Healthy Life Ad
Life Style

အစွဲအလန်းလွန်ကဲ ထပ်တလဲလဲ ပြုမူခြင်း (၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

“အစွဲအလန်းလွန်ကဲထပ်တလဲလဲလုပ်တဲ့ရောဂါ(အိုစီဒီ)အကြောင်းကို ဆက်လက်ဆွေးနွေးကြမယ်”

“အစွဲအလန်းကြီးတဲ့ အတွေးတွေထဲမှာ လိင်ဆန္ဒနဲ့ပတ်သက်တဲ့အတွေး၊ မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာရေးနဲ့သက်ဆိုင်တဲ့အတွေးတွေကို ရှင်းပြပါဆရာ”

“စာအုပ်ထဲမှာဖတ်ဖူးတဲ့ လူနာတစ်ယောက်အကြောင်းကို ပြောပြမယ်။ သူက အသက် ၄၀ အရွယ် အိမ်ထောင်ရှင်ယောကျာ်း။ “လိင်တူချစ်စိတ်” ရှိတဲ့ လူမဟုတ်ဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ အမြဲလိုလိုပေါ်ပေါက်လာတဲ့ အတွေးတစ်ခုရှိတယ်။ “ငါဟာ လိင်တူချစ်စိတ်ရှိသူလား”ဆိုတဲ့ အတွေးဖြစ်ပါတယ်။ ဒီအတွေးကို သူလက်မခံချင်ဘူး။ သူဟာ လိင်တူချစ်စိတ်ရှိသူ မဟုတ်ဘူးဆိုတာယုံကြည်တယ်။ အစွဲအလမ်းကြီးတဲ့အတွေးက သူရဲ့စိတ်ကိုလွှမ်းမိုးလာတော့ သူ့ကိုယ်သူသံသယဖြစ်လာတယ်။ လမ်းပေါ်မှာ ယောကျာ်းတစ်ယောက်ကိုတွေ့ရင် အဲဒီသူကို မတော်တရော်ထိတွေ့မိတယ်လို့ ထင်မြင်လာတတ်တယ်။ ထိတွေ့မိမှာကို ကြိုတင်ကြောက်ရွံ့စိုးရိမ်လာတယ်။ ဒါကြောင့် ယောကျာ်းတစ်ဦးဦးကိုတွေ့တာနဲ့ သူ့ကိုယ်သူ သတိထားပြီးထိန်းချုပ်ရတယ်။ အပြန်ပြန်စစ်ဆေးကြည့်ရတယ်။ အဲဒီလိုအတွေးတွေ၊ အပြုအမူတွေကို နေ့စဉ် နာရီပေါင်းများစွာ ခံစားနေရတယ်။ ဒီတော့ သူ့ဘဝဟာကျဉ်းကျပ်လာတယ်။ အလုပ်အကိုင်မှာ အနှောင့်အယှက်ဖြစ်လာတယ်။ ဆက်ဆံရေးပျက်ပြားလာတယ်”

အပြင်ထွက်ရင် သူ့အပြုအမူတွေကို အပြန်ပြန်အလှန်လှန်စစ်ဆေးတဲ့ ‘စစ်ဆေးသူ’ ဖြစ်လာတာပေါ့။ အိမ်ထဲမှာနေတဲ့အချိန်မှာတော့ သူ့ဇနီးကို ထပ်ပြန်တလဲလဲ မေးမြန်းတတ်တဲ့ ‘မေးမြန်းသူ’ ဖြစ်နေတယ်။ ‘ငါ လိင်တူချစ်စိတ်ရှိသူမဟုတ်ဘူးနော်။ သေချာရဲ့လား’ဆိုတဲ့ မေးခွန်းမျိုးပေါ့။ ကြာလာတော့ သူ့ဇနီးလည်း သူ့မေးခွန်းတွေကို ဖြေဆိုရတာပင်ပန်းလာတယ်။ စိတ်ပျက်လာတယ်. . .

