Healthy Life Ad
Life Style

အရေပြားမှာအနာပေါက်တိုင်း အမာရွတ်မထင်အောင်

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. အရေပြားမှာ ဘာကြောင့် အမာရွတ်ဖြစ်ရပါသလဲ ဆရာမ။

ဖြေ. အမာရွတ်နဲ့ကင်းတဲ့လူဆိုတာ ရှားပါတယ်။ ခန္ဓာကိုယ်ရဲ့တစ်သျှူးတွေ ထိခိုက်ဒဏ်ရာရတာကို ပြန်လည်ပြင်ဆင်တဲ့အခါ အရေပြားမှာ scab လို့ခေါ်တဲ့ အနာဖေး၊ အနာမြှေးအဖတ်လေးဖုံးပြီး၊ အနာကျက် စေပါတယ်။ အဲဒီအခါ အမာရွတ်ဖြစ်လာတတ်ပါတယ်။ အနာဖေးလေးက အနာကိုကာကွယ်ပေးထားပြီး အရေပြားပြင်ဆင်တာကို ကူညီပေးပါတယ်။ အမာရွတ်ဆိုတာ မူလအရေပြားအရောင်နဲ့ ကွဲလွဲနေတဲ့ အရေပြားပြောင်းလဲမှုပဲဖြစ်ပါတယ်။ အဖုလို၊ အပြားလို ကြွနေတတ်တဲ့အရေပြားမှာ အသားတက်၊ အနာကျက်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

မေး. အနာနဲ့ အမာရွတ် ပိုဆိုးတတ်တဲ့ အခြေအနေတွေကို သိပါရစေ ဆရာမ။

ဖြေ. အနာက တစ်လက်မထက်ပိုပြီးကြီးရင်၊ အနာနက်ရင်၊ သွေးထွက်များရင်၊ ဖုန်နဲ့ပိုးတွေဝင်ရင်၊ အနာကောင်းကောင်း မကျက်ရင်၊ အရေပြားအတွန့်နေရာနဲ့ အဆစ်လို လှုပ်ရှားမှုများတဲ့နေရာတွေမှာ အနာဖြစ်ရင်၊ အနာဖြစ်နေချိန်မှာ အနားမယူရင်၊ အနာကြောင့် အရေပြားမူလပုံစံပျက်ရင်၊ အရေပြားပုံစံပျက်တာကို စနစ်တကျပြန်မချုပ်ရင်၊ မျက်လုံးတစ်ဝိုက်နဲ့ မျက်နှာပေါ်အနာဖြစ်ရင် ပိုဆိုးတတ်ပါတယ်။ ဒါ့အပြင် အနာရဲ့အနားသတ်က မညီညာဘဲတွန့်နေရင်နဲ့ တိရိစ္ဆာန်ကိုက်ခံရရင်လည်း အနာက ပိုဆိုးတတ်သလို အမာရွတ်က ပိုဆိုးတတ်ပါတယ်။

မေး. အရေပြားမှာ အနာဖြစ်တဲ့အခါ ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ပြသင့်ပါသလဲ ဆရာမ။

ဖြေ. အနာက သိပ်နာပြီး ရောင်နေရင်၊ ကိုင်ကြည့်တဲ့အခါပူလာပြီး ဖိကြည့်တဲ့အခါ နာနေရင်၊ ပြည်ထွက်လာရင်၊ သက်ဆိုင်ရာလင့်ဖ်အကျိတ်ဖြစ်လာရင်၊ အနာဖြစ်ပြီး ဖျားလာရင်၊ မအီမသာဖြစ်လာရင် ဆေးကုသသင့်တဲ့အချိန်ဆိုတာ သတိပေးချင်ပါတယ်။

မေး. ထိခိုက်တာချင်းတူပေမယ့် တချို့သူတွေက အမာရွတ်မဖြစ်လွယ်ဘဲ တချို့က အမာရွတ်ပိုဖြစ်တတ်ကြပါတယ်။ ဘာကြောင့် ကွာခြားရတာပါလဲ ဆရာမ။

