Healthy Life Ad
Life Style

အတွေးမှားခြင်းနှင့် စိတ်ဝေဒနာ (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး – အငြိမ်းစား)

သြစတြေးလျနိုင်ငံမှာ ဆရာဝန်တိုင်း၊ သူနာပြုတိုင်းနဲ့ ကျန်းမာရေးပညာရှင်တိုင်းဟာ “စဉ်ဆက်မပြတ် ပညာတိုးပွားရေးလုပ်ငန်း” (Continuous Professional Development) (စီပီဒီ)မှာ ပါဝင်လှုပ်ရှားနေရတယ်။ ဆရာဝန်၊ သူနာပြုမှတ်ပုံတင်လက်မှတ် နှစ်စဉ်အသစ်လဲဖို့အတွက် စီပီဒီလုပ်ငန်းမှာ တစ်နှစ်ပတ်လုံးပါဝင်လုပ်ဆောင်ခဲ့တဲ့ အထောက်အထားတွေကို ပြသလျှောက်ထားရတယ်။ ဒါကြောင့် အထူးကုဆရာဝန်ကြီးတွေအချင်းချင်း ပညာပေးဆွေးနွေးပွဲ၊ ဆရာဝန်အချင်းချင်း စုပေါင်းဆွေးနွေးပွဲ၊ ကျန်းမာရေးဝန်ထမ်းတွေအားလုံးပါဝင်တဲ့ ပညာပေးဆွေးနွေးပွဲတွေကို အပတ်စဉ်ကျင်းပပါတယ်။ စိတ်ကျန်းမာရေးအသင်းဝင်တွေ (ဆရာဝန်၊ သူနာပြု၊ စိတ်ပညာရှင်၊ လူမှုရေးဝန်ထမ်း)ပါဝင်တဲ့ အပတ်စဉ် ဆွေးနွေးပွဲတစ်ခုမှာ စာရေးသူက စိတ်ကျန်းမာရေး အထူးကုဆရာဝန်တစ်ဦးအနေနဲ့ တက်ရောက်ပါတယ်။

စာရေးသူ – “ဒီနေ့အတွေးချို့ယွင်းခြင်း (Thought Disorder) အကြောင်း ဆွေးနွေးကြမယ်”

သူနာပြုမေရီ – “ဒီနေ့နံနက် လူနာဆောင်ကို အသစ်ရောက်လာတဲ့ လူနာတစ်ယောက်ရှိတယ်။ ကျွန်မစစ်ဆေးတော့ သူစကားပြောပုံက ဝေ့လည်ကြောင်ပတ်ဖြစ်နေတယ်။ ကျွန်မမေးခွန်းကိုဖြေဆိုတဲ့အခါ မဆီမဆိုင်တာတွေထည့်ပြီးပြောတယ်။ သူဘာကိုဆိုလိုတယ်ဆိုတာကို နားလည်ဖို့ခက်တယ်ဆရာ။ အဲဒါ အတွေးချို့ယွင်းတာလား”

စာရေးသူ – “စိတ်ဝေဒနာရှင်တွေမှာ အတွေးချို့ယွင်းခြင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ (က) ဆင်ခြင်စဉ်းစားပုံချို့ယွင်းခြင်း သို့မဟုတ် အတွေးပုံသဏ္ဍာန်ချို့ယွင်းခြင်း၊ (ခ) အတွေးနှုန်းအလျင် ချို့ယွင်းခြင်း၊ (ဂ) အတွေးပိုင်ဆိုင်မှု ချို့ယွင်းခြင်းနဲ့ (ဃ) ယုံကြည်မှု ချို့ယွင်းခြင်းတို့ ဖြစ်ပါတယ်”

ဘွဲ့လွန်ဆရာဝန် တွမ် – “မေရီရဲ့ လူနာစကားပြောပုံက ဝေ့လည့်ကြောင်ပတ်ဖြစ်နေတယ်ဆိုတော့ အတွေးပုံသဏ္ဍာန်ချို့ယွင်း (Formal Thought Disorder) ခြင်း လက္ခဏာလို့ဆိုနိုင်တာပေါ့”

ဝေ့လည်ကြောင်ပတ်ပြောတတ်သူတိုင်း စိတ်ရောဂါရှိတာတော့မဟုတ်ဘူး။ တချို့လူတွေက တစ်ခုခုကိုပြောချင်ရင် တောင်စဉ်ရေမရ သွယ်ဝိုက်ပြီးပြောတတ်တယ်။ သူတို့ပြောချင်တာကို တိုက်ရိုက်မပြောဘူး။ အဲဒါအကျင့်ပဲ။ ရောဂါမဟုတ်ဘူး . . .

