Healthy Life Ad
Life Style

တံခါးလာခေါက်သလိုလို….

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

“အမေ . . သမီးတို့နဲ့ ဂျပန်ကို လိုက်နေပါနော်”
ဂျပန်နိုင်ငံမှာ ပညာတော်သင်သွား၊ အလုပ်လုပ်ရင်း ဂျပန်လူမျိုးနဲ့ အိမ်ထောင်ကျပြီး တိုကျိုမှာ တစ်အိုးတစ်အိမ် ထူထောင်လိုက်တဲ့ သမီးဖြစ်သူ မိစံရဲ့ စကားကို ဒေါ်ခင်သက်မငြင်းရက်။ သူ့မှာလည်း ဒီသမီးလေးပဲ ရှိတော့တာ မဟုတ်လား။
ဂျပန်မှာ သမီးဖြစ်သူနဲ့ သွားနေရမယ်ဆိုပေမယ် မောင်နှမတွေ၊ ဆွေမျိုးသားချင်းတွေရှိတဲ့ မြန်မာနိုင်ငံက မခွာချင်။ မခွဲချင်ပေမယ့်လည်း နောက်ဆုံးမှာ သမီးနဲ့အတူ နေမယ်လို့ ဆုံးဖြတ်ပြီး ဂျပန်နိုင်ငံကို ဒေါ်ခင်သက် လိုက်သွားတော့တယ်။

ရောက်ရောက်ချင်းမှာတော့ သမီးက အလုပ်အားလပ်ရက် ကျန်သေးတာကြောင့် အထင်ကရနေရာတွေ လိုက်ပို့တယ်။ အဲဒီအချိန်မှာတော့ ပျော်သလိုလိုပဲ။
နောက်ပိုင်းမှာတော့ သမီးနဲ့သမက်က အားလပ်ရက်ကုန်ဆုံးလို့ လုပ်ငန်းခွင်ပြန်ဝင်ရတယ်။ အိမ်သူအိမ်သား တွေက တစ်နေကုန် အပြင်သွားကြတော့ အိမ်မှာ ဒေါ်ခင်သက် တစ်ယောက်တည်း ကျန်ခဲ့တဲ့ ရက်တွေက များလာတယ်။ အစပိုင်းမှာတော့ တီဗီလေးကြည့်လိုက်၊ အိမ်သန့်ရှင်းရေးလေး လုပ်လိုက်၊ မီးပူလေးတိုက်လိုက် နေပေမယ့် နောက်ပိုင်း ဒေါ်ခင်သက် အိမ်မှာနေရင်း တစ်ယောက်တည်း တစ်ခုခုများ ဖြစ်မလား၊ ဖြစ်မလားစိုးရိမ်လာတယ်။ ငလျင်ကလည်း ခဏ ခဏ လှုပ်တတ်တာမို့ တစ်ယောက်တည်းရှိချိန် ငလျင်လှုပ်မလား၊ လှုပ်မလားနဲ့ တွေးပူနေတတ်တယ်။

ဖြစ်ချင်တော့

ဒေါ်ခင်သက်ရောက်သွားတဲ့အချိန်မှာ ဂျပန်က အရမ်းအေးနေတော့ စိတ်ကပါ နွေးထွေးမှု မရှိတော့ဘူး။ အေးတာရော၊ တွေးစိတ်ပူတာရော၊ မြန်မာပြည်လွမ်းတာရော ပေါင်းပြီး ဒေါ်ခင်သက် ညည အိပ်မပျော်တော့ဘူး။ အိပ်ရေးပျက်တဲ့ ရက်တွေ များလာတော့ အစာစားလို့ မဝင်တော့ပြန်ဘူး။ အစာတွေ ကလည်း သူ မကြိုက်တဲ့ ဂျပန်စာတွေ ဆိုတော့ မြန်မာအစားအသောက်တွေကို ဒေါ်ခင်သက် တောင့်တမိတယ်။

ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ စိတ်ဓာတ်ကျလာတယ်။ အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာတယ်။ မေ့တတ်လာတယ်။ ဒါတွေအပြင် နေ့ခင်းဘက် တစ်ယောက်တည်း ရှိချိန်မှာ တစ်ချက်တစ်ချက် အိမ်တံခါး လာခေါက်တယ်၊ အသံကြားတယ်လို့ ထင်တယ်။ သူ့နားထဲမှာ အသံကြားတယ်ထင်ပြီး ကြောက်လန့်တယ်၊ ကြားတဲ့အသံတွေ ကလည်း သူနားမလည်တဲ့ ဘာသာစကားတွေ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။
ဒေါ်ခင်သစ်ပုံစံက မှိုင်ပြီး စိတ်ဓာတ်ကျတဲ့ ပုံစံ ဖြစ်လာတာနဲ့ သမီးဖြစ်သူက ဆရာဝန်ဆီ သွားပြပေးတယ်။ ဘာသာ စကား အခက်အခဲရှိတော့ ဒေါ်ခင်သက်ဖြစ်နေတာတွေကို ပွင့်ပွင့်လင်းလင်း မပြောနိုင်ပြန်ဘူး။ ဒီတော့ သူ့ရင်ထဲမှာ ပေါ့သွားတယ်လို့ မခံစားရဘူး။

