Healthy Life Ad
Life Style

အခါမဟုတ် ရာသီဆင်းခြင်း (DUB-Dysfunctional Uterine Bleeding)

ဒေါက်တာတင့်ဆွေ

(ကန်တော့ပါ)

မေး ။ ဆရာ . . အခု ရာသီပြန်ဖြစ်ချင်နေသလို ဖြစ်လို့ပါဆရာ။ ဆီးစပ်ဘယ်ဘက်ခြမ်းကလည်း ပြန် အောင့်နေပါတယ်။ တင်ပါးဆုံအတွင်းထဲကလည်း ပြန်အောင့်နေလိုပါဆရာ။ အသက်က ၃၉ ပြည့်ခဲ့ပါပြီဆရာ။ သမီး တစ်ယောက်ရှိပါတယ်ဆရာ။ မေးချင်ဇောနဲ့ မေးနည်း မမှန်ကန်ရင်တောင်းပန်ပါတယ် ဆရာရှင့်။

ဖြေ ။ အမျိုးသမီးတွေမှာ Abnormal uterine bleeding (AUB) နဲ့ Dysfunctional uterine bleeding (DUB) အခါမဟုတ် သွေးဆင်းတာတွေက အဖြစ်များတယ်။ အတွင်းရောဂါ မယ်မယ်ရရ မတွေ့ရဘဲ သွေးဆင်းတာမျိုးဖြစ်တယ်။ ရာသီစက်ဝန်းတစ်ခုဟာ အများအားဖြင့် ၄ ပတ် (၂၈ ရက်) ကြာတယ်။ ပထမ ၁၄ရက်ကို(ဖေါ်လီကူလာ)အဆင့် လို့ခေါ်တယ်။ သားအိမ်-အတွင်းလွှာက ပါးရာကနေ ထူထူလာမယ်။ အီစထိုဂျင် ဟော်မုန်းအစွမ်းကြောင့် ဖြစ်လာတာပဲ။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဦးနှောက်ထဲက (ပစ်ကျူထရီ) အကျိတ်လေးကနေ နောက်ဟော်မုန်း ၂မျိုးကို ထုတ်ပေးလာမယ်။ (FSH) နဲ့ (LH) ဆိုတဲ့ ဟော်မုန်းတွေ ဖြစ်တယ်။ သူတို့ကြောင့် မျိုးဥအိမ်ကနေ မျိုးဥကို လလယ်ရက်မှာ ထုတ်ပေးတော့မယ်။

မျိုးဥထွက်ပြီးတာနဲ့လူတီရယ်အဆင့်ကိုပြောင်းတော့တယ်။ ပရိုဂျက်စတီရုန်းဆိုတဲ့ ဟော်မုန်းထွက်လာမယ်။ ဒီဟော်မုန်းကနေ သန္ဓေလာပြီး တွယ်ကပ်နိုင်အောင် သားအိမ်အတွင်းနံရံကို ပြုပြင်ပေးတယ်။ သန္ဓေလာတွယ်ကပ်ဖို့ရာ (hCG) ဟော်မုန်းတစ်မျိုးရှိမှသာ အောင်မြင်နိုင်မယ်။ ပရိုဂျက်စတီရုန်းနဲ့ အီစ ထိုဂျင်တွေ လျော့ကျလာတော့မယ်။ ဒီလိုဖြစ်တော့ သားအိမ်အတွင်းနံရံမှာရှိကြတဲ့ သွေးလွှတ်ကြော လေးတွေကျုံ့လာတယ်။ ၂၈ ရက်မြောက်နေ့လောက်မှာ ရာသီသွေးဆင်းလိမ့်မယ်။ သွေးကောင်း ကောင်းမရတော့ သားအိမ်အတွင်းလွှာနံရံက အနာဖြစ်သလို မကောင်းတော့တဲ့ တစ်သျှူးတွေလည်း ဆင်းတာထဲမှာ ပါလာလိမ့်မယ်။ မျိုးဥမထွက်ရင် (ပရိုဂျက်စတီရုန်း)ကနေ လုပ်ပေးစရာတွေကို လုပ် မပေးနိုင်တော့ဘူး။ ရာသီလာတာရော မလာတာပါ ဖြစ်စေနိုင်တယ်။ ပရိုစတက်ဂလင်ဒင် အနည်း-အများကြောင့် အလိုဖြစ်တယ်လို့ ယူဆရတယ်။ မ-မျိုးဥ ထွက်လို့ ဆင်းရတာက ပုံမှန်ရက်ရှိမယ်။

