Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ (၃) (Gestational Diabetes Mellitus)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆီးချိုဖြစ်နိုင်သူတွေကို ရွေးပြီးမှစစ်ရင် ၃-၄ ယောက်မှာ ကိုယ်ဝန်ဆောင်ဆီးချိုတစ်ဦးဖြစ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ မျိုးရိုးနဲ့အခြေခံအကြောင်းရင်းအရ ဆီးချိုဖြစ်နိုင်ခြေများသူတွေပဲ ဆီးချိုဖြစ်တာမဟုတ်ပါဘူး။ ဆီးချိုဖြစ်နိုင်ခြေမရှိသူ အုပ်စုမှလည်း ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်လာတာ တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်သူရဲ့ ၄၃ ရာခိုင်နှုန်းက အထက်ဖော်ပြပါ ဆီးချိုဖြစ်နိုင်ခြေများတဲ့အထဲမှာ မပါတာတွေ့ရပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေရှိရှိ၊ မရှိရှိ ကိုယ်ဝန်ဆောင်မှန်း စသိကတည်းက စစ်သင့်တယ်လို့အကြံပြုထားပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် ဘယ်အချိန်မှာ ဆီးချိုပေါ်လာမလဲဆိုတာ စောင့်ကြည့်နေရပါမယ်။ ၂၄ပတ်ကျော်ရင် အများဆုံးတွေ့နိုင်ပေမယ့် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်သူတွေရဲ့ ၁၃ ရာခိုင်နှုန်းက ကိုယ်ဝန် ၂၄ပတ်မတိုင်မီမှာ ဆီးချိုဖြစ်ပွားလာတတ်တာကို လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့လမ်းညွှန်အရ ၂၄ ပတ်ရောက်မှ စစ်ဆေးရှာဖွေတာက မြန်မာကိုယ်ဝန်ဆောင်တွေအတွက် နောက်ကျနိုင်ပါတယ်။ စောစောကုသမယ့် အခွင့်အရေးတွေ လွတ်သွားနိုင်ပါတယ်။

မြန်မာနိုင်ငံအဖို့ ဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေကိုရွေးချယ်ပြီး အစောဆုံး၊ အထိရောက်ဆုံးနည်းဖြစ်တဲ့ ဂလူးကိုစ့်သောက်ပြီး စစ်ဆေးခြင်း (OGTT) ဆိုတဲ့နည်းနဲ့စစ်သင့်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကိုယ်ဝန်ဆောင်သူအားလုံးကို ဒီနည်းနဲ့စစ်ဆေးရှာဖွေတာက ငွေကုန်ကျတာ၊ အချိန်ကုန်တာ၊ အလုပ်များတာ၊ ဂလူးကို့စ်သောက်လို့ ပျို့အန်တတ်တာစတဲ့ အချက်တွေကြောင့် လက်တွေ့မှာ လိုက်နာဆောင်နိုင်မှုကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဘယ်နည်းလမ်းက အကောင်းဆုံးလဲဆိုတာ နိုင်ငံတကာမှာ ဆက်လက်အငြင်းပွားနေဆဲဖြစ်ပါတယ်။

မွေးဖွားပြီးတဲ့အခါ ဆီးချိုသွေးချိုပျောက်သွားပေမယ့် ဘဝနေထိုင်မှု ပြုပြင်ပြောင်းလဲခြင်းမရှိပါက နောင်မကြာမီ ဆီးချိုသွေးချိုပြန်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် ဆီးချိုကိုတွေ့ရှိခြင်း၊ စနစ်တကျကုသပေးခြင်းဟာ နောင်ဖြစ်လာမယ့် ဆီးချိုကိုကာကွယ်တားဆီးဖို့ အခွင့်အရေးရတယ်လို့ ယူဆရင် မမှားပါဘူး။

ဒါကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုရှိသူတွေ မွေးဖွားပြီး ၆ပတ်ခန့်အကြာမှာ ဆီးချိုအထူးကုတစ်ဦးနဲ့ ဆွေးနွေးတိုင်ပင်ရပါမယ်။ ဆီးချို လုံးဝပြန်ကောင်းသွားတာလား၊ ဆီးချိုပြန်ဖြစ်လာဖို့ တာစူနေတာလား၊ ဖြစ်ဖို့ဝေးနေသေးလား စသဖြင့် ဆီးချိုအဆင့်တွေ ခွဲခြားပေးရပါမယ်။ ကောင်းသွားပြီဆိုရင်လည်း ဘဝတစ်လျှောက်မှာ ဆီးချိုဖြစ်လာမယ့်သူရယ်လို့ တံဆိပ်ထုထားသကဲ့သို့ သေချာနေကြောင်း သိထားဖို့လိုအပ်ပါတယ်။ ဒါကို အခွင့်ကောင်းယူတတ်မယ်ဆိုရင် စောစောကာကွယ်ထားလို့ရပါတယ်။

