Healthy Life Ad
Q & A

ကားစီးတာများရင် တင်ပဆုံနဲ့ ခါးနာတယ် . . .

မေး ။ နယ်တွေကို ခရီးထွက်ရတဲ့အခါ ခရီးဝေးတွေ ဆိုရင် ကားစီးရတာများတဲ့အတွက် တင်ပဆုံနဲ့ခါးရိုးတွေ ကိုက်လာတတ်ပါတယ်။ တော်ရုံနဲ့လည်းမပျောက်ပါဘူး။ ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။ အသက်က ၃၀နှစ်ပါ။ အတက်စာတွေ ဥပမာ ငါးသလောက်လို အစာတွေ စားပြီးရင် အရမ်းအကြောတက်ပါတယ်။ ဒီအရွယ်မှာ အကြောတက်တာဖြစ်နိုင်ပါသလား ဆရာ။
နွယ်နီ(Fb)

ပါမောက္ခဦးနေဝင်း(အရိုးအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ခရီးသွားရင်း တင်ပဆုံနဲ့ ခါးရိုးကိုက်တယ်ဆိုတာက ထိုင်တာကြာလို့ ဖြစ်တာပါ။ ထိုင်တာ ကြာရင် ခါးရိုး၊ တင်ပဆုံရိုးတစ်ဝိုက်က အဆစ်၊ ကြွက်သားနဲ့ အရွတ်တွေပေါ်မှာ Strain(ဒဏ်)သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကားအကြာကြီးစီးရင် ခါးနာတတ်ပါတယ်။ ကိုယ်သွားတဲ့ ခရီးပေါ်မှာလည်း မူတည်ပါတယ်။ လမ်းမကောင်းလို့ ကားဆောင့်ရင် ခါးကပိုနာတတ်ပါတယ်။ သန်မာတဲ့ အမျိုးသားတွေတောင် ကားစီးရင်း ခါးကျိုးတာကို တွေ့ဖူးပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးအများစုတွေကိုတော့ ကားဆောင့်လို့ ခါးကျိုးတာမျိုးကို မကြာခဏတွေ့ဖူးပါတယ်။ ခရီးရှည်သွားလေလေ၊ ကားစီးရချိန်ပို ကြာလေလေဖြစ်ပြီး ခါးနာနိုင်ခြေပိုများပါတယ်။

အသက် ၃၀နှစ်အရွယ်တွေမှာလည်း ခါးအာရုံကြောညပ်တဲ့ရောဂါ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဟန်အနေအထားမမှန်ရင်၊ အလေးအပင်မရင်၊ ကားကြာကြာ စီးပြီး ခရီးသွားရရင် ခါးနာတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မှာမတူပါဘူး။ တချို့လူတွေက ကိုယ်လက်ကြံ့ခိုင်ရေး ကောင်းနေတော့ ခံနိုင်ရည်ရှိတတ်ပါတယ်။ တချို့လူတွေက တချို့ရောဂါတွေကို ပိုဖြစ်လွယ်တတ်ပါတယ်။ တချို့လူတွေဟာ ခါးပိုနာတတ်တယ်၊ တချို့လူတွေက ခေါင်းပိုကိုက်တတ်ပါတယ်။ လူဆိုတာ မော်တော်ကားနဲ့တူပါတယ်။ မော်တော်ကားမှာ စက်ပိုင်းဆိုင်ရာတွေ အကုန်လုံးကောင်းဖို့လိုပါတယ်။ မီးသီးမရှိရင် ညကားမောင်းလို့မရသလို မိုးရွာလို့ ဝိုက်ပါမရှိရင်လည်း ကားမောင်းလို့မရပါဘူး။ လူမှာလည်း အဲဒီအတိုင်းပါပဲ။ ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေ အကုန်လုံးက သူ့ဟာနဲ့သူ အရေးကြီးနေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်နေရမယ်။ ခန္ဓာကိုယ်ကျန်းမာရေးကို အလေးပေးနေရမယ်။ ဒါကို တချို့လူတွေက မသိကြပါဘူး။ ခါးနာမှာကို မသိဘဲ အလေးအပင်တွေမတာတို့၊ ကုန်းကုန်းကွကွ လုပ်တာတို့လုပ်ကြတယ်။ တကယ်တော့ ခါးက သူ့အတိုင်းအတာနဲ့သူ ရှိပါတယ်။ အလေးအပင်တွေကို မနိုင်ရင် သွားမမပါနဲ့။ ခါးကို ဂရုစိုက်ပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top