“ဒီအတွေးတွေကို ဘယ်လိုဖျောက်ဖို့ ကြိုးစားသလဲ”

“အပြင်ထွက်ရင် သူ့အပြုအမူတွေကို အပြန်ပြန်အလှန်လှန်စစ်ဆေးတဲ့ “စစ်ဆေးသူ” ဖြစ်လာတာပေါ့။ အိမ်ထဲမှာ နေတဲ့အချိန်မှာတော့ သူ့ဇနီးကို ထပ်ပြန်တလဲလဲမေးမြန်းတတ်တဲ့ “မေးမြန်းသူ” ဖြစ်နေတယ်။ “ငါ လိင်တူချစ်စိတ်ရှိသူ မဟုတ်ဘူးနော်။ သေချာရဲ့လား” ဆိုတဲ့မေးခွန်းမျိုးပေါ့။ ကြာလာတော့ သူ့ဇနီးလည်း သူ့မေးခွန်းတွေကို ဖြေဆိုရတာပင်ပန်းလာတယ်။ စိတ်ပျက်လာတယ်။ ကိုးကွယ်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ အတွေးရှိရင်တော့ လူတွေရဲ့အမြင်မှာ “အရူးတစ်ပိုင်း” ဖြစ်နေတယ်”

“ဘာကြောင့်လဲ”

“သူ့စိတ်ထဲမှာ ဘုရားသခင်ကိုစော်ကားတဲ့ အတွေးတွေတိုးတိုးပြီး ဝင်ရောက်လာတဲ့ လူနာတစ်ယောက်ရှိတယ်။ ဒါကြောင့် လူနာရဲ့စိတ်ထဲမှာ အပြစ်ရှိမှာ၊ ငရဲကြီးမှာကို ကြောက်နေတယ်။ ဒီအတွေးတွေကို ဖျောက်ဖျက်ပစ်လို့မရဘူး။ မိမိရဲ့ ဘာသာရေးယုံကြည်မှုနဲ့ ဆန့်ကျင်နေတာကိုသိတယ်။ လက်မခံချင်ဘူး”

“ဒီတော့ ဘာလုပ်သလဲ ဆရာ”

“လူနာက အကြိမ်ကြိမ် ဘုရားရှိခိုးတယ်။ ဓမ္မဆရာနဲ့တွေ့ပြီး အကြိမ်ကြိမ် ထပ်ပြန်တလဲလဲ ဝန်ချတောင်းပန်တတ်တယ်။ အဲဒီလိုလုပ်နေတော့ ဘေးကလူတွေက ဒီလူစိတ်မနှံ့ဘူးလို့ ပြောဆိုလာကြတာပေါ့”

“မလိုအပ်ဘဲ တစ်ခုခုကို အကြိမ်ကြိမ်ပြုလုပ်နေတော့ စိတ္တဇရောဂါ (Psychosis) လက္ခဏာလို့ ပြောလို့မရဘူးလား”

“ခြားနားချက်ရှိပါတယ်။ စိတ္တဇရောဂါရှိတဲ့သူဟာ သူတို့ရဲ့မူမမှန်တဲ့အတွေးတွေကို ယုံကြည်တယ်။ ဒါကြောင့် မူမမှန်တဲ့အပြုအမူတွေ ပြုလုပ်တတ်တယ်။ ဥပမာဗျာ- စိတ်ကစဉ့်ကလျားစိတ္တဇရောဂါရှိသူက သူ့အစားအစာထဲမှာ အဆိပ်ခတ်ထားတယ်လို့ယုံကြည်နေရင် အစားအစာကိုရှောင်မယ်။ အစာမစားဘဲနေမယ်။ အဲဒါက အယူမှားကိုယုံကြည်လို့ ပြုလုပ်တဲ့အပြုအမူဖြစ်တယ်။ ‘အိုစီဒီ’ လူနာကတော့ ဘုရားသခင်ကို စော်ကားတဲ့အတွေးကို ယုံကြည်လက်ခံတာမဟုတ်ဘူး။ ဒီအတွေးတွေ သူ့စိတ်ထဲပေါ်ပေါက်လာလို့ အပြစ်ရှိတယ်လို့ ထင်မြင်လာတာ၊ ကြောက်လာတာ။ ဒီအပြစ်တွေ ပြေပျောက်နိုင်အောင် အကြိမ်ကြိမ်ဘုရားရှိခိုးတာဖြစ်တယ်။ ဒါပေမဲ့ ခြွင်းချက်တော့ရှိတယ်”

