Healthy Life Ad
Life Style

ဆီးချိုရောဂါရှိသူ ဖျားခြင်း

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ဆီးချိုရောဂါရှိသူတွေက ဖျားတဲ့အခါ ဆီးချိုဆေးကို မသောက်တာ၊ လျှော့တာတွေ လုပ်တတ်ကြပါ တယ်။ အဲဒါ ဘာဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ ဆီးချိုသမားတွေက အကြောင်းကြောင်းကြောင့် ဖျားတတ်ပါတယ်။ ဒီလို ဖျားရင် ဘာကြောင့်ပဲဖျားဖျား လူနာအများစုထင်တာက ဖျားတဲ့အတွက်ကြောင့် မစားနိုင်၊ မသောက်နိုင်ဖြစ်ကြတဲ့အတွက် ဆီးချိုက တက်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ဆီးချိုတက်မှာ မဟုတ်ဘူးလို့ သူတို့ဘာသာယူဆတဲ့အတွက် ဆီးချို တအားကျသွားမှာကို စိုးရိမ်ပြီး ဆီးချိုကုသဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်ရပ်လိုက်ကြပါတယ်။

တကယ်တမ်းမှာတော့ ဖျားတယ်ဆိုတာ စိတ်ဖိစီးမှုတစ်မျိုးပါပဲ။ စိတ်ဖိစီးမှုဖြစ်လာတာနဲ့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ကို ဟန့်တားစေတဲ့ ကောတီစောဓာတ်တွေထွက်လာပါတယ်။ အဲဒီဓာတ်တွေက စိတ်ဖိစီးဖြစ်တိုင်း ထွက်လာပြီး အင်ဆူလင်ကို ဆန့်ကျင်တဲ့ဓာတ်ရှိတဲ့အတွက် ဆီးချိုက ပိုပြီးတက်လာပါတယ်။

လူတစ်ယောက်က လေဖြတ်သွားတယ်ဆိုရင် စိတ်ဖိစီးမှုတွေ ဖြစ်သွားပါတယ်။ ကောတီစောတွေထွက်လာပြီး ဆီးချိုကပိုတက်လာပါတယ်။ နှလုံးသွေးကြောပိတ်သွားတယ်၊ ဖျားတယ်ဆိုတာကလည်း အတူတူတွေပါပဲ။ တကယ်တမ်းမှာ ဆီးချိုရောဂါရှိသူ ဖျားရင် ဆီးချိုက ပိုတောင်တက်နိုင်ပါသေးတယ်။ လူတွေရဲ့အယူအဆတွေက မှားနေကြတာပါ။

ဖျားတာနဲ့ ဆေးကို ရပ်လိုက်တဲ့အတွက်ကြောင့် ဆီးချိုက တအားတက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ သတိထားရမှာက ကိုယ်ထင်သလို ဆီးချိုက အရမ်းမကျသွားနိုင်ပါဘူး။ ဆီးချိုဆေးတွေကိုလည်း မရပ်လိုက်သင့်ပါဘူး။

မေး ။ ဆီးချိုရောဂါရှိသူတစ်ဦးဖျားရင် ဘာဆက်လုပ်သင့်ပါသလဲ ဆရာ။
ဖြေ ။ ဆီးချိုသမားတစ်ယောက်ဖျားရင် သက်ဆိုင်ရာ ဆီးချိုအထူးကုဆရာဝန်နဲ့ပြဖို့က အဓိကပါပဲ။ နောက် တစ်ချက်ကတော့ ဖျားတဲ့နေ့တွေမှာ ဆီးချိုကို မကြာခဏစစ်ပေးပါ။ တစ်နေ့ကို သုံးကြိမ် ဒါမှမဟုတ် လေးကြိမ်လောက်စစ်ပါ။ မကြာခဏ စစ်ဆေးမှု (Frequent Monitoring) ကအရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ် ကျသွားတယ်ဆိုရင်တော့ ဆေးကို လျှော့သောက်ထားလို့ရပေမယ့် ဆီးချိုတက်နေတဲ့ အချိန်တွေမှာ ဆေးကို ပိုသောက်ဖို့တောင်လိုအပ်တတ်ပါတယ်။ ဆီးချိုသမား ဖျားရင် ရေကိုများများ သောက်ပေးပါ။
ဆီးချို အရမ်းတက်နေတဲ့အခါ သောက်ဆေး နဲ့မနိုင်တော့ရင် အင်ဆူလင် ပြောင်းထိုးတတ်ပေးဖို့ လိုပါတယ်။ နေကောင်းသွားမှ သောက်ဆေးကို ပြန်သောက်ခိုင်းပါတယ်။ သောက်ဆေးက တစ်ခါ သောက်လိုက်ရင် သွေးထဲမှာ ၆ နာရီကနေ ၈ နာရီ အထိရှိနေပါတယ်။ သောက်ပြီးရင် ပြန်ပြင်လို့မရပါဘူး။ အင်ဆူလင်ဆေးကတော့ ၆ နာရီခြား တစ်ခါ ထိုးရတဲ့အတွက် ပိုသက်သာပါတယ်။

မေး ။ အအေးမိပြီး ဖျားတာဆိုရင် ဘယ်လို လုပ်ဆောင်သင့်ပါသလဲဆရာ။
ဖြေ ။ ဆီးချိုသမား ဖျားတိုင်းလည်း ဆရာဝန်ဆီလာပြဖို့ အဆင်ပြေချင်မှပြေမှာပါ။ ဆီးချိုသမားတစ်ဦး ဖျားတယ်။ အဖျားကလည်း နည်းတယ်။ နည်းနည်းပါးပါး အအေးမိတာ၊ နှာစေးတာလောက်ဆိုရင် အိမ်မှာပဲနေလို့ရပါတယ်။ အဓိက လုပ်ရမှာကတော့ ဆီးချိုကို စစ်ဆေးပေးနေဖို့ပဲဖြစ်ပါတယ်။

မေး ။ ဆီးချိုရောဂါရှိသူတွေ ဖျားတဲ့အချိန်မှာ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ ပတ်သက်ပြီး ထပ်မံမှာကြားလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ ။ နောက်တစ်ခု အထူးမှာချင်တာက ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်မရပ်လိုက်ပါနဲ့။ ဆီးချိုက ၆၀ အောက်အထိရောက်နေရင်တော့ ဆေးတွေကို လျှော့သောက်လို့ရပါတယ်။ တက်နေရင်တော့ ပိုပြီး တိုး သောက်ဖို့လိုပါတယ်။ အစားအသောက်ကတော့ ပုံမှန်အတိုင်း ဆက်စားလို့ရပါတယ်။ ဖျားနေတဲ့အတွက် ကြောင့် အစာကြေလွယ်တဲ့ အစားအသောက်တွေစားရင် ပိုကောင်းပါတယ်။ များသောအားဖြင့် ဖျားနာတဲ့ ဝေဒနာအတွက်ပေးတဲ့ ပဋိဇီဝပိုးသတ် ဆေးတွေနဲ့ ဆီးချိုကုသဆေးတွေနဲ့ တွဲသောက်လို့ရပါတယ်။ ပြဿနာမရှိပါဘူး။ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဆီးချိုကုသဆေးတွေနဲ့ တွဲသောက်လို့ရပါတယ်။ ဒါပေမဲ့ ဆီးချိုသမားတစ်ဦး ကျောက်ကပ် ထိထားတယ်ဆိုရင်တော့ အကိုက်အခဲပျောက်ဆေးတွေကို တစ်ခါ-နှစ်ခါ သောက်တာက ဘာမှမဖြစ်ပေမယ့် စွဲသောက်လို့မရပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top