စာရေးသူ – “မှန်ပါတယ်။ ဒါပေမဲ့ ဝေ့လည်ကြောင်ပတ်ပြောတတ်သူတိုင်း စိတ်ရောဂါရှိတာတော့မဟုတ်ဘူး။ တချို့လူတွေက တစ်ခုခုကိုပြောချင်ရင် တောင်စဉ်ရေမရ သွယ်ဝိုက်ပြီးပြောတတ်တယ်။ သူတို့ပြောချင်တာကို တိုက်ရိုက်မပြောဘူး။ အဲဒါအကျင့်ပဲ။ ရောဂါမဟုတ်ဘူး”

မေရီ – “ကျွန်မတို့ရပ်ကွက်ထဲက လက်လုပ်လက်စား အဒေါ်ကြီးတစ်ယောက်ကတော့ စကားပြောရင် ရာဇဝင်နဲ့ချီပြီး မဆိုင်တာရောဆိုင်တာရော ထည့်သွင်းပြောတတ်တယ်ဆရာ”

စာရေးသူ – စကားပြောရင် မရှင်းလင်းဘဲ နားလည်ဖို့ခက်ခဲတဲ့ ပြောနည်းပြောဟန်တစ်မျိုးကို “မီးရထားလမ်းလွှဲသလို စကားပြောခြင်း” (Derailing) လို့ခေါ်တယ်။ လူနာပြောတဲ့စကားက မူလဦးတည်ချက်လွဲပြီး တဖြည်းဖြည်း စကားလမ်းကြောင်း ပြောင်းသွားတာမျိုးဖြစ်ပါတယ်”

တွမ် – “အဲဒါလည်း အတွေးပုံသဏ္ဍာန်ချို့ယွင်းတဲ့ လက္ခဏာပဲ”

မေရီ – “ကျွန်မတို့ဆွေးနွေးနေတာက တွေးတောဆင်ခြင်ပုံချို့ယွင်းခြင်းအကြောင်း မဟုတ်လား။ စကားပြော ချို့ယွင်းခြင်းအကြောင်းမှမဟုတ်ဘဲ”

စာရေးသူ – “လူတစ်ယောက်ပြောလိုက်တဲ့စကားဟာ သူ့အတွေးရဲ့ ရလဒ်ဖြစ်ပါတယ်။ မနောကံက ဝစီကံဖြစ်လာတာပါ။ စကားပြောတာအပြင် အတွေးကိုဖော်ထုတ်ပြသနိုင်တဲ့ နည်းလမ်းတွေရှိသေးတယ်”

တွမ် – “ကာယကံမြောက် ပြုမူတာလား”

စာရေးသူ – “ဟုတ်ပါတယ်။ ခြေလက်အမူအရာ၊ မျက်နှာအမူအရာနဲ့ ကိုယ့်အတွေးကိုဖော်ပြနိုင်တယ်”

မေရီ – “ဒေါက်တာတွမ်ရဲ့ မျက်နှာအမူအရာကိုကြည့်ပြီး သူဘာတွေတွေးနေတယ်ဆိုတာကို ကျွန်မသိတယ်”

တွမ် – “မသိချင်ပါနဲ့ မေရီ”

စာရေးသူ – “စာနဲ့ရေးပြီး ဖော်ပြတာကလည်း မိမိအတွေးကို ကာယကံမြောက်ဖော်ထုတ်ပြတာပဲ။ ဒါကြောင့် လူနာရေးထားတဲ့စာတွေ၊ နေ့စဉ်မှတ်တမ်းတွေကိုဖတ်ကြည့်ရင် လူနာရဲ့ စိတ်ရောဂါအခြေအနေကို သိရှိနိုင်တာပေါ့”