“ဘယ်လိုလဲ ဆရာ”

“အိုစီဒီရောဂါရင့်လာရင်၊ ရောဂါသက်ကြာရှည်လာရင် သူတို့ရဲ့အတွေးတွေကို တဖြည်းဖြည်း ယုံကြည်လာတတ်တယ်။ ဒါက မဆန်းပါဘူး။ လူ့သဘာဝပဲ။ ခင်ဗျားမိဘက တစ်ခုခုကို အနားကပ်တိုက်တွန်းပြောကြားနေရင် ကြာလာတော့သူတို့ရဲ့ အတွေးအခေါ်၊ အယူအဆက ခင်ဗျားရဲ့ကိုယ်ပိုင်ယုံကြည်ချက် ဖြစ်လာတတ်သလိုပေါ့။ ဒါကြောင့် တချို့အိုစီဒီလူနာတွေကို စိတ်ကစဉ့်ကလျား စိတ္တဇရောဂါ (Schizophrenia)လို့ ရောဂါသတ်မှတ် မှားတတ်ပါတယ်”

“ဆရာပြောခဲ့တဲ့ လက်ဆေးသူ (Healthy Life ဂျာနယ် အမှတ်(၆၃))နဲ့ပတ်သက်ပြီး မေးစရာရှိပါတယ်”

“ဆိုပါ”

“ကျွန်တော်ရဲ့အိမ်နီးနားချင်း သူငယ်ချင်းတစ်ယောက်က အရမ်းအသန့်ကြိုက်တယ် ဆရာ၊ လက်ဆေးရင် သေသေချာချာဆေးတယ်၊ သိပ်ကြာတယ်၊ ရေချိုးရင်လည်း သူများထက်ကြာတယ်၊ အဲဒါ အိုစီဒီရောဂါလား”

“အလွန်အမင်း မဖြစ်သေးရင်တော့ အိုစီဒီရောဂါလို့ မခေါ်နိုင်ပါဘူး။ ‘စည်းကမ်းကြီး၊ အသန့်ကြိုက် ကိုယ်ရည်ကိုယ်သွေး’ (Obsessional Personality) ဖြစ်နိုင်ပါတယ်။ မှားနိုင်တာကတော့ အလွန်အမင်းနှေးကွေးလွန်းတဲ့ အိုစီဒီရောဂါဖြစ်ပါတယ်။ Obsessional Slowness လို့ခေါ်တယ်”

“ဘယ်လိုနှေးကွေးတာလဲ ဆရာ”

“အသက် ၃၀ အရွယ်လူနာတစ်ယောက်ရှိတယ်။ သူကဘာလုပ်လုပ် အလွန်အမင်းနှေးကွေးတာပဲ။ သူအိုစီဒီရောဂါခံစားရတာ ၁၀ နှစ်ကျော်ပြီ။ မနက်အိပ်ရာထမှာ သွားတိုက်၊ မျက်နှာသစ်၊ မုတ်ဆိတ်ရိတ်တာ ၂ နာရီကနေ ၅ နာရီထိကြာတယ်”

“လူက လှုပ်ရှားမှုနှေးကွေးလာလို့လား”

“အဲဒီလိုမဟုတ်ဘူး။ အသေးစိတ်လုပ်လွန်းလို့ အချိန်ယူလွန်းလို့။ အိပ်ရာထဲကမထခင် သွားတိုက်၊ မျက်နှာသစ်၊ မုတ်ဆိတ်ရိတ်ရမယ့် အစီအစဉ်ကို အသေးစိတ်စဉ်းစားတယ်။ အိပ်ရာကထပြီး သွားတိုက်၊ မျက်နှာသစ်၊ မုတ်ဆိတ်ရိတ်တာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို တစ်ခုချင်းစစ်ဆေးတယ်။ နေရာတကျစီစဉ်ထားရတယ်။ မုတ်ဆိတ်ရိတ်မယ်ဆိုရင် မုတ်ဆိတ်ရိတ်တဲ့ဓားကို သေသေချာချာစစ်ဆေးနေတာက ၅ မိနစ်-၁၀ မိနစ်ကြာမယ်။ ဓားကို ကောက်ကိုင်လိုက်၊ ပြန်ချလိုက်လုပ်မယ်။ မုတ်ဆိတ်ရိတ်တဲ့ အဆင့်ရောက်တော့လည်း တစ်နေရာထဲမှာ အကြိမ်ကြိမ်ရိတ်လိုက်၊ ရေဆေးလိုက်လုပ်မယ်”

