Healthy Life Ad
Life Style

အမျိုးအစား(၂)ဆီးချိုသွေးချိုရောဂါကာကွယ်ဖို့ စောစောစတင်ဆောင်ရွက်ကြပါစို့ –(၃)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

ကိုယ်လက်လှုပ်ရှားမှုနည်းတာက ဆီးချိုရောဂါဖြစ်စေသော ဒုတိယအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကွန်ပျူတာခေတ်မှာလူကြီးတွေရော ကလေးတွေပါ ကိုယ်လက်လှုပ်ရှားမှု အလွန်လျော့နည်းလာပါတယ်။ ဒါကလည်း အဝလွန်တာနဲ့ ဆီးချိုဖြစ်တာကို အားပေးနေတဲ့ အဓိကအချက်တစ်ခုဖြစ်ပါတယ်။လူတွေက ဘာမဆို အင်တာနက်၊ လက်ကိုင်ဖုန်းစတာတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်လို့ သွားယူတာ၊ သွားလုပ်တာသိပ်မရှိဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ပဲ အလုပ်ဖြစ်သွားလို့ ထိုင်နေရင်း၊ အိပ်နေရင်း အလုပ် လုပ်လုပ်နေကြတယ်။

နောက်တစ်ချက်က ရုပ်ရှင်တွေထက် စိတ်ဝင်စားစရာကောင်းပြီး မရိုးနိုင်တဲ့ ဖေ့စ်ဘွတ်ခ်တွေ၊ ဂိမ်းတွေကလည်း ဆေးစွဲသလိုစွဲနေကြတော့ တခြားလှုပ်ရှားမှုတွေတော်တော်နည်း သွားပါတယ်။ ကလေးတွေအတွက် ကိုယ်လက်လှုပ်ရှား အားကစားတွေ ပိုလုပ်လာအောင် ကစားကွင်းတွေ ဖန်တီးပေးတာ၊ ပြိုင်ပွဲတွေ စီစဉ်ပေးတာကို အစိုးရအနေနဲ့ ညွှန်ကြားအားပေးသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းတာက ဆီးချိုရောဂါဖြစ်စေတဲ့ ဒုတိယအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကွန်ပျူတာ ခေတ်မှာ လူကြီးတွေရော ကလေးတွေပါ ကိုယ်လက်လှုပ်ရှားမှု အလွန်လျော့နည်းလာပါတယ်။ ဒါကလည်း အဝလွန်တာနဲ့ ဆီးချိုဖြစ်တာကိုအားပေးနေတဲ့ အဓိကအချက် တစ်ခုဖြစ်ပါတယ် . . .

တောင်အာရှ အင်ဒိုခရိုင် အဖွဲ့အစည်း (East Asia Federation of Endocrine Society) က ကိုယ်ဝန်ဆောင်နေစဉ်မှာဖြစ်တဲ့ ဆီးချိုရောဂါ GDM မိခင်တွေကို ဆီးချိုရောဂါရဲ့ အသိပညာတွေကို ပေး ထားရင် အိမ်ရှင်မအနေနဲ့ သူ့အတွက်သာမက သူမွေးလာမယ့် ကလေးရဲ့နောင်ရေးအတွက်၊ သူရဲ့ မိသားစုဝင်တွေ အားလုံးအတွက် အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါကာကွယ်ရေးမှာ ပိုပြီးလွှမ်းမိုးနိုင်မယ်၊ ပိုပြီး တိုက်တွန်းနိုင်မယ်လို့ ယူဆကြပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ ဆီးချိုရောဂါကာကွယ်ရာမှာ ထိရောက်စွာပါဝင်နိုင်ဖို့အတွက် Strategy စီမံကိန်းတစ်ခုအသွင် လုပ်သင့်တဲ့အကြောင်း ဖော်ပြထားပါတယ်။ GDM ဂရုစိုက်ရင် ဘာလင် ကြေညာစာတမ်းအရ အစောဆုံးတားဆီးရာလည်း ရောက်တယ်ဆိုတဲ့အကြောင်း သုံးသပ်ထားတာ လေ့လာမိပါတယ်။

ဆီးချိုသွေးချိုရောဂါကိုအစောဆုံး ရှာဖွေဖော်ထုတ်ရန်
(Early Detection)
ဆီးချိုရောဂါ စောစောရှာဖွေဖော်ထုတ်ဖို့အ တွက် နိုင်ငံတော် ဆီးချိုသွေးချို စစ်ဆေးဖော်ထုတ် ခြင်းအစီအစဉ်တွေ တစ်နိုင်ငံလုံးအနှံ့ ပြုလုပ်သင့်ပါတယ်။ (National screening programme for type 2 diabetes)ဆီးချိုသွေးချိုဖြစ်လာနိုင်တဲ့သူတွေကို ရွေး ချယ်သတ်မှတ်ပြီး စနစ်တစ်ကျ ရှာဖွေဖော်ထုတ် သင့်ပါတယ်။ နိုင်ငံတော်အနေနဲ့ နေရာဒေသမရွေး ဆီးချိုသွေးချိုကို လွယ်ကူစွာစစ်ဆေး ဖော်ထုတ်ပေးနိုင်ရန် ကုသလမ်းညွှန် (Guidelines)တွေကို ဆေးရုံတိုင်းမှာချမှတ်ပြီး သွေးချိုစစ်တဲ့ စက်ပစ္စည်းကိရိယာတွေ ပံ့ပိုးပေးဖို့စီစဉ်ပြီး အကောင်အထည် ဖော်သင့်ပါတယ်။

မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ ဆီးချိုသွေးချို စစ်ဆေးနည်းစနစ်နဲ့ ရောဂါသပ်မှတ်ခြင်းလမ်းညွှန် (guidelines for diagnosis)တွေကို ပြုစုပြီး တောရောမြို့ပါ ကျန်းမာရေးဌာနအားလုံးမှာ ဆီးချို သွေးချိုရောဂါ ရှိ၊ မရှိစစ်ဆေးနိုင်အောင် ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top