Healthy Life Ad
Life Style

ဘဝပျော်ရွှင်မှုနှင့် သိမှတ်ဖွယ်ရာ(၃)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)

၂၀-၇-၂၀၁၇ ရက်နေ့က သူနာပြုတက္ကသိုလ် (ရန်ကုန်)မှာ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ဟောပြောပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဟောပြောချက်တချို့ကို စာဖတ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ရပါတယ်။

– အယ်ဒီတာ
_ _ _
ဘဝမှာ အရေးကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရာတစ်ခုကို သတ်မှတ်ပြီး အဲဒါကို မဆုံးရှုံးအောင် ကာကွယ်ရမယ်။ ဘဝတန်ဖိုးကို လူတစ်ယောက်နဲ့ တစ်ယောက် သတ်မှတ်တာချင်း မတူကြဘူး။ လူ တစ်ယောက်က ပိုက်ဆံ အရေးကြီးဆုံးလို့ ထင်ကောင်းထင်မယ်။ နောက်တစ်ယောက်က ရာထူးနေရာက အရေးကြီးဆုံးလို့ ထင်တတ်တယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးအရာက စိတ်ချမ်းသာဖို့၊ ပျော်ရွှင်ဖို့ပဲ ဖြစ်ပါတယ်။ စိတ်ချမ်းချမ်းသာသာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီဆိုရင် လူ့ဘဝက တန်ဖိုးရှိတဲ့ဘဝပဲဖြစ်တယ်။

သူတစ်ဖက်သားကိုကူညီလိုက်တဲ့အခါကိုယ့်ဆီအလိုအလျောက်ရလာတတ်တာပျော်ရွှင်မှုပဲ . . .
စိတ်ချမ်းသာပျော်ရွှင်မှု မရှိတဲ့သူတွေက ဘဝမှာ အသက်ရှင်ရတာ ဘာကြောင့်တုန်း၊ ဘာကြောင့် များအသက်ဆက်ရှင်နေတာလဲ၊ သေသွားရင်ကောင်း မှာပဲဆိုတဲ့ အတွေးတွေပေါ်တဲ့အထိ စိတ်ဓာတ်တွေ ကျတတ်တယ်။ လူ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ သူတစ်ပါးကို ကူညီလိုက်ရင် ကိုယ့်စိတ်က အလိုအလျောက် ရလာတာကို ခေါ်ပါတယ်။ ပျော်ရွှင်မှုဆိုတာ ဘာနဲ့တူသလဲဆိုတော့ ရေမွှေး၊ အမွှေးနံ့သာနဲ့ တူပါတယ်။ အမွှေးနံ့သာကို ကိုယ်က ဆွတ်လိုက်ရင် ကိုယ့်ဘေးနားက လူတွေပါ မွှေးတဲ့ရနံ့ရသလိုမျိုး . . သူတစ်ပါးကို ပျော်ရွှင်အောင် လုပ်ပေးရင် ကိုယ်ပါပျော်ရွှင် ကြည်နူးရသလိုမျိုး ရရှိစေတဲ့ခံစားချက်ကို ဆိုလိုပါ တယ်။ သူတစ်ပါးကို ကူညီလိုက်တဲ့အခါ ကိုယ့်ဆီ အလိုအလျောက်ရလာတတ်တာ ပျော်ရွှင်မှုပဲ။

တချို့လူတွေက တိုးတက်အောင် ကြိုးစားရင်း ကြိုးစားရင်းနဲ့ ဒီ့ထက် ပိုမြင့်တဲ့ နေရာရရင် ပျော်မှာ ပဲလို့ထင်တယ်၊ ဒါပေမဲ့ အဲဒီနေရာရောက်တော့လည်း မပျော်ပြန်ဘူး။ ဒီ့ထက်ပိုမြင့်တဲ့ နေရာရောက်အောင် ကြိုးစားရုန်းကန်ရပြန်တယ်။ တချို့လူတွေ ကျတော့ အခက်အခဲတွေ မရှိတဲ့နေ့ ပျော်မှာပဲလို့ ထင်တယ်။ အဲဒီလို တွေးရင် ဘယ်တော့မှ စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ်လျှောက်နေတဲ့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ ပျော်ရွှင်မှု ရအောင် ကြိုးစားနေရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆရာဝန်၊ သူနာပြုတွေဆိုတာ ကိုယ့်ဆီ လာတဲ့ လူနာတွေကို ပျော်ရွှင်အောင် ဆေးကုပေးရမှာ။ လူနာက လာတဲ့အခါ တွေ့လိုက်ရတာက ကိုယ့်ထက်ပိုပြီး စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက်သာဆိုရင် ဘယ် လို လုပ်မလဲ။ လူတစ်ယောက်က ကိုယ့်မှာ စိတ်ချမ်း သာမှုမရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး တခြားသူကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်မှာလဲ။ တချို့ဆရာ ဝန်တွေဆိုရင် တွေ့လိုက်တာနဲ့ စိတ်ချမ်းသာလွန်းလို့ လူနာရဲ့ ရောဂါတစ်ဝက်ပျောက်သွားအောင် လုပ် ပေးနိုင်တယ်ဆိုတာမျိုး ရှိပါတယ်။

