Healthy Life Ad
Life Style

ဆီးချိုရောဂါနှင့် အင်ဆူလင်(၁)

ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ ဆီးချိုသွေးချိုရောဂါအကြောင်း သိပါရစေ ဆရာ။
ဖြေ ။ ဆီးချိုသွေးချိုရောဂါဆိုတာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ဟော်မုန်းအထွက် နည်းလို့ ဖြစ်ပါတယ်။ အင်ဆူလင်ဟော်မုန်း က ပန်ကရိယဆိုတဲ့ မုန့်ချိုအိတ်မှာ ရှိတဲ့ B-cell ကထွက်ပါတယ်။ လူတစ်ယောက် ထမင်းစားလိုက်တဲ့အခါ သွေးထဲမှာ သကြားဓာတ်က တက်သွားပါတယ်။ သွေးထဲက သကြားဓာတ်ကို ၂၀ဝ မကျော်အောင်ထိန်းထားရပါတယ်။ ဒီလိုထိန်းဖို့အတွက် ပန်ကရိယမှာရှိတဲ့ B-cell ကထုတ်တဲ့ အင်ဆူလင်က ထိန်းတာဖြစ်ပါတယ်။ အင်ဆူလင်ကသွေးထဲမှာရှိတဲ့ သကြားဓာတ်ကို ဆဲလ်တွေထဲကို တွန်းပို့လိုက်တာ ဖြစ်ပါတယ်။ ဆဲလ်တွေက ဂလူးကို့စ်အနေနဲ့ရပြီး စွမ်းအင်(Energy)အဖြစ် သုံးစွဲပါတယ်။ တကယ်လို့ ဂလူးကို့စ်တွေပိုနေရင် သွေးထဲက ဂလူးကို့စ်ကိုအသည်းထဲတွန်းပို့ပြီး အသည်းထဲမှာ ဂလိုင်ကိုဂျင် (Glycogen)အနေနဲ့ သိမ်းဆည်းထားလိုက်ပါတယ်။

မေး ။ အင်ဆူလင်ရဲ့ လုပ်ငန်းဆောင်တာတွေကို သိပါရစေ ဆရာ။
ဖြေ ။ အင်ဆူလင်ရဲ့ လုပ်ငန်းဆောင်တာက နှစ်ရပ်ရှိပါတယ်။
(၁) သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေကို ဆဲလ်တွေထဲကို တွန်းပို့ပေးတာဖြစ်ပါတယ်။
(၂) ပိုနေတဲ့ သကြားဓာတ်တွေကို အသည်းထဲမှာ ဂလိုင်ကိုဂျင်အနေနဲ့ သိုလှောင်ပေးတာ ဖြစ်ပါတယ်။ လိုအပ်ရင် ဂလိုင်ကိုဂျင်ကပြန်ပျက်ပြီး ဂလူးကို့စ်အဖြစ် အသုံးပြုပေးတာဖြစ်ပါတယ်။ ဒါက အင်ဆူလင် ရဲ့အလုပ်ပါ။
တကယ်လို့များ အင်ဆူလင်က ဖြတ်ချတာတောင် ဂလူးကို့စ်တွေပိုနေရင် ကျောက်ကပ်ကတစ်ဆင့်ဖြတ်ချတာ ဖြစ်ပါတယ်။ အဲဒီအခါ ဆီးထဲမှာ သကြားဓာတ်တွေပါလာပါတယ်။ ဒါကြောင့် သွေးအရင်ချိုပြီးမှ ဆီးချိုတာဖြစ်လို့ သွေးချိုဆီးချိုရောဂါလို့ ခေါ်သင့်ပါတယ်။ ဒါပေမဲ့ အကျင့်ပါနေတဲ့အတိုင်း ဆီးချိုရောဂါလို့ခေါ်နေကြပါတယ်။ ဒါကြောင့် လူတစ်ယောက် ဆီးချိုရောဂါရှိ၊ မရှိ သိချင်ရင် သွေးကို အရင်စစ်ကြည့်ရပါတယ်။ သွေးစစ်ကြည့်လိုက် လို့ အင်ဆူလင်ဟော်မုန်းက အထွက်နည်းနေတာပဲဖြစ်ဖြစ်၊ ထွက်လာတဲ့အင်ဆူလင်က ပုံပန်းသဏ္ဌာန်မမှန် တာပဲဖြစ်ဖြစ် စွမ်းအင်အာနိသင်မရှိပါဘူး။

