Healthy Life Ad
International

တစ်ကိုယ်လုံး မှဲ့များဖုံးအုပ်နေသည့် အသက် ၂၀ အရွယ် မလေးရှားသူလေးက မယ်စကြာဝဠာပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်

၊ မိုးမင်းထွန်း ၊

မလေးရှားနိုင်ငံမှ အသက် ၂၀ အရွယ် အက်ဗစ်တာဒယ်မွန်ဒိုဟာ မျက်နှာနဲ့ခန္ဓာကိုယ်တစ်ပြင်လုံး မှဲ့တွေဖုံးအုပ်နေသလို လည်ပင်းနဲ့ ပခုံးတစ်လျှောက်မှာလည်း မွေးရာပါအမှတ်ကြီး ရှိနေပါတယ်။ငယ်ရွယ်စဉ်က သူ့ရဲ့ပုံပန်းသွင်ပြင်အပေါ် သရဲ၊ ချောကလက်ကွတ်ကီးစသဖြင့် အတန်းဖော်တွေရဲ့ မညှာမတာခေါ်ဝေါ်ခံခဲ့ရပါတယ်။ ကလေးတစ်ယောက်အတွက် ဒီလိုအနိုင်ကျင့်ခံရတာတွေက အတော်ခါးသီးခဲ့တာကြောင့် ပုံမှန်အားဖြင့် သူဟာတစ်ကိုယ်တည်း နေထိုင်တတ်သူဖြစ်လာခဲ့ပါတယ်။

အရွယ်ရောက်လာချိန်မှာ မှဲ့တွေဖယ်ရှားဖို့စိတ်ကူးသေးပေမယ့် ဆရာဝန်တွေက ခွဲစိတ်တာက အန္တရာယ်ရှိနိုင်ကြောင်း သတိပေးခဲ့တာကြောင့် ပုံမှန်အတိုင်းလက်ခံဖို့ ကြိုးစားခဲ့ရပါတယ်။ အဆိုနဲ့ဂစ်တာတီးသင်တန်းတွေတက်ရောက်ခဲ့ပြီး ဒီအလုပ်တွေက စိတ်သက်သောင့်သက်သာဖြစ်အောင်နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် အကူအညီပေးခဲ့တယ်လို့ ပြောပြပါတယ်။

ဒယ်မွန်ဒိုဟာ ကော်ဖီဆိုင်တစ်ခုမှာ အချိန်ပိုင်းအလုပ်လုပ်နေပြီး ဇွန်လ ၁၇ရက်နေ့က မလေးရှားကိုယ်စားပြု မယ်စကြာဝဠာရွေးချယ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်တက်နိုင်မလားဆိုတာ ရလဒ်ထွက်လာမှသိရမှာဖြစ်ပေမယ့် နောက်တစ်ဆင့်တက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ သူကတော့ အလားတူအလှမယ်ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်နေဦးမယ်လို့ ပြောပြခဲ့ပါတယ်။

မွေးရာပါအမှတ်တွေ၊ မှဲ့တွေနဲ့ဘဝကို လက်ခံနိုင်ပြီဖြစ်ပြီး သူ့ရဲ့ထူးခြားတဲ့သွင်ပြင်အပေါ် ယုံကြည်မှုရှိနေတာကြောင့် တစ်နေရာမှာမအောင်မြင်သေးရင် နောက်တစ်နေရာမှာ အောင်မြင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း အယ်မွန်ဒိုက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top