အသက် ၃၀ ကနေ ၄၉ နှစ်ကြား အမျိုးသမီး တွေမှာ DUB ၅ ရာခိုင်နှုန်းရှိတယ်။ အပျိုပေါက်အရွယ်တွေလည်း ပထမ ၂နှစ်အတွင်းမှာ ဖြစ်ကြတယ်။ သွေးမဆုံးခင်ဆိုရင် ၅၀ ရာခိုင်နှုန်းအထိများတယ်။ မျိုးဥမထွက်တာမျိုး ဖြစ်လာလို့ သွေးဆင်းတယ်။
DUB ဟုတ်-မဟုတ်ကို မဖြစ်နိုင်တာတွေကို ဖယ်ထုတ်နည်းနဲ့ နာမည်တပ်ရတယ်။

၁။ ၉၀ ရာခိုင်နှုန်းဟာ မမျိုးဥမထွက်ဘဲ သွေးဆင်းတာဖြစ်တယ်။
၂။ ၁၀ ရာခိုင်နှုန်းလောက်နီးနီး မမျိုးဥထွက်လို့ နည်းနည်းဆင်းတာလည်း ဖြစ်တတ်တယ်။
၃။ ဆေးတချို့ကနေလည်း ဖြစ်စေတယ်။ မျိုးပွားလမ်းရောဂါတစ်ခုခု၊ ကင်ဆာနဲ့ တခြားရောဂါတွေကနေလည်း ဖြစ်နိုင်သေးတယ်။
တခြားနေရာတွေမှာ ရှိတဲ့ရောဂါတွေဆိုတာ ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားစားဆေး၊ IUD ကိုယ်ဝန်တား ပစ္စည်း၊ ကိုယ်ဝန်ပျက်တာ၊ စပျစ်သီးကိုယ်ဝန်၊ အချင်းအတွင်းမှာကွာခြင်း၊ သားအိမ်ပြင်ပကိုယ်ဝန်၊ လည်ပင်းကြီး-ဟော်မုန်းနည်းရောဂါ၊ လည်ပင်းကြီး-ဟော်မုန်းများရောဂါ၊ ကူရှင်း-ဆင်ဒရုမ်းဟော်မုန်းရောဂါ၊ အသည်းရောဂါ၊ ဆီးချို၊ တခြား ဟော်မုန်းရောဂါတွေ၊ သားအိမ်ဝ၊ မိန်းမကိုယ်၊ ဗဂျိုင်းနားထိခိုက်မိတာ၊ ဗဂျိုင်းနား၊ သားအိမ်၊ သား အိမ်ဝ၊ မျိုးဥအိမ်ကင်ဆာတွေ၊ Functional Ovarian Cysts ၊ Cervicitis ၊ Endometritis ၊ Salpingitis ၊ Fibroids (Leiomyomas) ၊ and Adenomyosis ကင်ဆာမဟုတ်တဲ့ မျိုးပွားလမ်း ရောဂါတွေ၊ Cervical Dysplasia ဆိုတာကနေ လိင်ဆက်ဆံအပြီးမှာ သွေးထွက်တာဖြစ်နိုင်တယ်။ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တာ၊ Polycystic Ovarian Syndrome မျိုးဥအိမ်-အကျိတ်များ ရောဂါ၊ Myeloproliferative disorders, von Willebrand disease, Immune thrombo­cytopenia သွေးခဲစနစ်ရောဂါတွေကနေလည်း ဖြစ်စေနိုင်တယ်။ Estrogen Therapy, Anticoa­gulants, Antipsychotics ဆေးတွေ၊ လေ့ကျင့်ခန်းအလုပ်များတာ၊ စိတ်ဖိအားများတာနဲ့ ကိုယ်အလေးချိန်ကျတာတွေကနေလည်းဖြစ် နိုင်ပြန်တယ်။

ဆေးစစ်စရာတွေ
ကိုယ်ဝန် ရှိ-မရှိ၊ Complete blood count သွေးစစ်ခြင်း၊ Coagulation studies သွေးခဲမှု စစ်ခြင်း၊ Thyroid function tests and prolactin levels လည်ပင်းကြီးအလုပ်စစ်ဆေးခြင်း၊ Pelvic ultrasonography (အာလ်ထွာဆောင်း) Endometrial stripe တိုင်းလို့ ၄ စင်တီထက်မပိုရင် Endometrial hyperplasia နဲ့ Cancer မဟုတ်ဖို့များတယ်။ 5–12 mm ရှိရင် Biopsy လုပ်မယ်။ Transvaginal ultrasonography လုပ်ရင် Ovarian cysts မျိုးဥအိမ်-အကျိတ်နဲ့ Fluid in the cul-de-sac မွေးလမ်းနောက်နာမှာ အရည် ရှိ-မရှိတွေကိုပါရှိရင် တွေ့မယ်။

