Healthy Life Ad
Health Tips

ညအိပ်ရာမဝင်မီ ဖုန်းသုံးသည့် အပြုအမူကို ဆင်ခြင်သင့်

၊ ငွေကြယ်စင်ယံ ၊

ညဘက် အိပ်ရာထဲမှာ Candy Crush ဂိမ်းကစားတာက အန္တရာယ်မရှိဘူးလို့ ထင်ရင် ပြန်စဉ်းစားသင့်နေပါပြီ။ လူအများစုက ညဘက် အိပ်ရာမဝင်ခင် ဖေ့စ်ဘွတ်ခ်သုံးလိုက်၊ Candy Crush ဂိမ်းလေး ကစားလိုက်နဲ့ ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့ရက်တွေ များနေတာကို သတိမပြုမိဘဲ ဖြစ်နေတတ်ပါတယ်။နော်ဝေမှာ အသက် ၁၆နှစ်မှ ၁၉ နှစ်အတွင်း ဆယ်ကျော်သက် တစ်သောင်းနီးပါးကို လေ့လာခဲ့တဲ့အခါ အိပ်ရာမဝင်ခင် ဖုန်းသုံးချိန် ကြာသူတွေက အိပ်ရေးမဝတဲ့ ပြဿနာ ခံစားရနှုန်းမြင့်တက်နေတယ်လို့ သိရပါတယ်။

“ဆယ်ကျော်သက်အားလုံးနီးပါးဟာ အိပ်ရာဝင်ခါနီး နောက်ဆုံးနာရီပိုင်းအတွင်းမှာ လျှပ်စစ်ပစ္စည်း (ဥပမာဖုန်း၊ iPad) သုံးလေ့ရှိပါတယ်။ ဒါတွေကို အချိန်ကြာကြာ သုံးလေလေ အိပ်ရေးပျက်နှုန်းများလေလေ ဖြစ်တာကိုလည်း တွေ့ရပါတယ်”ဟု လေ့လာသူတွေက ဆိုပါတယ်။
အရင်လေ့လာမှုအရ ဖုန်းကထွက်တဲ့ အပြာရောင်အလင်းတန်းက ဦးနှောက်ကို လှုံ့ဆော်တဲ့အတွက် အိပ်ရာထဲမှာ လူးလှိမ့်တာကို ဖြစ်စေတယ်လို့သိရပါတယ်။ ဒါပေမဲ့ အခုလေ့လာမှုအရ ဒါတင်မကဘဲ အိပ်ရာထဲ ဖုန်းသုံးတဲ့အခါ ကိုယ်နေဟန် မမှန်တာကြောင့် ခေါင်းကိုက်တာ၊ ကြွက်သားကိုက်ခဲနာကျင်တာတို့ ဖြစ်စေတာကလည်း နိုးကြားမှုဖြစ်ရတယ်လို့ သိရပါတယ်။

ဒါကြောင့် အိပ်ရာထဲဝင်ပြီး အိပ်မပျော်သေးတဲ့အချိန်မှာ စာအုပ်ဖတ်တာ၊ ဂျာနယ်ဖတ်တာ၊ နွားနို့ပူပူတစ်ခွက်သောက်တာစတဲ့ နည်းတွေကို လုပ်ဆောင်ရင်း ဦးနှောက်လုပ်ငန်းဆောင်တာကို နှေးကွေးအောင်ထားပါ။ ဒါက တစ်ညတာ အိပ်ရေးဝ၀အိပ်ပျော်စေမယ့် ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top