Healthy Life Ad
Life Style

သမီးငိုချင်သလို..ရယ်ချင်သလို ဖြစ်တယ် ဆရာ

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော်(ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

ခင်ပွန်းသည်နဲ့အတူ ဆရာ့ဆေးခန်းထဲ ဝင်လာတဲ့ အသက် ၅၉ နှစ်အရွယ် ဒေါ်မိမိက ဆေးခန်းထဲ ဝင်ဝင်ချင်း ပြောပါတော့တယ်။
“သမီးက ဘာပြောရမှာလဲ . . သမီးက အိပ်မပျော်တာပါ ဆရာ၊ ပြီးတော့ ငိုချင်သလို . . ရယ်ချင်သလို ဖြစ်တယ် ဆရာ”
တစ်ဆက်တည်းမှာပဲ သူက “သမီးလို့ ပြောရမှာလား”လို့ ပြန်မေးတာနဲ့ -“ကြိုက်သလို ပြောပါ”လို့ ဆရာက ပြောတော့ “သမီးလို့တော့ ပြောလို့ မဖြစ်ဘူးထင်တယ်၊ အန်တီလို့ ပြောရမယ်ထင်တယ်”ဆိုပြီး ပြောပြန်ပါတယ်။ “ရပါတယ်။ အန်တီလို့ ပြောချင်လည်း ပြောပါ၊ ကြိုက်သလို ပြောနိုင်ပါတယ်”လို့ ဆရာက ပြောတော့- “အန်တီတော့ မဟုတ်ဘူး၊ အဘွားလို့ ပြောရမယ်ထင်တယ်။ ဆံပင်တွေတောင် ဖြူနေပြီ”ဆိုပြီး ရယ်ပါတယ်။
ဒေါ်မိမိက တစ်ခေါင်းလုံး ဆံပင်တွေဖြူနေပေမယ့် ဆံပင်ပုံစံက အသက် ၂၀-၃၀ အရွယ်တွေလို ခေတ်ဆန်ဆန် ဆံပင်တိုနဲ့ . . မျက်နှာကိုလည်း မိတ်ကပ်ပြင်ထားပါတယ်။
_ _ _

“မကောင်းပါဘူး ဆရာရယ်၊ သမီးလို့လည်း မပြောချင်ဘူး၊ အန်တီလို့လည်း မပြောတော့ပါဘူး၊ အဘွားလို့ပဲပြောပါတော့မယ်”လို့ အစချီပြီး သူဖြစ်နေတာတွေကို ဆက်ပြောပါတယ်။“အဘွား အိပ်မပျော်တာ တစ်ပတ်လောက်ရှိပြီ၊ အစားအသောက်တွေကို မစားချင်မသောက်ချင် ဖြစ်နေတာ သုံးရက်ကျော်ပြီ”
“ဒါတွေ အပြင် ဘာတွေ ဖြစ်သေးသလဲ ပြောပါဦး”လို့ ဆရာက မေးလိုက်တော့ ဒေါ်မိမိက ရုတ်တရက်ကြီး ငိုချလိုက်ပါတယ်။ အေးအေးဆေးဆေး ပြောနေရာကနေ ရုတ်တရက်ကြီး အော်ငိုချလိုက်တော့ ဆေးခန်းထဲက သူနာပြုဆရာမလေး နှစ်ယောက်တောင် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်သွားပါတော့တယ်။

“ငိုပါ. . ငိုပါ . . ကြိုက်သလိုငိုပါ . .ဒါပေမဲ့ဘာလို့ ငိုတာလဲဆိုတာလည်း ပြောပြပါဦး”လို့ ဆရာက မေးလိုက်တော့ သူက ရှိုက်ရှိုက်ပြီး ဖြေပါတယ်။
“ယောင်းမကို စိတ်နာလို့ပါ ဆရာ၊ ယောင်းမက အဘွားအပေါ် မကောင်းဘူး ဆရာ၊ ယောင်းမနဲ့ မတည့်ဘူး။ သူက ပညာတတ်ဆိုတော့ ပညာပြတယ်၊ ရင့်သီးတယ် . .အဘွားကို အိမ်မှာ မထားချင်ဘူး၊ အဘွားကို အိမ်က နှင်ချချင်တယ်၊ ယောင်းမက စိတ်ထား မကောင်းဘူး ဆရာ . . ဘိုးဘွားအမွေတွေကိုလည်း သူတစ်ယောက်တည်း အကုန်ယူချင်တာ၊ အဘွားကို မပေးချင်လို့ “ သူက ငိုရင်း ပြောတော့ သူနာပြုဆရာမလေးတွေက တစ်သျှူးတွေပေး၊ ရေခွက် ကမ်းပေးတယ်။