ကုသနည်းတွေ
တခြားရောဂါတွေရှိရင် သပ်သပ်ဆေးကုရမယ်။ သွေးအဆင်းများလို့ အရေးပေါ်လာတတ်သူတွေကို အရေးပေါ်ကုသမှုလုပ်ရမယ်။ တချို့ကို သားအိမ်ခြစ်ပေးမယ်။ ကိုယ်ဝန်မရှိတာ သေချာသူတွေကို ဟော်မုန်း ၂မျိုးတွဲတားဆေး ပေးတတ်တယ်။ Ethinyl estradiol 35 mcg ပါတဲ့ တားဆေးကို တခါသောက် ၁ လုံး၊ တစ်နေ့ ၂ကြိမ်၊ သွေးရပ်ပြီး နောက်၇ ရက်အထိ သောက်ရတယ်။ ဒိနောက်မှာ တစ်နေ့ ၁လုံးနဲ့ ဆေးကတ်ကုန်တဲ့အထိ လျှော့လိုက်ရတယ်။ Progesterone တစ်မျိုးတည်းပါတဲ့ဆေးကို မမျိုးဥမထွက်လို့ သွေးဆင်းသူတွေအတွက် ပိုကောင်းတယ်။ Medroxyprogesterone acetate 10 mg ကို တနေ့ ၁ လုံး၊ ၁၀ ရက်သောက်ရတယ်။ ၃-၅ ရက်အတွင်း သွေးပြန်ဆင်းမယ်။ ဒီဆေး ၂ မျိုးမှာ ဘယ်ဟာက ပိုထိရောက်သလဲ မကွဲပြားဘူး။ အကိုက်အခဲပျောက်ဆေးတွေကို ရာသီလာလို့နာတာ အတွက်သာမက DUB အတွက်ပါ သုံးနိုင်တယ်။ Prostaglandin ကို တားပေးနိုင်တယ်။ Naproxen (Naprosyn, Aleve, Naprelan)ကို အသုံးများတယ်။

Danazolဟာ စတီးရွိုက်ဆေးဖြစ်တယ်။ သားအိမ်အတွင်းလွှာကို ပါးစေတယ်။ ဒါပေမဲ့ ယောကျာ်းဟော်မုန်း Testosterone နဲ့တူတာမို့ ရင်သားသေးစေနိုင်တယ်။ကြွက်သား-အဆစ်တွေ နာစေနိုင်တယ်။ လူကိုဝစေတယ်။ ကိုယ်မွေးပိုပေါက်စေတယ်။ ဝက်ခြံထွက်မယ်။ Gonadotropin-releasing hormoneကိုလည်း ယာယီသဘော ပေးနိုင်တယ်။
Tranexamic acid ကိုလည်းသုံးတတ်တယ်။ သားအိမ်ထုတ်ပေးနည်းကတော့ နောက်ဆုံးသုံးတယ်။ Primolut N (Generic Norethisterone) ဆေးထဲမှာ Norethisterone ခေါ်တဲ့ Progesterones ဟော်မုန်းပါတယ်။ Estrogen မပါဘူး။ ဦးနှောက်ထဲရှိတဲ့ Pituitary ကနေ ထုတ်တဲ့ Gonadotropins ဟော်မုန်းကို တားဆီးပေးတယ်။ Minipill ကိုယ်ဝန်တားဆေးခေါ်တယ်။ ဒီဆေးစွဲသောက်နေသူတစ်ဝက်မှာ ရာသီလာပေမယ့် မျိုးဥမထွက်ဘူး။ ဟော်မုန်း ၂ မျိုးတွဲ တားဆေးထဲက Estrogen ဟော်မုန်းနဲ့ မသင့်သူတွေကို ပေးတယ်။ ကိုယ်ဝန်ရှိနေရင်၊ နို့တိုက်နေရင်၊ သွေးခဲရောဂါရှိရင်၊ ဆီးချိုရှိရင်၊ အသည်းမကောင်းရင်၊ အသည်းကင်ဆာရှိရင်၊ လိင်ဟော်မုန်းနဲ့ဆိုင်တဲ့ ကင်ဆာရှိရင် မပေးရပါ။

၁။ Dysfunctional uterine bleeding ရာသီဆင်း မရပ်တာကို Primolut N တစ်ခါသောက်၁ ပြား၊ တစ်နေ့ ၃ ကြိမ်၊ ၁၀ ရက် ပေးတယ်။ ၁-၃ ရက်အတွင်း ကောင်းမယ်။ နောက်ထပ်အဲလို မဖြစ်အောင် ၃ ပတ်လောက် ထပ်ပေးတယ်။ တစ်ခါသောက် ၁ ပြား၊ တစ်နေ့ ၂-၃ ကြိမ်၊ ရာသီစက်ဝန်းရဲ့ ၁၉ ရက်ကနေ ၂၆ ရက်အတွင်းမှာ ပေးတယ်။