မေး ။ ဆီးချိုရောဂါမှာ အမျိုးအစား ဘယ်နှမျိုးရှိပါသလဲဆရာ။
ဖြေ ။ ဆီးချိုရောဂါမှာ အမျိုးအစား(၁) ဆီးချိုရောဂါနဲ့ အမျိုးအစား(၂) ဆီးချိုရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။ အမျိုးအစား(၁) ဆီးချိုရောဂါဆိုရင် ပန်ကရိယမှာ B-cell ၉၀ ရာခိုင်နှုန်းမရှိပါဘူး။ ဒါကြောင့် အင်ဆူလင်က ၁၀ လောက်ပဲ ထွက်ပါတော့တယ်။ အဲဒီတော့ ငယ်စဉ်ဘဝကတည်းက အင်ဆူလင်ကို အပြင်ကနေ ပံ့ပိုးပေး ရပါတယ်။ အမျိုးအစား(၁) ဆီးချိုရောဂါဖြစ်တာနဲ့ စဖြစ်ကတည်းက လိုတဲ့ အင်ဆူလင်ကို တစ်သက်လုံး ထိုးရတော့မှာ ဖြစ်ပါတယ်။ ဆီးချိုရောဂါ ၁၀ဝ မှာ ငါးယောက်လောက်ကပဲ အမျိုးအစား(၁) ဆီးချိုရောဂါဖြစ်ပြီး အသက်ငယ်တဲ့သူတွေ အဖြစ်များပါတယ်။

မေး ။ အမျိုးအစား (၂) ဆီးချိုရောဂါမှာ ဘယ်လိုအခြေအနေဆိုရင် အင်ဆူလင်ထိုးရပါသလဲ ဆရာ။
ဖြေ ။ ၁၀ဝ မှာ ၉၅ ယောက်က အမျိုးအစား(၂) ဆီးချို ရောဂါ ဖြစ်ကြတာပါ။ B-cell ၅၀ ရာခိုင်နှုန်း ကျန် သေးတော့ အင်ဆူလင် ၅၀ ထွက်ပါတယ်။ အဲဒီတော့ ဆီးချိုရောဂါ စဖြစ်ခါစမှာ အင်ဆူလင်ဆေးကို ထိုးစရာ မလိုသေးပါဘူး။ ဆေးထိုးစရာမလိုဘဲ သောက်ဆေးတွေ နဲ့ ထိန်းလို့ရပါတယ်။ တစ်နှစ်၊ တစ်နှစ်မှာB-cell က၂ ရာခိုင်နှုန်းလောက် ပျက် . . ပျက်နေတာကြောင့် နှစ်ကြာလာလေလေဲ့ B-cell ပျက်တဲ့ ပမာဏ များလာလေလေ ပါ။ ဆိုပါစို့ ဆီးချိုရောဂါဖြစ်တဲ့ သက်တမ်းက ၁၀ နှစ်ရှိပြီဆိုရင် B-cell က ၂၀ ရာခိုင်နှုန်းလောက် ပျက်ပြီး ၃၀ပဲ ကျန်ပါတော့တယ်။ တကယ်လို့များ ဆီးချိုသမားတွေက ၁၀နှစ်အတွင်း ဆီးချိုကိုနိုင်အောင်မထိန်းဘူးဆိုရင် ဂလူးကို့စ်ပမာဏများပြီး အင်ဆူလင်ကိုပိုပြီး လိုအပ်လာပါတယ်။ အင်ဆူလင်ပိုလိုအပ်လာတော့ B-cell က ပိုပြီး အလုပ်လုပ်လာရပါတယ်။ အဲဒီတော့ B-cell ပျက်စီးနှုန်းက ပိုမြန်လာပါတယ်။ တစ်နှစ်မှာ ၂ရာ ခိုင်နှုန်း ပျက်မယ့်အစား တစ်နှစ်မှာ ၄-၅ ရာခိုင်နှုန်း ပျက်လာပါတယ်။ ၁၀ နှစ်လောက်ကြာတဲ့အခါ B-cell က ကုန်သွားပါတော့တယ်။ သဘောကတော့ ဆီးချိုကိုမထိန်းနိုင်လေလေ၊ B-cell ပျက်တာ မြန်လေလေ၊ အင်ဆူလင်မထွက်လေလေ၊ အင်ဆူလင်ကို မြန်မြန် ထိုးရလေလေပဲ ဖြစ်ပါတယ်။

မေး ။ အမျိုးအစား(၂) ဆီးချိုရောဂါ ရှိသူတွေမှာ ဘယ်အချိန် အင်ဆူလင် စထိုးရတတ်ပါသလဲ ဆရာ။
ဖြေ ။ ဆီးချိုဖြစ်တဲ့ သက်တမ်း ၁၀နှစ်-၁၅နှစ်လောက် ရှိတဲ့သူတွေမှာ သောက်ဆေးတွေ သောက်လည်း ဆီးချိုက တက်နေတာပဲ။