ပျော်ရွှင်မှုဆိုတာ ဘာနဲ့တူသလဲဆိုတော့ ရေမွှေး၊ အမွှေးနံ့သာနဲ့တူပါတယ်။ အမွှေးနံ့သာကို ကိုယ်က ဆွတ်လိုက်ရင် ကိုယ့်ဘေးနားက လူတွေပါ မွှေးတဲ့ ရနံ့ရသလိုမျိုး . . သူတစ်ပါးကို ပျော်ရွှင်အောင်လုပ်ပေးရင် ကိုယ်ပါပျော်ရွှင်ကြည်နူးရသလိုမျိုးရရှိစေတဲ့ ခံစားချက်ကိုဆိုလိုပါတယ်။ သူတစ်ပါးကို ကူညီလိုက်တဲ့အခါ ကိုယ့်ဆီအလိုအလျောက် ရလာတတ်တာ ပျော်ရွှင်မှုပဲ . . .

ဘဝမှာ ဘယ်လောက်ပျော်ရွှင်သလဲဆိုတာ သူဟာ သူ့ပတ်ဝန်းကျင်က လူတွေကို ဘယ်လောက်အ ထိပျော်ရွှင်အောင် လုပ်ပေးနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အိမ်တစ်အိမ်မှာ ဖခင်က အလုပ်ကနေပျော်ရွှင်ပြီး ပြန်လာရင် ကလေးတွေကလည်း အဖေ့ကို တွေ့တာနဲ့ ပျော်ကြတယ်။ အဖေက အဲဒီလို မဟုတ်ဘဲ အိမ်ထဲကို ဝင်တာနဲ့ ဒေါသတွေထွက်ပြီး အိမ်ရှေ့တံခါးကို ခြေထောက်နဲ့ ကန်ဝင်လာတယ်ဆို ပါတော့။ အိမ်ထဲရောက်တော့လည်း “ဟေ့ဘယ်သူမှ မရှိကြဘူးလားကွ”ဆိုပြီး ဆူပူအော်ဟစ်ဒေါသ ထွက်နေရင် ကလေးတွေက ပုန်းနေမှာပဲ။ မိသားစုတစ်ခုမှာ အရေးပါအရာရောက်ဆုံးလူက မပျော်မရွှင် ဖြစ်နေရင် တစ်အိမ်သားလုံး မပျော်နိုင်ဘူး။

သောကဆိုတာ ကမာကောင်လေးထဲက သဲပွင့်လေးတွေ . . .
တကယ်တမ်းပြောရရင် လောကကြီးမှာ ပူစရာ တွေချည်းပဲ။ မပူမပန်နဲ့ သောကကင်းကင်းနေနိုင်တဲ့ သူဆိုတာ တော်တော်ရှားပါတယ်။ သောကဆိုတာ ကမာကောင်ထဲမှာရှိတဲ့သဲပွင့်လေးတွေနဲ့ တူပါတယ်။ ကမာကောင်ထဲမှာ ရှိတဲ့ သဲပွင့်လေးတွေက သိပ်ကြီးရင် ကမာကောင်လေး သေသွားမှာပေါ့။ လှလှလေးနဲ့ အနေတော်လေးသာရှိရင် အင်မတန်လှပတဲ့ ပုလဲလုံးလေးတွေ ဖြစ်လာမှာပါ။ သောကဆိုတာကလည်း အဲဒီလိုပါပဲ။ အနေတော်လေးတော့ ရှိရပါမယ်။

ဥပမာ- စာမေးပွဲဖြေရတော့မယ်ဆိုတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် “စာမေးပွဲ ဖြေရတော့မယ်၊ စာမေးပွဲအောင်ဖို့ စာကျက်ရမယ်” ဒါက ပူပင်သောကပဲ။ တချို့ကျတော့ စာမေးပွဲရှိရှိ၊ မရှိရှိ ဂရုမစိုက်ဘူး။ စာလည်း မကျက်ဘူး. . ဒီလိုသောကလုံးဝ မရှိတဲ့သူဆိုရင်လည်း စာမေးပွဲအောင်စရာ အကြောင်းမရှိဘူး။ အဲဒီလို မဟုတ်ဘဲ “စာမေးပွဲရှိတယ်၊ စာမေးပွဲရှိတယ် . . စာမေးပွဲ အောင်မှဖြစ်မယ်”ဆိုပြီး တစ်ချိန်လုံး ပူပင်သောကများပြီး မအိပ်မနေ စာကျက်နေရင် အိပ်ရေးတွေပျက်၊ စာမေးပွဲမဖြေနိုင် ဖြစ်တတ်တယ်။ ပူပင်သောက သိပ်များသွားရင်လည်း မကောင်းသလို ပူပင်သောက မရှိပြန်ရင်လည်း အဆင်မပြေနိုင်ပါဘူး။ ပူပင်သောက အတန်အသင့်တော့ရှိသင့်ပါတယ်။

– နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top