၂။ မွေးကတည်းကဖြစ်ဖြစ်၊ နောက်မှဖြစ်ဖြစ် ကိုယ်ဝန်မဟုတ်ဘဲ ရာသီထိန်နေသူတွေကို Prolactin-producing pituitary tumour ရောဂါမရှိတာ သေချာအောင် အရင်လုပ်ရမယ်။ ပဌမနေ့မှာ Estradiol valerate 10 mg ထိုးဆေး ၂ လုံးထိုးတယ်။ ၁၄ ရက်ကြာရင် Estradiol valerate 10 mg ၁ လုံးထိုးမယ်။ ရာသီစဆင်းတဲ့နေ့နောက် ၁၉-၂၆ ရက်အတွင်းတွေမှာ Primolut N ဆေးပြားကို တစ်နေ့ ၂-၃ ကြိမ်ပေးမယ်။ ၂၈ ရက်မှာ သွေးဆင်းမယ်။ နောက်ထပ် အဲလို ၂-၃ ပတ်ဆက်ပေးတယ်။ ရာသီစဆင်းတဲ့နေ့ နောက် ၆ ရက်မြောက်နဲ့ ၁၆ ရက် မြောက်နေ့တွေမှာ Estradiol valerate 10 mg ၁ လုံးထိုးမယ်၊ ၁၉ရက်နဲ့ ၂၆ရက်မြောက်နေ့တွေမှာ Primolut N ဆေးပြားကို တစ်နေ့ ၂ ကြိမ်ပေးမယ်။ ထိုးဆေးမပါဘဲ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက် ကနေ ၂၆ ရက်နေ့တွေအတွင်း Primolut N ဆေး ကို တစ်နေ့ ၂ကြိမ်ပေးပြီးလည်း စမ်းနိုင်ပါတယ်။

၃။ ရာသီမလာခင် ဖြစ်တတ်တဲ့ ခေါင်းကိုက်၊ စိတ်ကျ၊ ကိုယ်ရောင်၊ ရင်သားတင်း၊ စတာတွေ သက်သာစေဖို့ ရာသီ စဆင်းတဲ့နေ့နောက် ၁၉ ရက် ကနေ ၂၆ ရက်နေ့အတွင်း Primolut N ဆေးကို တစ်နေ့ ၂-၃ ကြိမ်ပေးတယ်။

၄။ ရာသီလာရက်သတ်မှတ်ခြင်း၊ ဟော်မုန်း ၂ မျိုးပါ တားဆေးက ပိုသင့်တော်တယ်။ Primolut N တစ်ခါသောက် ၁ ပြား၊ တစ်နေ့ ၃ ကြိမ်၊ ၁၀-၁၄ ရက် သောက်ပါ။ ဆေးကုန်ပြီး ၂-၃ ရက်မှာ သွေး ဆင်းပါမယ်။

၅။ Endometriosis သားအိမ်ရောဂါတစ်မျိုး၊ ရာသီလတစ်ခုရဲ့ ၅ရက်မြောက်နေ့မှာ ဏမငာသူကအ ြ ဆေး တစ်နေ့ ၂ ကြိမ်သောက်ပါ၊ သွေးတစက်စက် စလာရင် ၂ ပြား၊ ၂ကြိမ်တိုးသောက်ပါ။ သွေးရပ်သွား ရင် ဆေးပြန်လျှော့ပါ။ ၄-၆ လ ကြာသောက်ရမယ်။ ဆေးကုသနေတုန်းမှာ မျိုးဥလည်းမထွက်ဘူး၊ ရာသီလည်း မဆင်းဘူး။ ဆေးရပ်လိုက်မှ သွေးဆင်းမယ်။

ဘေးထွက်ဆိုးကျိုးတွေ
မျက်စိကြည့်မကောင်း၊ ပျို့ချင်၊ ခေါင်းကိုက်၊ ကိုယ်ရောင်၊ မိုင်ဂရင်း အမူးရောဂါ၊ အသက်ရှူခက်၊ အရေပြားအနီပြင်ထွက်၊ လိင်ဆန္ဒဖြစ်တာ အပြောင်းအလဲ ရှိတတ်တယ်၊ လူဝလာတတ်တယ်၊ ဆံပင် ကျွတ်တတ်တယ်၊ ဒါမှမဟုတ် အမွှေးထူတတ်တယ်၊ အိပ်ချင်တယ်၊ ဒါမှမဟုတ် အအိပ်ခက်တယ်။
အထူးသတိထားစရာတွေ = ဆီးချိုရှိနေသူများ၊ စိတ်ကျရောဂါရှိသူများ၊ Phenytoin, Barbitu­rates, Primidone, Carbamazepine, Rifamp­icin, Griseofulvin, Oxcarbazepine, Rifa­butin ဆေးတွေနဲ့တွဲပေးတာ သတိထားရမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top