ဖြေ. အမာရွတ်ပိုဖြစ်တတ်တဲ့သူတွေ ရှိပါတယ်။ ဥပမာပြောရရင် ကိုယ်ခံစွမ်းအားကျစေတဲ့ ရောဂါတစ်ခုခု (ဥပမာ-ဆီးချိုရောဂါ၊ AIDS ရောဂါ၊ ကင်ဆာ) ရှိရင် အနာကျက်နှေးတတ်ပါတယ်။ အာဟာရချို့တဲ့သူတွေ၊ အရက်သောက်သူတွေ၊ တချို့အရေပြား ရောဂါရှိသူတွေ၊ အနာဖြစ်သော်လည်း မနားဘဲအလုပ်လုပ်နေသူတွေမှာ အမာရွတ် ပိုကြီးတတ်ကြပါတယ်။

မျိုးရိုးဗီဇအရ တချို့လူတွေက အမာရွတ်ကြီးတတ်ပါတယ်။ အမာရွတ်ထဲမှာ အဆိုးဆုံးက အမာရွတ်အဖုလုံး (Keloid)ပါ။ အမာရွတ်အဖုလုံး (Keloid) ရှိတဲ့သူတွေဆိုရင် ဘယ်နေရာမှာပဲ အနာထပ်ဖြစ်ဖြစ် အမာရွတ်အဖုလုံး ဖြစ်တတ်ပါတယ်။ Keloid အမာရွတ်အဖုလုံးဟာ မာတင်းနေပြီး ပန်းရောင်ဖြစ်နေတတ်ပါတယ်။ ပွားတတ်၊ ကြီးတတ်ပါတယ်။ ယားတတ်၊ နာတတ်ပါတယ်။ ကုတ်လိုက်ရင် ပိုကြီးလာတတ်ပါတယ်။ လှုပ်ရှားမှုများတဲ့ အဆစ်နေရာတွေမှာဖြစ်ရင် Keloid က တင်းပြီး လှုပ်ရှားမှုလျော့သွားစေပါတယ်။

Keloid အမာရွတ်အဖုလုံးကို အရေပြား အရောင်ရင့်တဲ့သူတွေမှာ ဆယ့်ငါးဆပိုတွေ့နိုင်ပါတယ်။ တစ်နေရာရာမှာရှိနေရင် နောက်တစ်နေရာမှာ ဒဏ်ရာရရင် Keloid ဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်ပြီး ဖြစ်တတ်ပါတယ်။ အသက်ဆယ်နှစ်ကနေ သုံးဆယ်ဝန်းကျင်မှာဆိုလည်း အနာဖြစ်တဲ့အခါ အမာရွတ်ကြီးတတ်ပါတယ်။

အနာဖြစ်ရင် သဘာဝက သူ့ဘာသာအနာကျက်အောင်ပြုလုပ်လိမ့်မယ်။ ပိုးမဝင်အောင်ဂရုစိုက်ဖို့က အရေးကြီးပါတယ်။ သွေးထွက်မယ့်ဒဏ်ရာမရအောင်နေနိုင်ရင် အကောင်းဆုံးပါပဲ။ အားကစားလုပ်တဲ့အခါ၊ ဟင်းချက်တဲ့အခါ ပိုသတိထားရပါမယ်။ ထိခိုက်ရှနာဖြစ်စေမယ့် ဓားလိုမျိုးကို ကိုင်တွယ်တဲ့အခါ သတိထားရပါမယ်။

မေး. အနာဖြစ်တဲ့အခါ အမာရွတ်ထင်တာနည်းအောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာမ။

ဖြေ. အနာဖြစ်ရင် သဘာဝက သူ့ဘာသာ အနာကျက်အောင် ပြုလုပ်လိမ့်မယ်။ ပိုးမဝင်အောင်ဂရုစိုက်ဖို့က အရေးကြီးပါတယ်။ သွေးထွက်မယ့် ဒဏ်ရာမရအောင်နေနိုင်ရင် အကောင်းဆုံးပါပဲ။ အားကစားလုပ်တဲ့အခါ၊ ဟင်းချက်တဲ့အခါ ပိုသတိထားရပါမယ်။ ထိခိုက်ရှနာဖြစ်စေမယ့် ဓားလိုမျိုးကို ကိုင်တွယ်တဲ့အခါ သတိထားရပါမယ်။ တိရစ္ဆာန်တွေရဲ့ အန္တရာယ်တွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။