မေရီ – “ဒီနေ့နံနက်က ကျွန်မစစ်ဆေးခဲ့တဲ့ လူနာသစ် ပီတာ ဆေးရုံရောက်လာရတာက သူရေးထားတဲ့ နေ့စဉ်မှတ်တမ်းတွေကြောင့်လို့ ပြောနိုင်တယ်ဆရာ။ ပီတာက သူ့စိတ်ဝေဒနာကို လျှို့ဝှက်ထားတယ်။ အိမ်သားတွေနဲ့ဆက်ဆံရင် မူမပျက်အောင်ဟန်ဆောင်တယ်။ စကားကိုထိန်းပြီးပြောတယ်။ သူ့အမူအရာ ပြောင်းလဲနေတာကို မိသားစုဝင်တွေက သတိထားမိပေမယ့် အတိအကျဝေခွဲလို့မရဘူးပေါ့။ တစ်နေ့မှာ ပီတာရေးထားတဲ့မှတ်တမ်းကို သူ့အမေကဖတ်မိသွားတယ်။ ဒီတော့မှ သူတို့သားရဲ့ စိတ်ကျန်းမာရေးအတွက် စိတ်ပူလာပြီး ဆေးခန်းကိုလာပြဖြစ်တာပါ”

စာရေးသူ – “အဲဒီမှတ်တမ်းကို မေရီ ဖတ်ရသလား”

မေရီ – “ဖတ်ရပါတယ် ဆရာ။ သူရေးထားတဲ့အထဲမှာ ထူးဆန်းတဲ့စကားလုံးတွေပါတယ်။ အဓိပ္ပာယ်ရှာရခက်တဲ့ ဝေါဟာရတွေ။ ကျွန်မမှတ်မိတဲ့ စကားလုံးတစ်ခုကတော့ “အချိန်ရေယာဉ်” (Time Vessel)တဲ့။ အဲဒါဘာကို ဆိုလိုတာလဲလို့ မေးကြည့်တော့ ပီတာက လက်ပတ်နာရီကို လက်ညှိုးထိုးပြတယ်ဆရာ”

စာရေးသူ – စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ (Schizophrenia) ရှိတဲ့ လူနာတွေဟာ အဲဒီလိုထူးဆန်းတဲ့ စကားလုံးဝေါဟာရကို ပြောဆိုရေးသားလေ့ရှိပါတယ်။ အဘိဓာတ်ထဲမှာမရှိတဲ့ ဝေါဟာရအသစ်ကိုတီထွင်ပြီး သူ့အတွေးကိုဖော်ပြတာဖြစ်တယ်။ တချို့ကတော့ အများသုံးဝေါဟာရတစ်ခုကို အဓိပ္ပာယ်တစ်မျိုးနဲ့ သူတို့ထင်မြင်သလို သုံးစွဲတတ်ကြတယ်။ အဲဒီလို ထူးဆန်းတဲ့စကားလုံး ဝေါဟာရကိုအသုံးပြုရင် ဘာလက္ခဏာလို့ခေါ်သလဲ”

မေရီ – “စကားလုံးအသစ်တီထွင်ခြင်း (Neologism) လို့ ခေါ်တယ်။ ဟုတ်လားဆရာ”

တွမ် – “မှန်ပါတယ်။ ဒါပေမဲ့ စကားလုံးအသစ်၊ ဝေါဟာရအသစ်ကို တီထွင်ပြောတိုင်း စိတ်ရောဂါကြောင့်လို့ မပြောနိုင်ဘူး”

မေရီ – “ဘာကြောင့်လဲ”

တွမ် – “ဘယ်ဘာသာစကားမှာမဆို စကားလုံးအသစ်၊ ဝေါဟာရအသစ်တီထွင်နိုင်မှ အဲဒီဘာသာစကားက ကြီးထွားဖွံ့ဖြိုးလာနိုင်မယ်မဟုတ်လား။ ဥပမာ- အင်တာနက်အွန်လိုင်းအဖွဲ့အစည်းထဲ အသစ်ဝင်လာတဲ့လူကို (Noob) လို့ခေါ်တာမျိုး၊ မိမိခန္ဓာကိုယ် အလှအပအတွက် အချိန်နဲ့ငွေကို အသုံးပြုလွန်းတဲ့ယောကျာ်းကို Metrosexual လို့ ခေါ်တာမျိုးတွေပါ”

စာရေးသူ – “မှန်ပါတယ်။ လူအများက လက်ခံအသုံးပြုလာတဲ့စကားလုံးဝေါဟာရအသစ်ကို ပြောဆိုသုံးစွဲရင် စိတ်ရောဂါလက္ခဏာလို့ မဆိုနိုင်ပါဘူး”

