Healthy Life Ad
Life Style

မျက်စိပါဝါကျအောင် လေဆာဖြင့် ပြုလုပ်ခြင်း

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး ။ မျက်စိပါဝါကျအောင် လေဆာနဲ့ပြုလုပ်ခြင်းအကြောင်း ရှင်းပြပေးပါဆရာ။
ဖြေ ။ မျက်စိပါဝါကျအောင် လေဆာနဲ့ ပြုလုပ်ခြင်းကိုလို့ခေါ်ပါတယ်။ ဒါက ခွဲစိတ်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒီထဲမှာမှLASIK က အသုံးအများဆုံးဖြစ်ပါတယ်။

မေး ။ မျက်စိပါဝါကျအောင် လေဆာနဲ့ ပြုလုပ်တဲ့အခါမှာ ဘယ်အချက်တွေကို သတိထားသင့်ပါသလဲ ဆရာ။
ဖြေ ။ မျက်စိပါဝါကျအောင် လေဆာနဲ့ ပြုလုပ်တဲ့အခါ အဓိကသုံးပိုင်းပါဝင်ပါတယ်။
ပထမပိုင်းက လူနာရဲ့အပိုင်းပါ။ လေဆာသုံးပြီး မျက်စိပါဝါကျအောင်လုပ်မယ့် လူနာရဲ့အသက်က ၂၁ နှစ်ကျော် ဖြစ်ရပါမယ်။ အသက် ၂၁ နှစ်ကျော်မှ အရပ်အမောင်းက ရပ်တန့်သွားပြီး မျက်လုံးရဲ့အလျားကလည်း မရှည်ထွက်တော့ပါဘူး။ ဖွံ့ဖြိုးဆဲအရွယ်ဖြစ်တဲ့ အသက် ၁၅ နှစ်ကလေးတွေမှာ ပြုလုပ်ရင် အခုပါဝါသုညဖြစ်ပေမယ့် နောက်ပိုင်းမှာ မျက်လုံးအလျားရှည်လာပြီး ပါဝါထပ်တက်လာတတ်ပါတယ်။ ဒါကြောင့် မလုပ်သင့်ပါဘူး။
နောက်တစ်ချက်အနေနဲ့ မျက်လုံးပါဝါကို အနည်းဆုံးသုံးခါစမ်းသပ်လို့ အတူတူဖြစ်နေရပါမယ်။ အဲဒါကို Stable Refraction လို့ ခေါ်ပါတယ်။ ဥပမာပြောရရင် ဆရာအခုမျက်စိပါဝါအနုတ် ၄ရှိတယ်။ နောက်နှစ်လကြာ စမ်းလိုက်ရင်လည်း အနုတ် ၄ပဲဖြစ်ရမယ်။ နောက်ထပ် ၂ လကြာ စမ်းရင်လည်း အနုတ်၄ပဲဖြစ်နေရပါမယ်။ မျက်မှန်ပါဝါကို တစ်ကြိမ်စမ်းပြီးတာနဲ့ လေဆာသုံးပြီး မျက်စိပါဝါကျအောင် ချက်ချင်းမလုပ်သင့်ပါဘူး။ မျက်စိပါဝါရဲ့ အနည်းအများပေါ်မူတည်ပြီး ကုသပုံကလည်း မတူညီတဲ့အတွက် မျက်လုံးပါဝါတည်ငြိမ်မှသာ ကုသင့်ပါတယ်။

မေး ။ ဒုတိယပိုင်းမှာကော ဘယ်အချက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်ပါသလဲ ဆရာ။
ဖြေ ။ ဒါကတော့ ခွဲစိတ်ဆရာဝန်ရဲ့ အပိုင်းဖြစ်ပါတယ်။ မျက်စိအထူးကုဘာသာရပ် သီးသန့်အထူးကျွမ်းကျင်မှု (Subspecialities)ရှိပါတယ်။ မျက်ကြည်လွှာ (Cornea)၊ မြင်လွှာ (Retina)၊ ရေတိမ် (Glaucoma)၊ ကလေး (Paediatric Ophthalmology)၊ ဦးနှောက်နဲ့မျက်စိ (Neurophthalmonology)၊ ပ လတ်စတစ်ဆာဂျရီ (Oculoplastic) စတဲ့ ဘာသာရပ်တွေအနက် လေဆာသုံးပြီး မျက်စိပါဝါကျအောင် လုပ်ပေးမယ့် မျက်စိဆရာဝန်ဟာ မျက်ကြည်လွှာ အပိုင်းကို ကျွမ်းကျင်တဲ့သူဖြစ်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်မှန်ပါဝါက မျက်ကြည်လွှာနဲ့ အဓိကသက်ဆိုင်နေလို့ပါ။