(၁) အနာဖြစ်ရင်(လက်မဝက်ထက်ကြီးရင်) အမာရွတ်ဖြစ်နိုင်ပါတယ်။ သတိထားရပါတော့မယ်။

(၂) အနာဖြစ်တဲ့အခါဆေးထည့်တာကို စနစ်တကျပြုလုပ်ရပါမယ်။

(၃) အနာထဲ ပိုးမဝင်စေဖို့ သန့်ရှင်းအောင်ထားရပါမယ်။

(၄) အနာကိုဖုံးအုပ်ထားရပါမယ်။ ပိုးသေဆေးလိမ်းဆေးတွေ သုံးရပါမယ်။

(၅) သွေးဖြူဥ၊ သွေးနီဥ၊ အရေပြားတစ်သျှူးတွေနဲ့ ဖြစ်လာတဲ့အနာဖေးလေးကို အနာမကျက်ခင်ခွာလိုက်ရင် အနာပိုနက်သွားတတ်ပါတယ်။ သွေးပြန်ထွက်ပြီး ပြန်လည်ပိုးဝင်သွားတတ်ပါတယ်။ အမာရွတ်အသစ်ဖြစ်တတ်ပါတယ်။

(၆) မျက်နှာနဲ့မျက်လုံးတစ်ဝိုက်မှာ အနာဖြစ်ရင် ပိုဂရုစိုက်ရမယ်။

(၇) အရေပြားကို ထိခိုက်ခံထားရရင် နေပူဒဏ်အထိမခံသင့်သလို ဖုန်နဲ့အမှိုက်တွေမဝင်အောင် ဂရုစိုက်သင့်ပါတယ်။

(၈) ပြည်တည်လာရင်၊ အနာမကျက်ရင် ဘက်တီးရီးယားပိုးသေစေတဲ့ဆေးနဲ့ ကုသသင့်ပါတယ်။

(၉) လှုပ်ရှားမှုများတဲ့နေရာမှာ အနာဖြစ်ရင် အနာကျက်နှေးတတ်ပါတယ်။ အနာကျက်မနှေးစေဖို့ အနာကိုငြိမ်အောင် လှုပ်ရှားမှုကိုလျှော့ထားရမယ်။ အလေးမလို့ မရပါဘူး။

(၁၀) ဝက်ခြံအမာရွတ်မထင်အောင် ဝက်ခြံကို ပြည်မဖြစ်သေးခင် ဇွတ်မညှစ်ရပါဘူး။ ဝက်ခြံဖုကို အရေပြားပွန်းပဲ့တဲ့အထိ ညှစ်ရင်၊ နှိုက်ညှစ်ရင် အမာရွတ်ကျန်နိုင်ခြေများပါတယ်။ ဝက်ခြံပျောက်စေဖို့ ပိုးသတ်ဆေးစားရပါမယ်။ ပိုးသတ်ဆေး လိမ်းရပါမယ်။

(၁၁) နေရောင်ကို တတ်နိုင်သမျှရှောင်ရပါမယ်။ နေပူထိရင် အနာကျက်နှေးပြီး ပိုးဝင်တတ်ပါတယ်။

(၁၂) ဝက်ခြံကို မဆိတ်ရဘူး၊ မပွတ်ရဘူး၊ မကုတ်ရပါဘူး။ ဝက်ခြံပေါက်ပြီးဖြစ်လာတဲ့ အနာဖေးကို မခွာရပါဘူး။

(၁၃) အမာရွတ်ဖြစ်တယ်ဆိုရင် သက်သာအောင် သီးသန့်ဆေးကုသရပါမယ်။

(၁၄) လိမ္မော်သီးနဲ့ အရည်ရွှမ်းတဲ့ အသီးတွေမှာပါတဲ့ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်က အနာကို ပိုကျက်စေတယ်လို့ယူဆကြတယ်။ အင်တီအောက်ဆီးဒင့်က အနာဖြစ်ပြီး နောက်ဆက်တွဲမည်းတာကို ပြန်ပြီးပြုပြင်နိုင်စွမ်း ရှိပါတယ်။

(၁၅) မလိုလားအပ်ဘဲ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ နားဖောက်တာ၊ ဆေးမင်ကြောင်ထိုးတာတွေကို ရှောင်သင့်ပါတယ်။ အမာရွတ်အဖုလုံးရှိတဲ့သူတွေ နားဖောက်ရင်း အမာရွတ်အဖုလုံး အသီးကြီးတွေ ဖြစ်လာတဲ့သူတွေကို တွေ့ဖူးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top