Healthy Life Ad
Life Style

မှန်ပြောင်းနဲ့ ချောင်းကြည့်နေတယ် …

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

နွေးခင်ခင် ၁၀တန်းကျတယ်။ ၁၀တန်းကျလို့ စိတ်ညစ်တာထက် အမေနဲ့အဖေက ဆူနေတော့ ပိုစိတ်ညစ်ရတယ်။ တစ်ယောက်တစ်ခွန်း အပြစ်ပြောနေတဲ့ အမေနဲ့အဖေကို မအော်စဖူးအော်ဟစ်မိတယ်။ မိဘတွေကလည်း သူတို့ကို ပြန်အော်ရပါ့မလားဆူလေ၊ နွေးခင်ခင်စိတ်ညစ်လေ။ ဒါနဲ့ ဒီအိမ်နဲ့ဝေးရာကိုထွက်ပြေးဖို့ဆုံးဖြတ်ပြီး အပြင်ကိုလျှောက်ထွက်သွားခဲ့တယ်။

ညမှောင်တဲ့အထိ ခြေဦးတည့်ရာလျှောက်သွားနေတဲ့ နွေးခင်ခင်ပုံစံက စိတ်ဓာတ်ကျပြီး စိတ်အညစ်ကြီးညစ်နေတဲ့ ပုံ . . ကံကောင်းချင်တော့ လူကြီးလူကောင်း ဦးလေးကြီးတစ်ယောက်က နွေးခင်ခင်ကို တွေ့သွားခဲ့တယ်။ နွေးခင်ခင်အကြောင်း သိသွားတာနဲ့ ဦးလေးကြီးက နွေးနွေးထွေးထွေးနဲ့ ဆုံးမတယ်။ “ဒီအရွယ်မှာ ဒီလိုလျှောက်မသွားရဘူးသမီး၊ စာပြန်ကြိုးစားရမယ်၊ မိဘတွေက သမီးကိုချစ်လို့၊ တော်စေချင်လို့ ဆုံးမတာပေါ့၊ သမီးကြည့်ရတာကလည်း ဆိုးတဲ့ပုံမျိုးမဟုတ်ပါဘူး။ အိမ်ကိုပြန်သွားပြီး မိဘတွေကို ကောင်းကောင်းမွန်မွန်တောင်းပန်၊ စာကိုဆက်ကြိုးစားပါ သမီး”ဆိုပြီး မိဘတွေဆီကို လိုက်ပို့ပေးခဲ့တယ်။

နွေးခင်ခင်ရဲ့ မိဘတွေနဲ့တွေ့တော့လည်း “ကလေးကို ဂရုစိုက်ဖို့၊ ၁၀တန်းကျချိန်မှာ မဆူဖို့နဲ့ နောက်နှစ်မှာ အောင်မြင်အောင်အားပေးဖို့” ဆိုတဲ့ အကြံပေးစကားတွေကို ဦးလေးကြီးကပြောခဲ့တယ်။ ဒါနဲ့ နွေးခင်ခင်က ဦးလေးကြီးပြောတဲ့ စကားတွေနဲ့ စာကြိုးစားလိုက်တာ ၁၀ တန်းအောင်ခဲ့တယ်။ ဘွဲ့လည်းရသွားခဲ့တယ်။ ဘွဲ့ရပြီးချိန်မှာ မိဘတွေက သူ့ကို စီးပွားရေးလုပ်ငန်းတွေ လုပ်ခိုင်းတော့ နွေးခင်ခင်လက်ထက်မှာ လုပ်ငန်းတွေ ပိုအောင်မြင်လာတယ်။ အဲဒီကနေ လုပ်ငန်းတွေကို တစ်ဆင့်ထက်တစ်ဆင့်ချဲ့ရင်း နယ်ဘက်ကို ရောက်သွားခဲ့တယ်။ နယ်ကို စီးပွားရေးလုပ်ငန်းတိုးချဲ့တော့ မိဘတွေက မလိုက်နိုင်တဲ့အတွက် အစပိုင်းမှာ ကြီးဒေါ်က လိုက်စောင့်ရှောက်ပေးခဲ့ပါတယ်။