အစားအသောက် ရှောင်တယ်၊ လေ့ကျင့်ခန်းလည်း ပုံမှန် လုပ်တယ်၊ ဆေးလည်း မှန်မှန် သောက်တယ်၊ ဆေးကို သုံးမျိုး အမြင့်ဆုံးသောက်တယ်..ဘယ်လိုမှ ထိန်းလို့ မရဘူး ဆိုရင် B-cell မရှိတော့ဘူးထင်တယ်၊ B-cell က ၉၀ ရာခိုင်နှုန်းလောက် ပျက်သွားပြီလား မသိဘူးလို့ တွေးရပါတယ်။

အဲဒါဆိုရင် အမျိုးအစား (၂) ဆီးချို ရောဂါကနေ အမျိုးအစား(၁) ဆီးချိုရောဂါလို ပြန်ဖြစ်သွားပြီ..ဒါကြောင့် အင်ဆူလင်ထိုးဆေးကို စဉ်းစားရပါတယ်။ အင်ဆူလင်ကို စထိုးပြီဆိုရင်တော့ တစ်သက်လုံး ထိုးရပါတော့မယ်။

မေး ။ တချို့သူတွေက အင်ဆူလင် စောစောထိုးရပြီး တချို့က ဘာကြောင့် နောက်ကျမှထိုးရသလဲ။
ဖြေ ။ B-cell ပမာဏကို သုတေသန (Research) တွေမှာ စစ်ဆေးလို့ရပါတယ်။ လက်ရှိမှာ ဆရာတို့ Clinical အရ မစစ်ပါဘူး။ ဆီးချိုရောဂါကို ကုသတဲ့ အခါ မှာ B-cell မပျက်အောင် ထိန်းရပါတယ်။
(၁) အဆီတွေ သိပ်များနေရင်၊
(၂) ဆီးချိုတက်နေရင် B-cell ပျက်နိုင်ခြေ များပါတယ်။
B-cell မပျက်အောင် ဆီးချိုကို တတ်နိုင်သလောက် ထိန်းရပါတယ်။ အဆီကို မများအောင် ထိန်းရပါတယ်။ အဲဒီလို အထိန်းအသိမ်းကောင်းတဲ့သူတွေဆိုရင် B-cell ကျန်တဲ့အတွက် အင်ဆူလင်ကို စောစောထိုးစရာမလိုပါဘူး။ အထိန်းအသိမ်း မကောင်း တဲ့သူတွေက B-cell မြန်မြန်ပျက်တဲ့အတွက် အင်ဆူလင်ကို စောစောထိုးစရာ လိုပါတယ်။

မေး ။ B-cell မပျက်အောင် သောက်ဆေး မှီဝဲလို့ရပါ သလား ဆရာ။
ဖြေ ။ ဥပမာ Sulphonyl Urea ဆိုတဲ့ သောက်ဆေးတွေက လက်ကျန်ကျန်နေတဲ့ B-cell ကို လှုံ့ ဆော်ပြီး အင်ဆူလင် ပိုထွက်လာအောင်လုပ်တာ ဖြစ်ပါတယ်။
သီအိုရီတစ်ခုအရ B-cell ပျက်လို့ ဆီးချိုရောဂါဖြစ်တယ်လို့ဆိုသလို နောက်သီအိုရီတစ်ခုအရ အင်ဆူလင်က ထွက်ပါရဲ့။ ထွက်တဲ့ အင်ဆူလင်က ဂလူးကို့စ်ကိုဆဲလ်တွေထဲ တွန်းပို့တဲ့အခါ အကြောင်းကြောင်းကြောင့် ဆဲလ်တွေက လက်မခံဘူး။ အဲဒီအခါ ဂလူးကို့စ်ကဆဲလ်ထဲမဝင်ဘဲ အင်ဆူလင်ကသွေးထဲမှာများလာပါတယ်။ ဒါကို အင်ဆူလင် Resistance လို့ခေါ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ ဖြစ်တယ်။
သွေးထဲက အင်ဆူလင်တွေကျဖို့ ဆိုရင် လေ့ကျင့်ခန်း လုပ်ရပါမယ်။ Meformin ဆေးတိုက်ရပါမယ်။ ဒါနဲ့မှ ထိန်းလို့မရရင် Sulphonyl Urea ကို ပေးရပါတယ်။ ဆီးချိုရောဂါရှိသူ ၁၀ဝမှာ ၈၀ ရာ ခိုင်နှုန်းက အင်ဆူလင် Resistance ကြောင့် ဖြစ် တာ၊ ၂၀ ရာခိုင်နှုန်းကပဲ ß-cell Failure ကြောင့် ဖြစ်တာပါ။ ဒါကြောင့် အင်ဆူလင် Resistance ဖြစ်တာကို လျှော့ချဖို့က ပိုအရေးကြီးပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top