Healthy Life Ad
Life Style

အခြေခံအလှကုန်ပစ္စည်းတို့၏သဘောတရား

၊ လရိပ်မေ ၊

မိန်းကလေးကြီးငယ်မရွေး သုံးစွဲလေ့ရှိကြတဲ့ အခြေခံအလှကုန်ပစ္စည်းတွေရဲ့ သဘောသဘာဝကို ရေးသားပေးလိုက်ပါတယ်။

Toner
မျက်နှာသန့်စင်ပြီးချိန်မှာ လိမ်းရတဲ့ တိုနာရည်ဟာ အရေပြားရဲ့ သဘာဝ စံဓာတ်ကို ထိန်းပေးပါတယ်။ တချို့သန့်စင်ဆေးတွေကြောင့် အရေပြားရဲ့ စံမျှခြေပျက်ပြယ်သွားပြီး အသားအရေ ခြောက်သွေ့တာနဲ့ မာတင်းတာတို့ ဖြစ်တတ်ပါတယ်။ တိုနာရည်ဟာ အသားအရေကို အစိုဓာတ်ပြန်ဖြည့်ပေးပြီး အသားအရေကို စိုပြည်နူးညံ့ချောမွေ့စေပါတယ်။

Moisturizer
အစိုဓာတ်ထိန်းခရင်မ်ဟာ အရေးကြောင်းနဲ့ အသားအရေ ခြောက်သွေ့ကြမ်းတမ်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ကို မှန်မှန်လိမ်းတာကြောင့် အသားအရေကို နုပျိုစိုပြည်စေပြီး မိတ်ကပ်လိမ်းရ လွယ်ကူစေပါတယ်။

Day Cream
အများအားဖြင့် နေ့လိမ်းခရင်မ်တွေမှာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ အရာတွေ ထည့် သွင်းထားပါတယ်။ အင်တီအောက်ဆီးဒင့်ပါတဲ့ နေ့လိမ်းခရင်မ်က ဖုန်မှုန့်တွေ၊ ညစ်ညမ်းတဲ့ လေထုနဲ့ ဓာတုပစ္စည်းတွေကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Night Cream
ညအချိန် လိမ်းရတဲ့ခရင်မ်တွေမှာ အသားအရေ စိုပြည်ချောမွေ့ပြီး ရေဓာတ်ပြည့်ဝစေတဲ့ အဆီတွေကို ထည့်သွင်းထားပါတယ်။ အထူးသဖြင့် တစ်နေ့လုံး နွမ်းနယ်ထိခိုက်နေတဲ့ အသားအရေကို ပြန်လည်အားဖြည့်နိုင်ဖို့ အဆီဓာတ်၊ အရေးကြောင်းကို တွန်းလှန်နိုင်ဖို့ ရက်တီးနွိုက်နဲ့ အယ်လ်ဖာဟိုက်ဒရော့ဆီ အက်စစ်တို့ကို ထည့်သွင်းထားလေ့ရှိပါတယ်။

Eye Cream
အိုင်းခရင်မ်ကို မျက်ဝန်းတစ်ဝိုက်မှာ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်သူကြွယ်နဲ့ ထိတွေ့ပြီး အသာအယာလိမ်းပေးရင် မျက်ကွင်းညိုတာ၊ မျက်ဝန်းတစ်ဝိုက် အရေးကြောင်းထင်တာ၊ မျက်အိတ်တွဲကျတာ စတဲ့ မျက်ဝန်းအလှထိခိုက်မှုတွေ လျော့ပါးစေပြီး မျက်ဝန်းတစ်ဝိုက် အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ဓာတ်ကို တိုးပွားစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top