နွေးခင်ခင်က ပေါင်းသင်းဆက်ဆံရေးကောင်းတော့ နယ်မှာ အိမ်နီးနားချင်း အမျိုးသမီးကြီးငယ်တွေနဲ့ ပေါင်းဖော်ခင်မင်သွားပြီး သူ့ဆီအလည်သွားလိုက်၊ ကိုယ့်ဆီလာလည်လိုက်နဲ့ စည်ကားနေခဲ့တယ်။ ကြီးဒေါ် ရန်ကုန်ပြန်တဲ့အချိန်မှာ သူတစ်ယောက်တည်း ပျင်းနေခဲ့တယ်။ အဲဒီမှာ လာလည်တဲ့ အမျိုးသမီးတွေထဲကတစ်ယောက်က “အစ်မ ကြည့်ရတာ အရမ်းပျင်းနေပုံပဲ၊ မပျင်းပါနဲ့၊ ကျွန်မတို့နဲ့ အတူနေတာပဲ . .ပျော်ပျော်နေစမ်းပါ . . ဒါလေးသုံးရင် သုံးကြည့်ပါလား”ဆိုပြီး ပန်းရောင်ဆေးပြားလေးတွေကို စမ်းသုံးဖို့ပေးခဲ့တယ်။

သူလည်း ပျင်းပျင်းရှိတာနဲ့ ပန်းရောင်ဆေးပြားကို စသုံးကတည်းက ငါးပြားလောက်သုံးမိသွားတယ်။ ဆေးပြားတွေ စသုံးကတည်းက အတွေးတွေ လွင့်မျောနေခဲ့တယ်။ စိတ်ထဲမှာ ကြည်နူးလာတယ်၊ ပျော်လာတယ်၊ ခွန်အားတွေ တိုးလာသလို ခံစားမိတယ်။ တဖြည်းဖြည်းနဲ့ ပျင်းပျင်းရှိတိုင်း အဲဒီဆေးပြားတွေကို သုံးလာတာ တခြားသူတွေ သုံးတာထက် ပမာဏကများများလာခဲ့တယ်။ စီးပွားရေး အဆင်ပြေနေချိန်မှာ . . .

သူလည်းပျင်းပျင်းရှိတာနဲ့ ပန်းရောင်ဆေးပြားကို စသုံးကတည်းက ငါးပြားလောက်သုံးမိသွားတယ်။ ဆေးပြားတွေ စသုံးကတည်းက အတွေးတွေ လွင့်မျောနေခဲ့တယ်။ စိတ်ထဲမှာ ကြည်နူးလာတယ်၊ ပျော်လာတယ်၊ ခွန်အားတွေ တိုးလာသလို ခံစားမိတယ်။တဖြည်းဖြည်းနဲ့ ပျင်းပျင်းရှိတိုင်း အဲဒီဆေးပြားတွေကို သုံးလာတာ တခြားသူတွေ သုံးတာထက် ပမာဏက များများလာခဲ့တယ်။ စီးပွားရေး အဆင်ပြေနေချိန်မှာ အလုပ်သမားတွေနဲ့ လွှဲထားပြီး သူက ဆေးပြားလေးတွေသုံးတာကို နေ့ရောညပါ စွဲလမ်းလာခဲ့တယ်။ အလုပ်သမားတွေနဲ့ လွှဲထားပေမယ့် စီးပွားရေးလုပ်ငန်းက သူနေ့စဉ် ဆေးပြားလေးတွေ သုံးနိုင်လောက်အောင် ရနေတဲ့အတွက် သူကလည်း ဆက်သုံးစွဲနေခဲ့တယ်။ နောက်ပိုင်း အလွန်အကျွံသုံးစွဲမိရာကနေ သံသယစိတ်တွေဝင်လာခဲ့တယ်။

သူ့ကို စောင့်ကြည့်နေတဲ့သူတွေရှိတယ်၊ မကောင်းကြံတဲ့ သူတွေရှိတယ်လို့ ထင်လာတယ်။ နားထဲမှာလည်း အသံတွေ ကြားလာတဲ့အပြင် တစ်ယောက်ယောက်က စိုက်ကြည့်နေတယ်လို့ ခံစားနေရတယ်။ ကြီးဒေါ် ပြန်ရောက်လာချိန်မှာ နွေးခင်ခင်ရဲ့ပုံစံက တမူထူးခြားနေပြီး အစာလည်းကောင်းကောင်းမစား၊ ညဘက်လည်း ကောင်းကောင်းမအိပ်၊ အရင်က ခပ်အေးအေးနေတတ်တဲ့ နွေးခင်ခင်က အူမြူးနေတာလိုလို၊ အကြောင်းမဲ့ အရမ်းသွက်နေတာကို သိသွားတဲ့အခါ ရန်ကုန်က မိသားစုဆရာဝန်နဲ့ပြဖို့ ပြန်ခေါ်လာခဲ့တယ်။