“အဲဒီလို ဘာကြောင့်လုပ်တာလဲ”

“လုံးဝဥဿုံပြည့်စုံလိုတဲ့စိတ်၊ အပြစ်အနာအဆာကင်းပြီး အကောင်းဆုံးဖြစ်ချင်တဲ့စိတ်ကို အခြေခံတယ်လို့ သိရတယ်။ Perfect ဖြစ်ချင်လို့”
“ဘေးကလူတွေအဖို့ စိတ်ညစ်စရာကြီးနော်”

“ဟုတ်တယ်။ အဲဒီလို အသေးစိတ်လိုက်နေတော့ နေ့စဉ်လုပ်ငန်းကိစ္စတွေမှာ ထိခိုက်တာပေါ့။ အလုပ်အကိုင်၊ လူမှုရေး၊ အိမ်ထောင်ရေးနဲ့ ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်လာတာပေါ့”

“ဆရာ ပြောခဲ့တဲ့ လက်ဆေးသူ၊ စစ်ဆေးသူ၊ ရှောင်ပြေးသူ၊ ရှိခိုးသူ၊ နှေးလွန်းသူတွေဟာ အိုစီဒီ ရောဂါလက္ခဏာအမျိုးမျိုး ခံစားရသူတွေပေါ့”

“ဟုတ်ပါတယ်။ သူတို့ရဲ့ ပြင်ပအပြုအမူတွေက ကွဲပြားနေပေမယ့် တူညီတဲ့ အခြေခံချို့ယွင်းချက်တွေရှိပါတယ်”

“ဘာတွေလဲ ဆရာ”

“သူတို့မှာ ထပ်တလဲလဲ အကြိမ်ကြိမ် ပေါ်ပေါက်လာတဲ့အတွေး ဒါမှမဟုတ် မဝေခွဲနိုင်တဲ့ သံသယစိတ်၊ ဒါမှမဟုတ် မကောင်းတဲ့ တိုက်တွန်းလှုံ့ဆော်မှုရှိတယ်”

“အဲဒီစိတ်ဖြစ်စဉ်တွေဟာ မလိုလားအပ်တဲ့ အတွေးတွေဆိုတာကို သိတယ်။ လက်မခံချင်ဘူး။ အဲဒီအတွေးတွေဟာ ကိုယ့်အတွေးတွေဖြစ်ပေမယ့် တွန်းလှန်ဖျောက်ဖျက်ပစ်ချင်တယ်။ ဒါပေမဲ့ အဲဒီအတွေးတွေကို မိမိအသိစိတ်စွမ်းအားနဲ့ ဖျောက်ဖျက်ပစ်လို့မရဘူး။ အတွေးတွေပေါ်ပေါက်မလာအောင် ထိန်းချုပ်လို့မရဘူး။ အဲဒီတော့ စိတ်ထဲမှာ ပဋိပက္ခဖြစ်ပြီး စိုးရိမ်စိတ်၊ ကြောက်စိတ်တွေ ပေါ်ပေါက်လာတယ်။ စိတ်သက်သာမှုရရှိဖို့ တစ်ခုခုကိုထပ်တလဲလဲပြုလုပ်ရတယ်။ အဲဒါ “အိုစီဒီ” ရောဂါရှိသူတိုင်းမှာ တွေ့ရှိရတဲ့ အခြေခံလက္ခဏာတွေပါပဲ”

“အိုစီဒီရောဂါရဲ့ သဘောလက္ခဏာကို နားလည်ပါပြီ ဆရာ။ ဒီရောဂါဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ ရောဂါကုသနည်းတွေကို ဆက်လက်ဆွေးနွေးပေးပါဆရာ”

“ကောင်းပါပြီ”

– နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top