မေး ။ မျက်ကြည်လွှာအပိုင်းကို ကျွမ်းကျင်တဲ့ မျက်စိအထူးကုဆရာဝန် ဖြစ်ကြောင်း ဘယ်လိုအချက်တွေအရ သိနိုင်ပါသလဲ ဆရာ။
ဖြေ ။ နိုင်ငံခြားမှာဆိုရင် LASIK လုပ်တဲ့သူကို LASIK Surgeon လို့ခေါ်ပါတယ်။ အဲ့ဒီဆရာဝန်က Corneal Fellowship (one year) Certificate ရှိရပါတယ်။ Lasik Certificate ရှိရပါတယ်။ ဒီသင်တန်းဆင်း လက်မှတ်နှစ်ခု ပိုင်ဆိုင်မှသာ လေဆာသုံးပြီး မျက်လုံးပါဝါကျအောင် ပြုလုပ်သင့်တယ်လို့ တစ်ကမ္ဘာလုံးက လက်ခံထားကြပါတယ်။

မေး ။ မျက်စိဆရာဝန်ရဲ့ ကျွမ်းကျင်မှုက ဘာကြောင့် အရေးပါရပါသလဲ ဆရာ။
ဖြေ ။

မျက်စိပါဝါကျအောင် လုပ်တာက မမြင်လို့ လုပ်တာမဟုတ်ပါဘူး။ မျက်မှန်တပ်ရတာ ရှုပ်လို့၊ လှချင်လို့ ဒါမှမဟုတ် အလုပ်အကိုင်တချို့က မျက်မှန်ပါရင် လက်မခံလို့လုပ်ကြတာပါ။ ဒါကို Luxuary Surgery လို့ခေါ်ပါတယ်။ ဒါက ခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် မခွဲစိတ်ခင်မှာတွေ့ဆုံဆွေးနွေးဖို့ အရေးကြီးပါတယ်

။ ဒီလိုတွေ့ဆုံဆွေးနွေးနိုင်ဖို့ကလည်း မျက်စိဆရာဝန်က မျက်ကြည်လွှာ (Cornea) အကြောင်း ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ ရှင်းပြရရင် ဆရာကအနုတ်ပါဝါ ၄ အဝေးမျက်မှန် တပ်ရပေမယ့် အနီးကို မျက်မှန်မပါဘဲ ကောင်းကောင်းမြင်ရတယ်။ ပါဝါသုညဖြစ်သွားရင် အနီးမျက်မှန်တပ်ရတော့မယ်။ ဒါကို ရှင်းပြမထားရင် လူနာအနေနဲ့ လေဆာနဲ့ဖျောက်လိုက်လို့ အနီးရော အဝေးရောမြင်မယ် လို့ထင်ပြီးလုပ်ပြီးမှ ထင်သလိုဖြစ်မလာရင် မကောင်းပါဘူး။ လူနာရဲ့လိုချင်တဲ့ ပါဝါ (Target Power) က ဘယ်လောက်လဲဆိုတာ လူနာရဲ့ လိုအပ်ချက်နဲ့ အလုပ်အကိုင်ပေါ်မူတည်ပြီး တွေ့ဆုံဆွေးနွေးပြီးမှ ပြုလုပ်သင့်ပါတယ်။
နောက်တစ်ချက်အနေနဲ့ မျက်စိပါဝါကျအောင် လေဆာနဲ့လုပ်တဲ့အခါ မျက်ကြည်လွှာရဲ့ Nerves တွေ ထိခိုက်မှုရှိနိုင်တဲ့အတွက် မျက်ရည်မထွက်ဘဲ ခြောက်သွေ့မျက်စိ (Dry Eye) ဖြစ်သွားနိုင်တယ်။ နေရောင်စူးတာကို မကြည်နိုင်တော့ဘူး။ လေဆာနဲ့ ကုလိုက်လို့ နောက်ဆက်တွဲပြဿနာကို ခံစားရမလား၊ မခံစားရဘူးလားဆိုတာမသိနိုင်ဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိကြောင်း ရှင်းပြထားသင့်ပါတယ်။

မေး ။ လေဆာနဲ့ ပါဝါကျအောင်လုပ်ပြီး နောက်ဆက်တွဲပြဿနာက ကျွမ်းကျင်မှုပေါ်မှာကော မူတည်ပါသလား ဆရာ။
ဖြေ ။ မူတည်နေပါတယ်။ ဆရာဝန်ရဲ့ ကျွမ်းကျင်မှုက အထူးလိုအပ်ပါတယ်။ အဲ့ဒီလို အချက်တွေကို မလိုက် နာတဲ့အတွက် Dry Eye ဖြစ်ပြီး ဆရာတို့ဆီကို ရောက်လာတဲ့ လူနာတွေအများကြီးပဲ။

မေး ။ မျက်စိပါဝါကျအောင် လေဆာနဲ့ ပြုပြင်ရာမှာ တတိယအပိုင်းအနေနဲ့ကကော ဘာကိုသတိထားဖို့ လို အပ်ပါသလဲ ဆရာ။
ဖြေ ။ တတိယပိုင်းကတော့ ပြုလုပ်တဲ့စက်ရဲ့ အပိုင်း ဖြစ်ပါတယ်။ စက်မှာ Excimer နဲ့ Femtosecond ဆိုပြီး နှစ်မျိုးရှိပါတယ်။ Excimer က Limitation ရှိတဲ့အတွက် အဲ့ဒါကို ကျော်လွှားနိုင်ဖို့ နောက်ဆုံးပေါ်အမျိုးအစား Femtosecond ဆိုပြီးပေါ်လာတာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top