Healthy Life Ad
Life Style

သေနတ်အသစ်ကြီးနဲ့ . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

“အိမ်မှာ ရေသန့်ဘူးတွေကုန်နေပြီ ကိုကြီး” လို့ ညီမငယ်ကပြောတော့ ကိုထွန်းဦးက “အေး . . အေး၊ ရေသန့်ဘူးတွေကို ငါသွားလဲလိုက်မယ်” ဆိုကာ အိမ်ကကားယူပြီး ရေသန့်ဘူးလဲဖို့ ထွက်သွားခဲ့ပါတယ်။

ရေသန့်ဘူးဆိုင်ရောက်တော့ ကိုထွန်းဦးက ဆိုင်ကကောင်လေးတွေနဲ့ စကားဖောင်ဖွဲ့ပြောဆိုပြီး သူ့မှာပါလာတဲ့ ကွမ်းယာတွေ ထုတ်ကျွေးပါတယ်။ “မင်းတို့အဆင်ပြေလား၊ နေ့တွက်ခ ကိုက်လားကွ” စသဖြင့် စကားစမြည်ပြောဆိုရင်း ရေသန့်ဘူးနှစ်ဘူးဖိုး ၆၀ဝ ကျပ်ပေးရမယ့်အစား ဆရာကြီးစတိုင်နဲ့ “ရော့ . . တစ်ထောင် ပြန်မအမ်းနဲ့တော့၊ မင်းတို့ ယူလိုက်တော့”လို့ ဆိုလိုက်ပါတယ်။

ဆိုင်က ကောင်လေးတွေက “ရေသန့်ဘူးတွေ ကားပေါ်တင်ပြီးပြီဆရာ”လို့ ပြောပေမယ့် ကိုထွန်းဦးက မပြန်သေးဘဲနဲ့ ရေသန့်ဘူးဆိုင်နဲ့ မျက်နှာချင်းဆိုင်က အမျိုးသမီးဘော်ဒါဆောင်ဘက်ကို ဆက်သွားပါတယ်။ အမျိုးသမီးဘော်ဒါဆောင်က မိန်းကလေးတချို့ဟာ အပြင်ထွက် လမ်းလျှောက်နေကြတာရှိသလို အဆောင်ရှေ့မှာ စကားထိုင်ပြောနေကြတာလည်း ရှိပါတယ်။ ကိုထွန်းဦးက မိန်းကလေးတွေကိုကြည့်ရင်း တော်တော်လေး စိတ်မသက်မသာ ဖြစ်သွားပါတယ်။

နင်တို့က အဆောင်က ကောင်မလေးတွေ မဟုတ်လား၊ ဘာကိစ္စ အဆောင်ထဲမနေဘဲနဲ့ လမ်းထွက်လျှောက်နေတာတုန်း၊ နင်တို့မိဘတွေက နင်တို့ကိုပညာသင်ဖို့အတွက် လွှတ်ထားတာ၊ အဲဒါကို နင်တို့က စည်းမရှိ ကမ်းမရှိနဲ့ ဘာလုပ်နေကြတာလဲ၊ ဘဲမျှော်နေကြတာလား. .မဟုတ်တာတွေလုပ်ဖို့ ကြံစည်နေတာလား . . .

“ဟဲ့ . . . နင်တို့ကအဆောင်က ကောင်မလေးတွေမဟုတ်လား၊ ဘာကိစ္စ အဆောင်ထဲမနေဘဲနဲ့ လမ်းထွက်လျှောက်နေတာတုန်း၊ နင်တို့မိဘတွေက နင်တို့ကို ပညာသင်ဖို့အတွက်လွှတ်ထားတာ၊ အဲဒါကို နင်တို့က စည်းမရှိကမ်းမရှိနဲ့ ဘာလုပ်နေကြတာလဲ၊ ဘဲမျှော်နေကြတာလား . . မဟုတ်တာတွေလုပ်ဖို့ ကြံစည်နေတာလား . . စာကြိုးစားရမယ့်အချိန်၊ စာကျက်ရမယ့်အချိန် စာမကြိုးစားဘဲနဲ့ နင်တို့ ဒီလိုအလေလိုက်နေသင့်သလား . . မိဘတွေကိုလည်းသနားကြဦး၊ ညှာတာကြဦး . .”