ဆရာဝန်က ဆေးတွေ ပေးလိုက်တော့ အိပ်လို့ပျော်ပါတယ်။ ဒါပေမဲ့ စားလို့ကမဝင်သေးဘူး။ မြန်မာနိုင်ငံက ဆွေမျိုးတွေနဲ့ ဖုန်းပြောနေရရင် သူ စိတ်ချမ်းသာတယ်။ ဒါနဲ့ သမီးဖြစ်သူက မြန်မာနိုင်ငံက ဦးလေး၊ အဒေါ်တွေနဲ့ တိုင်ပင်တော့-
“သူပြောပုံအရ မြန်မာနိုင်ငံမှာပဲ ပျော်တယ်တဲ့။ အဲဒီမှာ အထီးကျန်နေတယ်၊ စိတ်ဓာတ်ကျနေတယ်၊ ဆေးရုံ သွားပြတော့လည်း သူပြောတာတွေကို ဆရာဝန်ကမှ နားမလည်တာ၊ ဒီတော့ ဆေးတွေတလွဲ ဖြစ်နေဦးမယ်။ မြန်မာနိုင်ငံကို မြန်မြန်ပြန်လာပြီး မြန်မာနိုင်ငံက ဆရာဝန်တွေနဲ့ပဲ ကုတာ ကောင်းပါတယ်လေ”လို့ ဝိုင်းအကြံ ပေးတာနဲ့ မြန်မာနိုင်ငံကိုဒေါ်ခင်သက်နဲ့အတူ မိစံပြန်လာခဲ့တယ်။
+ + +

ဆရာ့ဆီ ရောက်လာတော့ ဒေါ်ခင်သက် ကြည့်ရတာ စိတ်ဓာတ်ကျနေတဲ့ပုံက အထင်းသားပဲ။ မျက်လွှာချထားပြီး စကားပြောရင်လည်း တစ်ခွန်းချင်း ဖြည်းဖြည်း အေးအေးဆေးဆေးနဲ့ စိတ်မရှည်ချင်စရာ ကောင်းလောက် အောင် နှေးနှေးကွေးကွေး ပြောနေတယ်။
“ဂျပန်က ဆရာဝန်ပေးတဲ့ ဆေးတွေကို သောက်တဲ့အခါ စောစောပိုင်းမှာ အိပ်ပျော်ပေမယ့် မနက်ကျရင် တစ်နာရီ -နှစ်နာရီလောက် အစောကြီး ပြန်ပြန်နိုးနေတယ် ဆရာ၊ နိုးလာရင်လည်း မလန်းဆန်းဘူး။ မလန်း မဆန်း နဲ့ စိုးရိမ်သလို ဖြစ်နေတဲ့အပြင် တံခါးလာခေါက်သလိုလို၊ စကားလာပြောသလိုလို ကြားနေရတယ်။ ကြားနေရတဲ့ အသံတွေကလည်း ကျွန်မ နားမလည်တဲ့ ဘာသာစကားတွေ ဖြစ်နေတော့ ပိုပြီးလန့်လည်း လန့်တယ်။ စိတ်လည်း ညစ်တယ်။ တစ်ခါတလေ သတ်သေရရင် ကောင်းမှာပဲလို့တောင် တစ်ချက်တစ်ချက် တွေးမိတယ် ဆရာ”

“မြန်မာနိုင်ငံကို ပြန်ရောက်တော့ ရင်ထဲမှာ ပေါ့သွားသလိုခံစားရပါတယ်။ ဒါပေမဲ့ ဒီကို ရောက်တဲ့ သုံးလေးရက် အတွင်းမှာလည်း ကောင်းကောင်း အိပ်မပျော်တာရယ်၊ အစောကြီးနိုးတာရယ်၊ မလန်းမဆန်းဖြစ်နေတာရယ်၊ စိတ်ဓာတ်ကျနေတာရယ်၊ စိုးရိမ်စိတ်တွေဝင်နေသေးတာရယ် ရှိနေသေးတယ်။
ဆွေမျိုးတွေနဲ့ ပြန်တွေ့တာရယ်၊ ဒီမှာ မြန်မာလို ပွင့်ပွင့်လင်းလင်း ပြောရတာရယ်၊ ဆရာနဲ့ အခုလို တွေ့ပြီး ရင်ထဲရှိတာကို မြန်မာလို ဖွင့်ပြောလိုက်ရတာရယ်ကြောင့် သေချင်တဲ့ စိတ်ကတော့ လျော့သွားတယ် . .

ဂျပန်မှာနေတာနဲ့ စာရင် ဒီမှာ ဆရာတို့နဲ့ကိုယ့်ဘာသာစကားနဲ့ ပွင့်ပွင့်လင်းလင်း ကိုယ်ခံစားရတာကိုပြောလိုက်တဲ့အခါ ကျွန်မ ရောဂါသက်သာသွားလိမ့်မယ်ထင်တယ် . . အခုလည်း ကျွန်မရင်ထဲ ပေါ့သွားသလို ခံစားရပါတယ် . .”လို့ ဒေါ်ခင်သက်က ဆိုတယ်။
ဒေါ်ခင်သက်ကို သွေး၊ ဆီး၊ ဝမ်း စတဲ့ ကျန်းမာရေးအခြေအနေ စစ်ဆေးကြည့်လိုက်တဲ့အခါ သွေးအားနည်း နေတာရယ်၊ သွေးတွင်း ဓာတ်ဆားတွေ လျော့နည်းနေတာရယ်၊ သတ္တုဓာတ်တချို့ကလည်း လျော့နည်းနေ တာရယ်ကို တွေ့ရပါတယ်။ ဒေါ်ခင်သက်အခြေအနေက လောလောဆယ်မှာ အားနည်းနေသေးတာရယ်၊ သွေးပေါင်ကျလွန်းနေတာရယ်၊ စိတ်ညစ်စိတ်ဓာတ်ကျတဲ့ အတိုင်းအတာကလည်း များနေသေးတာရယ်ကြောင့် စိတ်ချရအောင် ဆေးရုံမှာပဲ တင်ပြီး ကုသမှု ပေးထားလိုက်ရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top