Healthy Life Ad
Life Style

‘ဆီးချိုရောဂါ တစ်နေ့တာ’

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

၁၁။ ညစာထမင်း

ညစာမစားမီ ဆီးချိုဆေးကို ညွှန်ထားတဲ့အတိုင်း သောက်ရပါမယ်။ ခေတ္တစောင့်ပြီးမှ ထမင်းစားပါ။

ညစာထမင်းကို အများအားဖြင့် အားရပါးရ များများ စားလေ့ရှိပါတယ်။ တစ်နေ့တာလုံး အလုပ်များသူတွေဟာ စားတာ၊သောက်တာ မမှန်ဘဲ အလုပ်ပြီးချိန် ညစာစားတော့မှ အတိုးချပြီး ဗိုက်တွေပြည့်တင်းအောင် စားဖြစ်သွားတတ်ကြပါတယ်။ အရှိန်မထိန်းနိုင်ဘဲ စားသင့်တဲ့ ကယ်လိုရီအာဟာရထက် ပိုလွန်သွားတော့ အဝလွန်တာဖြစ်မယ်။ ဝသူတွေအဖို့ ဝိတ်ချဖို့ ပိုခက်ခဲသွားပါမယ်။

နောက်တစ်မျိုးဖြစ်တတ်တာကတော့ ညစာ မစားတော့ဘဲ နေတဲ့သူတွေလည်း ရှိကြပြန်ပါတယ်။ အစာမရှိဘဲ သောက်ထားတဲ့ဆေးအားတွေက များနေပြန်ရင်လည်း ညအိပ်ပျော်နေချိန်မှာ သွေးချိုအကျလွန်တာ ဖြစ်တတ်ပါတယ်။ ဒီနှစ်မျိုးလုံးကို ရှောင်ရှားရပါမယ်။

အိမ်ရှင်မတွေအတွက် နောက်ထပ်သတိပေးစရာတစ်ခုကတော့ မိသားစုဝင်တွေ စားလို့မကုန်ဘဲ ပိုလျှံနေတဲ့အစားအစာတွေကို နှမျောပြီး ကုန်အောင်ရှင်းပစ်ကြတာ မကြာခဏတွေ့ရတတ်ပါတယ်။ အိမ်နောက်ဖေးရဲ့အမှိုက်ပုံးလို့ ခေါ်ကြတယ်။ ဒါကြောင့် အိမ်ရှင်မတွေ ပိုပြီးဝလာကြပါတယ်။ ဗိုက်ပြည့်နေရင် နှမျောပြီးစားတာမျိုးကို ရှောင်ရပါမယ် . . .

ညစာစားချိန်တွေကလည်း ဘဝနေထိုင်မှု ပုံစံပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ အထူးသဖြင့် အိပ်ချိန်နဲ့ကပ်ပြီး ညစာနောက်ကျ စားရင်စားသမျှခွန်အားကယ်လိုရီတွေကို ကိုယ်လက် လှုပ်ရှားခြင်းဖြင့် သုံးဖြုန်းပစ်တာမရှိလို့ အဆီအဖြစ် စုဆောင်းသိုလှာင်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ခါနီး ညစာဝအောင်မစားသင့်ပါဘူး။ အဝလွန်တာဖြစ်လာတတ်ပါတယ်။ ညစာထမင်းကို ၇နာရီ ထက်နောက်ကျပြီး မစားသင့်ပါဘူး။

ညစာမှာ ဘာတွေစားနိုင်သလဲဆိုတော့ ပုံမှန်ထမင်းနဲ့ဟင်းတွေ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အသားငါးတွေစုံအောင်စားပါ။ ကိုယ်အလေးချိန် များနေသူတွေအဖို့ ထမင်းကို ခါတိုင်းထက် လျှော့စားပါ။ အဆီများတဲ့အစာ၊ ဆီပြန်ဟင်း၊ ခေါက်ဆွဲ ကြော်၊ ကြာဇံကြော်၊ ဒန်ပေါက်ထမင်း စတဲ့ အလွယ် စာတွေကို ရှောင်ပါ။ အလုပ်ကြမ်းလုပ်သူ တွေမှာ ကယ်လိုရီပိုလိုအပ်ပြီး ရုံးထိုင်ရသူတွေ၊ အိမ်မှာ နားနားနေနေ အားလပ်နေတဲ့သူတွေ၊ ပင်စင်စား တွေအဖို့တော့ ကယ်လိုရီလျော့လိုပါမယ်။
အိမ်ရှင်မတွေအတွက် နောက်ထပ်သတိပေးစရာတစ်ခုကတော့ မိသားစုဝင်တွေ စားလို့မကုန်ဘဲ ပိုလျှံနေတဲ့အစားအစာတွေကို နှမျောပြီး ကုန်အောင် ရှင်းပစ်ကြတာ မကြာခဏတွေ့ရတတ်ပါတယ်။ အိမ် နောက်ဖေးရဲ့အမှိုက်ပုံးလို့ ခေါ်ကြတယ်။ ဒါကြောင့် အိမ်ရှင်မတွေ ပိုပြီးဝလာကြပါတယ်။ ဗိုက်ပြည့်နေရင် နှမျောပြီးစားတာမျိုးကို ရှောင်ရပါမယ်။

ညနေစာစားပြီး သွေးတွင်းအဆီကျဆေး statin “စတက်တင်”နဲ့ တခြားဆေးတွေသောက်ဖို့ မမေ့ပါနဲ့။

၁၂။ ညစာစားပြီး လမ်းအနည်းငယ်လျှောက်ပြီးမှ ထိုင်ပါ

ညစာစားပြီး ဘာလုပ်ကြသလဲ။ အများအားဖြင့် ဖန်သားပြင်ကို ကြည့်ရှုတဲ့ အလုပ်တွေ လုပ်ကြပါ တယ်။ ဒါကို screen time လို့ခေါ်ပါတယ်။ တီဗီ အ ကြာကြီးကြည့်တာ၊ ဇာတ်လမ်းတွဲတွေ ဆက်တိုက် မထစတမ်းကြည့်တာတွေ လျှော့ရပါမယ်။ ကွန်ပျူတာ၊ ဖေ့စ်ဘွတ်ခ်ကြည့်တာ၊ ကွန်ပျူတာရှေ့မှာအကြာကြီး အလုပ်လုပ်တာ၊ ဂိမ်းအကြာကြီးကစားတာ . . ဒါတွေကို သတိထားပြီး လျှော့သင့်ပါတယ်။ စကရင်တိုင်းမ် screen time များလေလေ အဝလွန်တာနဲ့ အတူ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေငန်းရောဂါ၊ ဆီးချိုနဲ့သွေးတိုးရောဂါတွေလည်း ပိုဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top