ကိုထွန်းဦးက ဆရာကြီးစတိုင်နဲ့ အဆောင်သူလေးတွေကို သွားပြောတော့ အဆောင်သူလေးတွေထဲက ခပ်အေးအေးကြောက်တတ်တဲ့ ကောင်မလေးတချို့က အဆောင်ထဲကိုဝင်ပြေးသွားတယ်။ ဒါပေမဲ့ ခပ်စွာစွာခပ်ထက်ထက် မိန်းကလေးတွေနဲ့ ဆွေမျိုးတွေလာလည်မှာကို စောင့်နေရှာတဲ့ မိန်းကလေးတချို့ကတော့ ကိုထွန်းဦးကို ပြန်ပြောပါတယ်။

“ကျွန်မက ရွာကအဒေါ်လာမှာမို့ အဆောင်ရှေ့ ထွက်စောင့်ပါဆိုတာနဲ့ ထွက်စောင့်နေတာ . .”

“ကျွန်မက ဘကြီးလာပြီး ပစ္စည်းကြုံလာပေးမှာမို့ထွက်စောင့်နေတာ . .”စသဖြင့် ရိုးရိုးသားသားနဲ့ ကောင်းကောင်းမွန်မွန် ပြောကြပါတယ်။

ဒါကိုပဲ ကိုထွန်းဦးက -“ဟ . . နင်တို့ ကောင်းကောင်းပြောတာ နားမလည်ဘူးလား၊ လူကြီး လူကြီးမှန်း မသိဘူးလား”ဆိုပြီး သူ့အိတ်ထဲကနေ သေနတ်ထုတ်လိုက်ပါတယ်။

အဲဒီအချိန်မှာ အဆောင်မှူးက အဆောင်ရှေ့ အသံတွေဆူညံပါတယ်ဆိုပြီး သုံးထပ်တိုက်အပေါ် ဝရန်တာကနေထွက်အကြည့် . . ကိုထွန်းဦးသေနတ်ထုတ်တာကို မြင်လိုက်ရတဲ့အခါ အတာ်လေး ထိတ်လန့်သွားပါတယ်။ သူ့အဆောင်သူလေးတွေကို အော်ကြီးဟစ်ကျယ်နဲ့ ပြောရုံတင်မက ဘောင်းဘီရှည်အနက်၊ ဂျာကင်အနက်ဝတ်ပြီး နေကာမျက်မှန် အနက်တပ်ထားတဲ့ ကိုထွန်းဦးဟာ သေနတ်တကိုင်ကိုင်နဲ့ အော်ဟစ်ပြောဆိုနေတာကိုတွေ့တော့ အဆောင်မှူးက ရဲစခန်းကို ချက်ချင်း ဖုန်းဆက်အကူအညီ တောင်းလိုက်ပါတယ်။

ရဲတွေရောက်လာတဲ့အခါ သေနတ်ကိုင်ထားတဲ့ ကိုထွန်းဦးကို “မင်းလက်ထဲက သေနတ်ကိုချလိုက်”ဆိုပြီး အမိန့်ပေးတော့-

“ကျွန်တော့်လက်ထဲကသေနတ်ကို ဘာလို့ချရမှာလဲ . . ဒါက သေနတ်အသစ်ကြီး . .”လို့ ကိုထွန်းဦးက ပြန်ပြောပါတယ်။

“မင်းသေနတ်မချရင် ငါတို့ပစ်လိုက်မှာနော်” လို့ တစ်ယောက်တစ်ခွန်းပြောနေကြတဲ့အချိန်မှာ ရဲတပ်သားတစ်ဦးက “ဒီအစ်ကိုကြီး ငါမြင်ဖူးပါတယ်”လို့ တွေးနေရာက မင်းနိုင်အစ်ကိုပဲဆိုတာ သိသွားတယ်။ “ဟာ . . ခဏနေကြပါဦး၊ ခဏနေကြပါဦး၊ ဒါ ကျွန်တော့်သူငယ်ချင်းရဲ့အစ်ကိုကြီးပါ”လို့ ပြောရင်း –