အဝမလွန်အောင်ထိန်းခြင်း၊ နေ့စဉ်သွက်လက်လှုပ်ရှားတဲ့ ဘဝနေထိုင်မှုကိုပြုပြင်ဖို့ အသိပညာပေးတာတွေ လေ့လာထားတာတွေ ပြုလုပ်ရပါမယ်။ ဆီးချိုစဖြစ်လာမယ့် အချိန်ကို ဝေးသထက်ဝေးအောင် ကာကွယ်တားဆီးပေးရပါမယ်။ တစ်နှစ်တစ်ခါ သွေးချိုစစ်ကြည့်ပြီး ဆီးချိုဖြစ်လာရင်လည်း အစောဆုံးကုသခွင့်ရရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံကျန်းမာရေး စောင့်ရှောက်သူတွေဖြစ်တဲ့ မိသားစုဆရာဝန်တွေ၊ ဂျီပီတွေအားလုံး ကိုယ်ဝန်ဆောင်ဆီးချိုရောဂါအကြောင်းကို သေသေချာချာ နားလည်ဖို့လိုပါတယ်။ ကိုယ်ဝန်မရှိသူတွေရဲ့စံနှုန်းနဲ့ ယှဉ်မိပြီး မိမိက သွေးချိုကောင်းပါတယ်လို့ထင်မိတာကလည်း မှားယွင်းနေတတ်ကြောင်း မှာကြားလိုပါတယ် . . .

မြန်မာနိုင်ငံမှာ အခြေခံကျန်းမာရေး စောင့်ရှောက်သူတွေဖြစ်တဲ့ မိသားစုဆရာဝန်တွေ၊ ဂျီပီတွေအားလုံး ကိုယ်ဝန်ဆောင်ဆီးချိုရောဂါအကြောင်းကို သေသေချာချာနားလည်ဖို့လိုပါတယ်။ ကိုယ်ဝန်မရှိသူတွေရဲ့ စံနှုန်းနဲ့ယှဉ်မိပြီး မိမိက သွေးချိုကောင်းပါတယ်လို့ ထင်မိတာကလည်း မှားယွင်းနေတတ်ကြောင်းမှာ ကြားလိုပါတယ်။ မိသားစုဆရာဝန်တွေကသာ မိမိလူနာတွေထဲမှာ ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ အိုဂျီ OG မပြသေးခင် ဆီးချိုရှိနေလားဆိုတာ အရင်ဆုံးရှာဖွေပေးဖို့လိုပါတယ်။ OG သားဖွာနဲ့မီးယပ်အထူးကုတွေကလည်း ကိုယ်ဝန်ဆောင်မိခင်တိုင်းကို ဆီးချိုဖြစ်နိုင်ခြေကိုတွက်ဆပြီး ဆီးချိုရှိ၊ မရှိ စောစောရှာဖွေဖို့ သတိအမြဲရှိဖို့ လိုအပ်လှပါတယ်။

သမားတော်တွေအနေနဲ့ ကိုယ်ဝန်ဆောင် ဆီးချိုရှာဖွေကုသနည်းတွေကို အမြဲတမ်းအသိနောက်ကျမနေဘဲ up to date ခေတ်နဲ့အညီ ပြောင်းလဲနေတာကို လေ့လာနေဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်အတွက် သွေးချိုသတ်မှတ်ချက်တွေဟာ ကိုယ်ဝန်ဆောင်မဟုတ်တဲ့ သာမန်လူတွေနဲ့မတူဘဲ ပိုနိမ့်တာကိုသတိပြုဖို့ ထပ်မံသတိပေးလိုပါတယ်။ သွေးချိုကို ဒီတိုင်းစစ်ကြည့်တာထက် ပိုပေါ်အောင် OGTT ခေါ် ဂလူးကို့စ်သောက်ပြီး ဖော်ထုတ်တဲ့နည်းကိုသုံးသင့်ကြောင်း သိထားဖို့လိုပါတယ်။ နောက်ဆုံးမှာကြားလိုတာကတော့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို အားလုံးဝိုင်းဝန်းပြီး အစောဆုံးရှာဖွေပြီး အစောဆုံးထိရောက်အောင် ကုသကြခြင်းဖြင့် အကောင်းဆုံးရလဒ်ကောင်းတွေ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top