့ ခဏတာပဲ ထိတွေ့နိုင်တာဖြစ်ပါတယ်။ ဆီးချိုရာဂါဟာ မိမိပိုင်ဆိုင်ပြီး မိမိနဲ့ တစ်သက်လုံးအတူတကွရှိနေမယ့် ရောဂါပဲဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုနားလည်ဖို့ အလွန်အရေးကြီးလှပါတယ်။

၂။ ဘဝနေထိုင်မှုပုံစံပြုပြင်ခြင်း (Lifestyle modification)ကို မသိရှိခြင်း၊ မဆောင်ရွက်ခြင်း

သွက်လက်စွာကိုယ်လက်လှုပ်ရှားနေထိုင်ခြင်းနဲ့ အစားအသောက်ပြုပြင်ပြောင်းလဲခြင်းဟာ ဆီးချိုဆေးတစ်ခွက်ဖြစ်လို့ မလစ်ဟင်းစေသင့်ပါဘူး။

၃။ တတ်ကျွမ်းတဲ့ ပညာရှင်တွေ(ဆရာဝန်)နဲ့ ပြသဆွေးနွေးမှုကို မပြုလုပ်မိခြင်း၊ (Proper Diabetes management မရရှိခြင်း)

ဆီးချိုရောဂါရဲ့ အဓိကပြဿနာကတော့ “နေကောင်းသေးတာ” ပဲဖြစ်ပါတယ်။ နာခြင်း၊ ဖျားခြင်းမရှိ၊ တစ်ခါတရံ ဆီးရွှင်တာ၊ နည်းနည်းပိန်သွားတာ၊ နုံးသလိုဖြစ်တာကလည်း လူတိုင်းအလုပ်ပင်ပန်းရင် ဖြစ်နေကျ တွေ့နေကျ လက္ခဏာလေးပဲ၊ သွားသွားလာလာနဲ့ လမ်းမှာနေကောင်းလား နှုတ်ဆက်ရင် “အရမ်းကောင်း၊ စားကောင်းသောက်ကောင်းပါပဲ” လို့ပြန်ဖြေကြတဲ့လူတွေ များပါတယ်။ ဆရာဝန်ပြဖို့ အခြေအနေ မဟုတ်သေးတာကြောင့် မိမိဘာသာ နေကောင်းတယ်ထင်ပြီး ဂရုမစိုက်ဘဲ လွှတ်ထားတာများပါတယ်။

တကယ်တော့ဆီးချိုကုသတာက ပုံမှန်မဟုတ်ဘဲများနေတဲ့ ဓာတ်သဘောတွေကို ပုံမှန်ဒါမှမဟုတ် ပုံမှန်နီးပါးရောက်အောင် ပြုပြင်နေတာပဲဖြစ်ပါတယ်။ ဝေဒနာတွေဖြစ်လာမယ့်အဆင့်ကို မရောက်အောင်ကာကွယ်နေတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ရောဂါပေါင်းမြောက်များစွာကိုဖြစ်စေဖို့ တာစူနေတဲ့ အခြေအနေတစ်ခုကို တားဆီးကာကွယ်နေတဲ့ အလုပ်တစ်ခုပါပဲ။ ကာကွယ်လို့လည်းရပါတယ်။ စောစောလုပ်မှလည်း ထိရောက်ပါတယ်။

ဒါကြောင့် တခြားရောဂါတွေနဲ့မတူဘဲ ဆီးချိုရောဂါက နေကောင်းသူတွေကိုပဲ ကုနေကြရတာပါ။ အလားတူသွေးတိုးနဲ့ သွေးအဆီဓာတ်များသူတွေဟာလည်း ဒီသဘောတရားအတိုင်းပါပဲ။ ဒါတွေက ပြုပြင်ဖို့၊ ကာကွယ်ဖို့ သိပ်မခက်ခဲလှပါဘူး။ နေကောင်းစဉ်မှာ ဆရာဝန်တွေနဲ့ အချိန်မှန်မှန်တိုင်ပင်ပြီးပြုပြင်ပါ။ နေမကောင်းတဲ့ နောက်ဆက်တွဲရောဂါဝင်တဲ့ အဆင့်ရောက်ရင် တစ်နည်းအားဖြင့် တခြားအထူးကုတွေ ပါဝင်လာရပြီဆိုရင် ရောဂါရှိတဲ့ လူနာအစစ်ဖြစ်သွားပါပြီ။

ဒီအဆင့်ရောက်မှ ဆီးချိုစကုတဲ့သူတွေအဖို့ အများကြီးနောက်ကျခဲ့ပြီဖြစ်ပါတယ်။ ဒီအဖြစ်မျိုးတွေ အများကြီးတွေ့နေရတာမို့ ဒီနေ့နေကောင်းပေမယ့် ဆရာဝန်မှန်မှန်ပြရမှာဖြစ်ပါတယ်။ မိမိဘာသာ မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံးနဲ့ပေါ့နေ၊ ခိုနေလို့မဖြစ်ပါဘူး။ ဒါကြောင့် “ပြပါ”၊ တတ်ကျွမ်းတဲ့ ဆရာဝန်တွေကိုပြပါလို့ ဆိုလိုပါတယ်။ ဆရာဝန်တွေကလည်း မက်ဖော်မင်တစ်မျိုးပဲ ဆက်သောက်ခိုင်းပြီး Diabetes care ဆီးချိုစောင့်ရှောက်မှု လုပ်သင့်တာတွေမလုပ်မိတာမျိုးမဖြစ်အောင် သတိပြုရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top