မိသားစုဆရာဝန်က နွေးခင်ခင်ကို အတော်လေး ပိန်သွားတယ်ဆိုတဲ့အကြောင်းပြောရင်း ညည ကောင်းကောင်းအိပ်ပျော်ရဲ့လား၊ အစားအသောက်ရော စားဝင်ရဲ့လား စသဖြင့် အစပျိုးရင်း ရောဂါရာဇဝင်တွေ အပြည့်အစုံမေးပြီးတဲ့အခါမှာ စိတ်ကျန်းမာရေးဆရာဝန်ကြီးနဲ့ ပြသင့်တယ်ဆိုပြီး ဆရာ့ဆီကို လွှတ်လိုက်ပါတယ်။ “တစ်ခါတစ်ခါမှာ တစ်ယောက်ယောက်က ကျွန်မကိုစိုက်ကြည့်နေတယ်လို့ထင်တယ်။ ပြီးတော့ ကျွန်မကို နှောင့်ယှက်နေတဲ့သူတွေ၊ မနာလိုတဲ့သူတွေရှိတယ်လို့လည်း ခံစားရတယ်။ တစ်ခါတစ်ခါကျရင် ကျွန်မနေတဲ့အခန်းကို တစ်ယောက်ယောက်က အဝေးကနေ မှန်ပြောင်းနဲ့ ချောင်းကြည့်နေတယ်လို့ ခံစားရတယ်။

တစ်ရက်လာလည်း အဲဒီလိုခံစားရလိုက်၊ နေရတာ မလုံခြုံသလိုဖြစ်လိုက်၊ နောက်တစ်ရက်ကျတော့လည်း အဲဒီလို ချောင်းကြည့်နေတယ်လို့ ခံစားရလိုက်နဲ့ ညဘက်တွေမှာကောင်းကောင်း အိပ်မပျော်တော့ဘူး၊ ကျွန်မ အစားလည်း မစားချင်ဘူး၊ မစားဘဲ ဗိုက်ပြည့်နေသလို ခံစားရတယ်။ အဲဒီအတွက် အစားကလည်း အတော်လေးနည်းသွားသလို ခံစားရတယ်။ အဲဒီကနေ လူတွေနဲ့ပေါင်းသင်းရတာ တောင်တော်တော်လေး ခက်လာတယ်” လို့ နွေးခင်ခင်က သူဖြစ်နေတဲ့ ခံစားချက်တွေကို ပြောပြခဲ့သလို ဆေးဝါးသုံးစွဲဖြစ်ခဲ့ပုံအကြောင်းတွေကိုပါ ပြောပြခဲ့ပါတယ်။

ဆရာက သူ့ရောဂါရာဇဝင်ကို သေသေချာချာ မေးမြန်းနားထောင်ကြည့်ရင်း သူရဲ့ရောဂါလက္ခဏာတွေက ဆေးသုံးစွဲမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ပေါ်ပေါက်လာတဲ့ လက္ခဏာတွေဖြစ်တယ်ဆိုတာ သိရပါတယ်။ ဒါတွေ ပပျောက်သွားဖို့အတွက် လက်ရှိသုံးစွဲနေတဲ့ ဆေးဝါးတွေကို လုံးဝဖြတ်ပစ်လိုက်ဖို့နဲ့ ဆေးရုံတက်ပြီး ဆေးကုသမှုကို စနစ်တကျခံယူဖို့ ပြောပြရပါတယ်။ အဲဒီအခါ ကြီးဒေါ်ဖြစ်သူရော နွေးခင်ခင်ကပါ “ဆရာ အကောင်းဆုံးသာ ကုပေးပါဆရာ၊ ဆေးရုံတက်ဆိုလည်း အခုပဲတက်ပါတော့မယ်”လို့ ဖြေပါတယ်။ ဒါနဲ့ လိုအပ်တဲ့ ဆေးကုသမှုတွေကို စနစ်တကျနဲ့ အကောင်းဆုံးပေးလိုက်ရပါတော့တယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top