Healthy Life Ad
Life Style

ဘယ်အချိန်မှာမဆို ဖက်ရှင်ကျကျ လှပနေစေမယ့် အခြေခံအချက်များ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ရာသီတစ်ခု ကူးပြောင်းတိုင်း ဖက်ရှင်ရေစီးကြောင်းက လိုက်ပါပြောင်းလဲနေပါတယ်။ အချိန်နဲ့ တစ်ပြေးညီတိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ဝတ်စားဆင်ယင်တတ်ဖို့ဆိုရင် အဝတ်ဗီရိုထဲက ပုံတုံးသွားပြီဖြစ်တဲ့ ဝတ်စုံတွေကို မကြာခဏ လွှင့်ပစ်နေရပါလိမ့်မယ်။ အဲဒီလိုမဖြစ်စေဖို့ ဘယ်အချိန်မှာမဆို ရိုးရိုးလေးနဲ့ အမြဲခေတ်မီစမတ်ကျနေအောင် လိုက်နာသင့်တဲ့ အခြေခံအချက်တွေကိုအကြံပြုပါရစေ။

အရောင်တစ်မျိုးတည်းပါသောဝတ်စုံ များများဝယ်ပါ
အပွင့်တွေ၊ အဆင်တွေ၊ အကွက်တွေက အခုခေတ်စားလိုက်၊ သိပ်မကြာခင် မှေးမှိန်သွား လိုက်ပြောင်းလဲနေပါတယ်။ ဒါကြောင့် တန်ဖိုးကြီးတဲ့ ပွဲသွားပွဲလာ ဝတ်စုံတွေကို ဝယ်မယ်ဆိုရင် အရောင်တစ်မျိုးတည်းပါတဲ့ ဝတ်စုံ၊ ဂါဝန်၊ စကတ် စတာတွေကိုဦးစားပေးပြီး ဝယ်သင့်ပါတယ်။ ညပွဲ အများစုဆိုရင် အနက်ရောင် ဂါဝန်နဲ့ဝတ်စုံတွေက အဆင်ပြေပေမယ့် နေ့ပွဲတွေအတွက်ဆိုရင် ပန်းရောင်၊ ခရမ်းရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အဖြူရောင်စတဲ့ အရောင်လွင်လွင်လေးတွေက သင့်ကို ထင်ပေါ်ကြော့ရှင်းစေပါတယ်။

ဖန်စီလက်ဝတ်လက်စားများကို ဖက်ရှင်ကျကျ ဝတ်ဆင်ပါ
ဖန်စီလက်ဝတ်လက်စားတွေကို တစ်ခုနဲ့တစ်ခု ရောယှက်ပြီး ဖက်ရှင်ကျအောင် ဝတ်တတ်ဖို့ကလည်း ပညာသားပါတာပါပဲ။ တကယ်လို့ သင်က ဖန်စီလက်ဝတ်လက်စားတွေကို သိပ်သဘောကျသူမဟုတ်ရင် ကြိုးလှလှတစ်ကုံး၊ နားဆွဲတစ်ခု၊ လက်ကောက်တစ်ရံလောက်ပဲ ဝတ်သင့်ပါတယ်။ ဖန်စီ လက်ဝတ်လက်စားတွေက တွဲဖက်မဝတ်တတ်ရင် မျက်စိအမြင်ကို ရှုပ်ထွေးစေလို့ပါ။ တစ်ခါတစ်ရံ ဘာလက်ဝတ်လက်စားကိုမှ မဝတ်တာကလည်း ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းစေပါတယ်။

မျက်နှာသွင်ပြင်ပေါ်လွင်အောင် လည်ပင်းကို ခပ်ကျယ်ကျယ်ဖော်ထားပါ
ကော်လာပါတဲ့ အင်္ကျီတွေနဲ့ လည်ပင်းအဝိုင်း ပုံစံအင်္ကျီတွေက အမြဲဖက်ရှင်ကျတယ်ဆိုပေမယ့် သင့်မျက်နှာနဲ့ မျက်လုံး၊ မျက်ခုံတွေရဲ့အလှကို အာရုံစိုက်မိဖို့ဆိုရင်တော့ “ဗီ(V)”ပုံစံ၊ ရင်ပြတ်အင်္ကျီနဲ့ လေးထောင့်ပုံစံတွေက ပိုအဆင်ပြေပါတယ်။ သင့် လည်ကုပ်သားက ပြည့်တင်းမှုမရှိဘဲ အရိုးပေါ်နေ ရင် ဗီ(V)ပုံစံအင်္ကျီနဲ့ လိုက်ဖက်ပါတယ်။ ပြည့်တင်းတဲ့လည်ကုပ်ပိုင်ရှင်တွေကတော့ ရင်ပြတ်အင်္ကျီ၊ လေးထောင့်ကျတဲ့ လည်ပင်းပုံနဲ့အင်္ကျီတွေနဲ့ ပိုကြည့်ကောင်းနေပါလိမ့်မယ်။