မေရီ – “ပီတာကို ဆက်လက်စစ်ဆေးတဲ့အခါ သူပြောတဲ့စကားတွေက အဆက်အစပ်မရှိသလိုပဲ။ သူ့ဆံပင်တွေက ပွရှုပ်နေလို့ “ပီတာ ဒီမနက်ခေါင်းမဖြီးဘူးလား”လို့ ကျွန်မကမေးပါတယ်။ “ဘာကြောင့်လဲဆိုတော့ ဘဝက တွန့်လိမ်နေတယ်။ ငါ့သေတ္တာကွဲသွားတယ်”လို့ သူဖြေတယ်ဆရာ။

စာရေးသူ – “အဲဒီလို ပြောဆိုတာမျိုးကို “စကားပြော ဆက်စပ်မှုမရှိခြင်း (Incoherence) လို့ခေါ်တယ်။ အသုံးပြုတဲ့စကားလုံးတွေက မှန်ကန်ပေမယ့် စာကြောင်းဖွဲ့စည်းပုံက အစီအစဉ်မရှိ၊ ဆက်သွယ်နီးစပ်မှုမရှိ ဖြစ်နေတာပါ”

တွမ် – “အတွေးပုံသဏ္ဍာန် ချို့ယွင်းခြင်းနဲ့ပတ်သက်တဲ့ တခြားလက္ခဏာတွေလည်းရှိသေးတယ်”

မေရီ – “ဘာတွေလဲ ဆရာ”

တွမ် – “တစ်ခုခုဖြေဆိုရင် ကျိုးကြောင်းဆီလျော်မှုမရှိတာ (Illogicality)၊ အကြောင်းအရာ တစ်ခုခုကိုထပ်တလဲလဲ ပြောတတ်တာမျိုး (Perseveration) စတာတွေပါ”

မေရီ – “ဟုတ်တယ် ဆရာ။ ပီတာက ဘာသာရေးနဲ့သက်ဆိုင်တဲ့ စကားလုံးတစ်လုံးကို ထပ်တလဲလဲ ပြောနေတယ်။ ဘာတဲ့ . . “မြင့်မြတ်သော ဝိဉာဉ်တော်”ဆိုတဲ့ စကားလုံး။ အဲဒါကို သူဘာပြောပြော မဆီမဆိုင်ထည့်ပြီး ပြောနေတယ်”

စာရေးသူ – “ဆရာတို့ဆွေးနွေးခဲ့တဲ့” အတွေးပုံသဏ္ဍာန်ချို့ယွင်းခြင်းလက္ခဏာတွေကို စိတ်ကစဉ့်ကလျားစိတ္တဇရောဂါရှိသူတွေမှာ တွေ့ရတယ်။ နောက်ပြီး ဦးနှောက်ရောင်ရောဂါနဲ့ အကြောင်းတစ်ခုခုကြောင့် ဦးနှောက်ပျက်စီးရောဂါတွေမှာလည်း တွေ့ရှိနိုင်တယ်”

တွမ် – “မှန်ပါတယ်။ ဦးနှောက်ပျက်စီးနေတဲ့ ကျွန်တော်ရဲ့ လူနာတစ်ယောက်ဟာ စကားလုံးတစ်ခုကို ထပ်ပြန်တလဲလဲ ပြောနေတတ်တယ်။ နောက်တစ်ခုရှိသေးတယ်။ ကျွန်တော်က တစ်ခုခုကိုမေးမြန်းရင် အဖြေမပေးဘဲ ကျွန်တော့်မေးခွန်းကို သံယောင်လိုက်ပြီး ပြောနေတယ်”

စာရေးသူ – “အဲဒီလက္ခဏာကို ‘စကားပဲ့တင်ပြောခြင်း’ (Echolalia) လို့ခေါ်တယ်။”

တွမ် – “လိုဏ်ဂူထဲမှာ အော်ပြောလိုက်ရင် ပဲ့တင်သံပြန်လာတာမျိုးလား”

မေရီ – အတွေးပုံသဏ္ဍာန်ချို့ယွင်းမှု ရှိ၊ မရှိ ပို မိုသေချာအောင်စစ်ဆေးတဲ့ နည်းရှိတယ်ဆိုတာ ကျွန်မဖတ်မိပါတယ်။ ပိုပြီး သိချင်တယ်။ ရှင်းပြပါဆရာ”

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန် –

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top