Healthy Life Ad
Life Style

ဘဝပျော်ရွှင်မှုနှင့် သိမှတ်ဖွယ်ရာ(၂)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)

၂၀-၇-၂၀၁၇ ရက်နေ့က သူနာပြုတက္ကသိုလ် (ရန်ကုန်)မှာ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ ဟောပြောပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဟောပြောပွဲပြီးချိန်မှာ မေးမြန်းချက်တချို့ရဲ့ အဖြေတွေကို စာဖတ်ပရိသတ်တွေအတွက် ပြန်လည် မျှဝေလိုက်ရပါတယ်။
အယ်ဒီတာ

မြုပ်နေတဲ့ ဗီဇလား၊ ဝါသနာလား . . .

မေး ။ အရင်ကတော့ ဆရာဝန် ဒါမှမဟုတ် စစ်သူနာပြု ဖြစ်ချင်ခဲ့တာ ရိုးရိုးသူနာပြု မလုပ်ချင်ခဲ့ဘူး။ မဖြစ်ခဲ့ဘူး။ သူနာပြုတက္ကသိုလ်တက်ပြီးတော့ ဝါသနာပါသွားတယ်။ ဒါက မြုပ်နေတဲ့ ဗီဇလား၊ ဝါသနာလား။

ဖြေ ။ ဖြစ်တတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ ဖြစ်ချင်တာတွေ ရှိခဲ့မှာပဲ။ တစ်ခါတလေ မရခဲ့ဘူး။ ဘဝမှာ ကိုယ်လိုချင်တဲ့ အရာအားလုံး ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ အရေးကြီးတာက ကိုယ်ရရှိလာတဲ့ဘဝ၊ ကိုယ်တကယ်လုပ်နေရတဲ့ အလုပ်အကိုင်ကို ချစ်မြတ်နိုးဖို့ပါပဲ။ ဒီဆရာမလေး မေးထားတာက ဗီဇလား၊ ဝါသနာလားတဲ့။ ဝါသနာဆိုတာ ဘာကိုပြောတာလဲ . . မွေးကတည်းက ဒီအလုပ်တစ်ခုကို လုပ်ချင်တယ်ဆိုတာမျိုးလား . . အဲလို မရှိနိုင်ပါဘူး။ အလုပ်တစ်ခုကို လုပ်ရင်းလုပ်ရင်းနဲ့ ချစ်မြတ်နိုးလာတာ၊ ဒီအလုပ်ကို လုပ်ရတာကိုတန်ဖိုးထားနေတာ.. တစ်ခါတလေကျရင် တိမ်မြုပ်နေတဲ့ ဝါသနာက အလုပ်တစ်ခုကို လုပ်ရင်းလုပ်ရင်းနဲ့မှ မမျှော်လင့်ဘဲ သဘောကျ ချစ်မြတ်နိုးလာတာ ရှိပါတယ်။

အရေးကြီးတာက ဘာလဲဆိုတော့ ကိုယ်လုပ်တဲ့ အလုပ်ကို ကိုယ်ရဲ့ နှလုံးသား၊ စိတ်ထားနှစ်လုပ်လိုက်ပြီး အောင်မြင်မှု၊ ပျော်ရွှင်မှုတွေ ရရှိတယ်ဆိုတာ တွေ့ရှိသွားတဲ့နေ့က ဘဝမှာ တန်ဖိုးရှိပြီးအောင်မြင်တဲ့ လူတစ်ယောက် ဖြစ်သွားတာပါပဲ။

ဘဝမှာ ပျော်ရွှင်ဖို့ကအရေးကြီးတာ၊ စိတ်ချမ်းသာဖို့က အရေးကြီးတာ။ ဘယ်ဟာကို လုပ်ရမှ ပျော်ရွှင်တယ်ဆိုတာ မရှိပါဘူး။ တစ်ခါတလေ ကိုယ်ဟာ နိမ့်နေတယ်လို့ အောက်မေ့မိတတ်တယ်။ ဥပမာ ဆရာအင်္ဂလန်မှာ ကျောင်းဆက်တက်တုန်းက ဆရာတို့နိုင်ငံ ဖွံ့ဖြိုးမှု နောက်ကျတယ်။ အခုမှ နည်းနည်းလေး တော်လာသေးတယ်။ အဲဒီတုန်းက လျှပ်စစ်မီးက မရှိ၊ မီးကမလာ၊ လူတွေကလည်း ဆင်းရဲ . . အင်္ဂလန်ရောက်သွားတော့ အင်္ဂလိပ်လူမျိုးတွေက အရမ်းကံကောင်းတာပဲ။ ဘာမှ လိုလေသေးမရှိ၊ နေမကောင်းဖြစ်လာရင် ဆေးရုံသွားလိုက် . .ဘာမှ မလိုဘူး၊ အကုန်အလကားပဲ၊ ဘာမှ ယူသွားစရာ မလိုဘူး။ ဆေးရုံက အဝတ်အစားတွေပေးတယ်၊ ဘာစားချင်သလဲ . . မနက်စာ၊ နေ့လယ်စာ၊ ညစာ . . ကိုယ်မစားချင်ရင် ငြင်းလို့ရတယ်။ ဆေးဝါးကအခမဲ့ . .သူနာပြု ဆရာမ၊ ဆရာဝန် အော်ငေါက်တာမရှိဘူး။ အင်္ဂလန်လူမျိုး တွေက သိပ်ကို ကံကောင်းတယ်လို့ တွေးမိတယ်။

တစ်ရက်ကျတော့ ဆေးရုံနားလျှောက်သွားရင်း အဆောက်အဦအကြီးကြီးတစ်ခုခုကို ဆရာ သွားတွေ့တယ်။ ဆရာလျှောက်ကြည့်ရင်းကြည့်ရင်း ကြီးမားလှတဲ့ ဒီအဆောက်အဦးက ဘာကြီးလဲ မသိဘူးဆိုပြီး သွားကြည့်လိုက်တော့ စိတ်ကျန်းမာရေးဆေးရုံ ဖြစ်နေတယ်။ အဲဒီဆေးရုံကြီးက ရန်ကုန်ဆေးရုံထက်ကို ပိုကြီးသေးတယ်။ အဲဒီမှာ ဆရာအံ့သြသွားတယ်။ အင်္ဂလိပ်လူမျိုးတွေ ဘာတစ်ခုမှ လိုလေသေးမရှိဘူး၊ ဘာကြောင့် ဒီဆေးရုံ ဒီလောက်ကြီးနေပါလိမ့် . . တကယ်တော့ ပစ္စည်းဥစ္စာတွေကြွယ်ဝချမ်းသာနေတိုင်း လူတွေ စိတ်ချမ်းသာနေမယ်လို့ တွေးလိုက်ရင် မှားသွားပါလိမ့်မယ်။ လိုလေးသေးမရှိ ကြွယ်ဝတိုင်း ပျော်ရွှင်လိမ့်မယ်လို့ ထင်ရင်လည်း မှားပါလိမ့်မယ်။စိတ်ချမ်းသာအောင် နေတတ်တာက ငွေကြေး ချမ်းသာကြွယ်ဝတာနဲ့ မတူပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top