သူက မျက်ရည်သုတ်၊ ရေသောက်ပြီးတဲ့အချိန်မှာ မငိုတော့ဘဲ ရယ်ချလိုက်ပါတော့တယ်။
“အခုကော ဘာလို့ ရယ်တာလဲ ပြောပြပါဦး”ဆိုတော့-
“သဘောကျလို့ ရယ်တာပါ ဆရာရယ်၊ ဘာပြောရမလဲဆိုတာတော့ ဆရာမေးလေ၊ ဆရာမေးရင် အဘွား ဖြေမှာပေါ့ . .”လို့ ဒေါ်မိမိက ပြန်ဖြေပါတယ်။
ဒီအချိန်မှာ သူ့ခင်ပွန်းဖြစ်သူက ဝင်ပြောပါတယ်။
“သူက အရင်တုန်းက ရင်သားကင်ဆာ ဖြစ်ဖူးပါတယ် ဆရာ။ ရင်သားကင်ဆာဖြစ်တဲ့ ရင်သားတစ်ဖက်ကို ဖြတ်ထုတ်ထားတယ်။ ကင်ဆာဆေးသွင်းတာ၊ ဓာတ်ရောင်ခြည်ပေးတာ စတဲ့ လိုအပ်တဲ့ ကုသမှုတွေလည်း လုပ်ထားပါတယ်။ ဆေးငါးနှစ် ဆက်သောက်ရမယ်ဆိုလို့လည်း သောက်နေပါတယ် . .
အခုတလော အိမ်မှာ ဖြစ်နေတာက သူ့ဘေးနားက လူတွေကို စကားတွေ တတွတ်တွတ်နဲ့ ပြောနေတတ်တယ်။ နားမထောင်ရင် စိတ်တွေတိုတယ်။ အော်ဟစ်သောင်းကျန်းတတ်တယ်။ ပြီးရင် သူသွားချင်တဲ့ နေရာတွေကို စွတ်ခနဲ စွတ်ခနဲ ထွက်သွားတတ်တယ်။ ဘယ်လိုမှ ပြောလို့မရလို့ အတင်းလိုက် ဆွဲရပါတယ်။ တစ်ခါတလေ ပျောက်သွားလို့လိုက်ရှာရတာလည်းရှိတယ် ဆရာ. .ပြီးတော့ ညည ကောင်းကောင်း မအိပ်တာလည်း ကြာနေပြီ၊ အခုတလော အစာလည်း ကောင်းကောင်း မစားဘူးဆရာ”လို့ ဖြေပါတယ်။

“တခြား ဘာတွေဖြစ်သေးသလဲ ပြောပါဦး” လို့ ထပ်မေးလိုက်တော့ ခင်ပွန်းဖြစ်သူက လွန်ခဲ့တဲ့ နှစ် ၃၀လောက်ကတော့ စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးစစ်တာ၊ ဆေးကုတာ လုပ်ဖူးကြောင်း၊ အဲဒီတုန်းက စိတ်ကြွ၊ စိတ်ကျရောဂါဖြစ်လို့ ဓာတ်နှိပ်တဲ့ ကုထုံးတောင် ခံယူခဲ့ရဖူးကြောင်း ပြောပြပါတော့တယ်။

“ရောဂါပျောက်နေတာ ကြာပြီဆရာ၊ အခုမှ ကင်ဆာဖြစ်လို့ ဆေးတွေကုပြီး နောက်ပိုင်းကျမှ အရင်ဖြစ်ဖူးတဲ့ ငိုတစ်လှည့်-ရယ်တစ်လှည့် ဝေဒနာက ပြန်ပေါ်လာပြီး အိမ်မှာ တစ်နေ့တစ်နေ့ ငိုလိုက်၊ ရယ်လိုက်နဲ့ ဘယ်လိုမှ ထိန်းမနိုင်၊ သိမ်းမရဖြစ်နေလို့ အခု ဆရာ့ဆီလာပြရတာပါလို့ ဖြေပါတယ်။”

ဒေါ်မိမိဖြစ်နေတာက စိတ်ကြွ-စိတ်ကျရောဂါ လက္ခဏာတွေ အပြည့် ရှိနေပါတယ်။ ဒါနဲ့ ဒေါ်မိမိကို သွေး၊ ဆီး၊ ဝမ်း စတဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးပြီး အခုလောလောဆယ် သက်သာစေမယ့် လိုအပ်တဲ့ ဆေးဝါးတွေကို ပေးထားရပါတယ်။ ဒါပေမဲ့ ရုတ်တရက် ရယ်လိုက်၊ ငိုလိုက်နဲ့ စိတ်ခံစားချက်က အပြောင်းအလဲမြန်လွန်းတာက ပုံမမှန် ဖြစ်လွန်းတဲ့အတွက် တခြားဘာချို့ယွင်းချက်တွေ ရှိသေးသလဲဆိုတာ အတိအကျ သိစေဖို့ ဦးနှောက်လှိုင်းစစ်ဆေးခြင်းနဲ့ ဦးနှောက်ပုံရိပ်ဖော် စစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်ပေးဖို့ စီစဉ်ထားရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top