လှုပ်ရှားမှု နည်းသော ဝတ်စုံကို ရွေးပါ
ဆိုလိုတာက အတွန့်တွေ၊ လှိုင်းတွေပါတဲ့ အင်္ကျီမျိုးကို ဝတ်ဆင်မယ်ဆိုရင် ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အတွန့်တွေ၊ လှိုင်းတွေပါရင် အောက်ပိုင်းက ရိုးရိုးရှင်းရှင်းဖြစ်နေဖို့ လိုပါတယ်။ ဝတ်စုံတစ်ထည်လုံး အတွန့်တွေ၊ လှိုင်းတွေ၊ အဆင်တွေပါနေရင် ကြည့်ရတာ လှုပ်ရှားမှုများသလိုထင်ရပြီး ရှုပ်နေတတ်ပါတယ်။ ဒါကြောင့် သက်သောင့်သက်သာရှိပြီး စမတ်ကျစေမယ့် လှုပ်ရှားမှုနည်း ဝတ်စုံမျိုးကို ရွေးချယ်သင့်ပါတယ်။

ဒေါက်ဖိနပ်၊ ရှူးဖိနပ်၊ ဘွတ်ဖိနပ်၊ ဖိနပ်ပါး
သင်ကခေတ်မီမိန်းကလေးတစ်ဦးဖြစ်ရင် ဖိနပ် အမျိုးအစားလေးမျိုးလောက်တော့ အနည်းဆုံး ရှိသင့်ပါတယ်။ ပွဲလမ်းအခမ်းအနားပေါ် မူတည်ပြီး အမြင့်ငါးလက်မကျော်တဲ့ ဒေါက်ဖိနပ်ကို စီးဖို့လိုသလို စတိုင်ဘောင်းဘီ၊ ကုတ်အင်္ကျီတို့နဲ့ လိုက်ဖက်တဲ့ ရှူးဖိနပ်ကိုလည်း စီးတတ်ရပါမယ်။ ဖိနပ်အရောင်ရွေးတဲ့ အခါ တတ်နိုင်သမျှ အမည်းရောင်နဲ့အဖြူရောင်တို့ကိုရွေးပါ။ ဒါမှ ဝတ်စုံအများစုနဲ့တွဲဝတ်လို့ အဆင်ပြေ မှာဖြစ်ပါတယ်။

ရိုးရာဝတ်စုံကို ဆောင်ထားပါ
ဘယ်တော့မှ မရိုးနိုင်တဲ့ဝတ်စုံက ရိုးရာဝတ်စုံပဲ ဖြစ်ပါတယ်။ ဂျပန်ကီမိုနို၊ မြန်မာချိတ်ထဘီ၊ ချင်းရိုးရာလုံချည်၊ မွန်လုံချည်၊ ကချင်ချည်ထည်စတဲ့ ရိုးရာ အဆင်တွေက အမြဲလိုလိုဖက်ရှင်ကျနေတတ်ပါတယ်။ မင်္ဂလာဆောင်၊ အလှူ၊ ဘုန်းကြီးကျောင်းစတဲ့ နေရာတွေကိုသွားတဲ့အခါ ရိုးရာအဆင်တွေကို စမတ်ကျကျဝတ်ဆင်တာက ပိုမိုပနံရတင့်တယ်နေပါလိမ့်မယ်။