“အစ်ကိုကြီး . . မင်းနိုင်အစ်ကို မဟုတ်လား၊ ကျွန်တော်က မင်းနိုင်သူငယ်ချင်းလေ . . အစ်ကိုကြီး ဘယ်လိုဖြစ်တာလဲ၊ သေနတ်ကြီးတကိုင်ကိုင်နဲ့ .. ကျွန်တော့်ကို ပြောစမ်းပါဦး”လို့ ပြောလိုက်တော့မှ ကိုထွန်းဦးက ပြန်ဖြေတယ်။

“သေနတ်က ငါကြိုက်လို့ဝယ်ထားတာပါ၊ မင်း မင်း. . မင်းနိုင်သူငယ်ချင်း အိမ်လာလာလည်နေတဲ့ ကောင်လေးမဟုတ်လား၊ သေနတ်က ငါကြိုက်လို့ဝယ်ထားတာလေကွာ၊ ဒါဆေးလိပ်မီးညှိတဲ့ သေနတ်လေ . . လှလို့ ကိုင်ထားတာပါကွာ”

“ဟာ . . အစ်ကိုကြီးက လှလို့ကိုင်ထားတာတော့ ဟုတ်တာပေါ့၊ အခု ဒီလိုခြိမ်းလားခြောက်လားလုပ်တော့ လူတွေလန့်ကုန်တာပေါ့ အစ်ကိုကြီးရ၊ ဆေးလိပ်မီးညှိတဲ့ သေနတ်ကလည်း အရမ်းကောင်းတော့ တကယ့်သေနတ်အတိုင်းပဲ၊ တော်ကြာ ကျွန်တော်သာပါမလာရင် ကျော်မကောင်း၊ ကြားမကောင်းတွေ ဖြစ်ကုန်တော့မှာပေါ့ အစ်ကိုကြီးရာ၊ နောက်ဆို သေနတ်နဲ့ခြောက်တာ၊ လှန့်တာမျိုးတွေမလုပ်ပါနဲ့ အစ်ကိုကြီး”

ရဲတပ်သားတစ်ဦးက သူ့သူငယ်ချင်းရဲ့ အစ်ကိုကြီးဖြစ်လို့ ဒီလိုဖျောင်းဖျပြောဆိုပေမယ့် ကျန်တဲ့ရဲတပ်ဖွဲ့ဝင်တွေက-

“သူဒီလိုတွေလုပ်နေတာ စိတ်ကြွဆေး၊ မူးယစ်ဆေးတွေ သုံးနေလို့လားမသိဘူး”လို့ ပြောပြီး ကားတစ်စင်းလုံး မွှေနှောက်ရှာဖွေကြပါတယ်။

ဒါပေမဲ့ ကားပေါ်မှာ ဘီယာဘူးခွံနှစ်ခုနဲ့ ဘီယာဘူးအသစ် သုံးဘူးကလွဲလို့ တခြား ဘာမူးယစ်ဆေး၊ စိတ်ကြွဆေးကိုမှ မတွေ့ခဲ့ရပါဘူး။ အဲဒါနဲ့ အိမ်မြန်မြန်ပြန်ဖို့နဲ့ နောက်နောင် ဒါမျိုးထပ်မလုပ်ဖို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောလိုက်ပါတယ်။ ကိုထွန်းဦးရဲ့ညီကို လှမ်းခေါ်လိုက်တော့ ဆိုင်ကယ်နဲ့ရောက်လာပြီး တောင်းပန်ရှာပါတယ်။

“အားလုံး အလုပ်ရှုပ်သွားတာ ကျွန်တော်တောင်းပန်ပါတယ်ဗျာ၊ ဒီရက်ပိုင်း ကျွန်တော့်ကိုကြီး ဘာဖြစ်နေလဲမသိဘူး၊ စကားတွေလည်း အရမ်းများတယ်၊ အဝတ်အစားတွေလည်း အမျိုးမျိုးဝယ်တယ်၊ ဒီလိုဆေးလိပ်မီးညှိတဲ့ သေနတ်ကိုလည်း သူကြိုက်လို့ဆိုပြီး နှစ်လက်-သုံးလက်လောက်ဝယ်ထားတာ၊ ဒါတင်မကဘူး၊ အခုဝတ်ထားတဲ့ သားရေဂျာကင်တွေရော ဘောင်းဘီရှည်ရော နေကာမျက်မှန်တွေရော နှစ်စုံသုံးစုံမက ဝယ်တာလည်းတွေ့ရတယ်”