လက်ကိုင်အိတ်ကိုလည်း ရွေးချယ်ပါ
ဝတ်စုံနဲ့ လိုက်ဖက်မှု ရှိတဲ့ လက်ကိုင်အိတ်ကို ရွေးချယ်ဖို့လိုသလို ထည့်မယ့်ပစ္စည်းတွေနဲ့ အဆင်ပြေဖို့လည်း လိုအပ်ပါတယ်။ လက်ကိုင်အိတ်အရောင်က ကာကီရောင်၊ ငွေမင်ရောင်၊ ခဲရောင်၊ ရွှေရောင်စတဲ့ အရောင်တွေကိုဝယ်ထားရင် ဝတ်စုံအများစုနဲ့ အဆင်ပြေတတ်ပါတယ်။

အခမ်းအနားနှင့် အဆင်ပြေအောင်ပြင်ဆင်ပါ
သင်တက်ရောက်မယ့် နေရာ၊ သွားလာမယ့် ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ချစ်စရာကောင်းအောင် ပြင်ဆင်ရမှာလား၊ ဆွဲဆောင်မှု ရှိအောင် ပြင်ရမှာလား၊ စမတ်ကျအောင် ပြင်ရမှာလားဆိုတာ စဉ်းစားပါ။ ဝတ်မယ့်ဝတ်စုံနဲ့ လိုက်ဖက်အောင်ပြင်ပါ။ ဘယ်နေရာကိုပဲ သွားသွား၊ ပေါင်ဒါမှုန့်၊ နှုတ်ခမ်းနီ၊ တစ် သျှူးနဲ့မှန်ကိုတော့ ဆောင်သွားပါ။

အသားအရေကို စနစ်တကျ ထိန်းသိမ်းပါ
အမျိုးသမီးတစ်ယောက် ဖက်ရှင်ကျလှပဖို့ အသားအရေကလည်း အရေးပါပါတယ်။ အသားအ ရေဝင်းပကြည်လင်နေရင် အများကြားမှာ ပိုပြီး စမတ် ကျလှပနေမှာပါ။ အသားအရေကြည်လင်နေဖို့ရာ အတွက် နေ့စဉ်မှန်မှန် အသားအရေ ထိန်းပေးဖို့လိုပါတယ်။ မျက်နှာကို သန့်ရှင်းစင်ကြယ်အောင် ဆေး ကြောပြီးတဲ့အခါ တိုနာလိမ်းပေးပါ။ ပြီးရင် နို့ရည် ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ်ကိုလိမ်းပေးဖို့ လိုပါတယ်။ ဒါက အခြေခံအကျဆုံး အသားအရေ ထိန်းနည်းပါ။ အချိန်ပေးရင်ပေးနိုင်သလို သင့်အသားအရေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ထိန်းသိမ်း သင့်ပါတယ်။

အသားအရေလှပဖို့အတွက် အစားအသောက်ကလည်း အရေးပါတာကြောင့် ရေဓာတ်ပြည့်ပြီး အရေပြားစိုပြည်နေအောင် ရေကို များများသောက်ပါ။ အရည်ရွှမ်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက် တွေကိုများများစားပေးပါ။ အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။ အထူးသဖြင့် ကျန်းမာရေးကောင်းမွန်အောင် နေထိုင်ပါ။ ကျန်းမာရေးကောင်းမွန်မှုရှိတာက မိန်းကလေးတစ်ယောက်ရဲ့အလှတရားကို ပိုမိုတင့်တယ် စေပါတယ်။

အမျိုးသမီးတို့အတွက် မရှိမဖြစ်ဖက်ရှင်စ္စည်းများ

– ခါးပတ်(ဘောင်းဘီခါးပတ်၊ အလှဝတ်ခါးပတ်)

– ဆံပင်ထုံးဖွဲ့ရာမှာ လိုအပ်တဲ့ ဆံပင်အခြောက်ခံစက်၊ ဆံပင်ကောက်စက်၊ ဖြောင့်စက်၊ ခေါင်း စည်းကြိုး၊ ကလစ်၊ ဖဲပြားစတာတွေ။

– ဖန်စီလက်ဝတ်လက်စားတွေ၊ တန်ဖိုးကြီးကျောက် မျက်ရတနာတွေ၊

– လက်ကိုင်အိတ်၊ ဟန်းဘတ်အိတ်။

– နေကာမျက်မှန်၊ ဦးထုပ်။

– ပဝါ၊ မာဖလာ။

– အသားအရေထိန်းပစ္စည်းများ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top