ညီဖြစ်သူ မင်းနိုင်က ရဲအရာရှိတွေသာမက အဆောင်မှူး၊ အဆောင်သူတွေကိုပါ တောင်းပန်ပြီး ကိုထွန်းဦးကို ချော့မော့ကာ အိမ်ကိုပြန်ခေါ်သွားတော့တယ်။ အိမ်နီးနားချင်း စာတတ်ပေတတ် အဒေါ်တစ်ဦးက ကိုထွန်းဦးအကြောင်းကြားတော့ “နင်တို့ သေချာဂရုစိုက်ပြီး စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပြကြည့်လိုက်ဦး”လို့ အကြံပေးတယ်။

မောင်နှမတွေက “ဟုတ်တော့ ဟုတ်တယ်၊ အစ်ကိုကြီး အစားအသောက် ကောင်းကောင်းမစားတာ နှစ်ပတ်ကျော်လောက်ရှိပြီ။ ဘီယာသောက်တယ်၊ ကွမ်းစားတယ်။ ညညဆို ကောင်းကောင်းမအိပ်ဘဲ အက်ရှင်ကားတွေပဲ ထိုင်ကြည့်နေတယ်။ ဒီရက်ပိုင်းအတွင်း ပစ္စည်းတွေ ဝယ်ခြမ်းသုံးစွဲတာကြမ်းတယ်၊ စကားတွေလည်း ဖောင်ဖွဲ့နေအောင်ပြောတယ်။ ဟိုးအရင်တုန်းကအရမ်းအေးပြီး ငြိမ်တဲ့အစ်ကိုကြီးက ဒီလိုပုံစံဖြစ်လာတာ တစ်ခုခုတော့ မှားနေပြီထင်တယ်” ဒီလိုနဲ့ ဆရာ့ဆီကို ရောက်လာခဲ့ပါတယ်။

“ဟိုးအရင်က စိတ်ကြွဆေး၊ ဆေးခြောက်စတာတွေ သုံးစွဲဖူးတယ်ဆရာ။ ဘီယာလည်း တော်တော်သောက်တယ်ဆရာ”လို့ ညီဖြစ်သူက ဆိုပါတယ်။ ဆရာ့ဆီရောက်တော့ ကိုထွန်းဦးရဲ့ ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းစစ်ဆေးရပါတယ်။ သူက စကားတွေအများကြီးပြောတာ၊ စကားကြီး စကားကျယ်ပြောတာ၊ ပစ္စည်းပစ္စယတွေကိုမလိုအပ်ဘဲ အများကြီးဝယ်နေတာ၊ အသုံးအဖြုန်းကြီးနေတာ၊ သူ့ကိုယ်သူ အထင်ကြီးနေတာ၊ ကောင်းကောင်း မအိပ်/ မစားတာတွေအပြင် စိတ်ကြွရောဂါဝေဒနာလက္ခဏာတွေ အပြည့်အဝရှိနေတာကို တွေ့ရပါတယ်။

အခုအချိန်မှာ သူ့အခြေအနေ အမြန်ဆုံးတည်ငြိမ်သွားအောင် ဆေးရုံခဏတင်ပြီး ကုသတာ အကောင်းဆုံးပဲလို့ အကြံပေးလိုက်တော့ မိသားစုဝင်တွေက ဝမ်းပမ်းတသာနဲ့ “ဆရာရယ်. . ဆေးရုံအမြန်တင်ပြီးတော့သာ အကောင်းဆုံးကုပေးပါ”လို့ တောင်းဆိုတာကြောင့် သူ့ကိုဆေးရုံတင်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ၊ လိုအပ်တဲ့ ဆေးဝါးတွေ အားလုံးပေးထားလိုက်ပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top