Healthy Life Ad
Life Style

နွေကာလကျန်းမာဖို့ရာ . . သိမှတ်ဖွယ်ရာ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ၊ အထွေထွေရောဂါကု ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးခြင်း)

နွေရာသီနှင့် အထွေထွေကျန်းမာရေး

မေး. ပူပြင်းတဲ့နွေရာသီမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်သင့်ပါသလဲ ဆရာ။

ဖြေ. ကျန်းမာအောင်နေထိုင်တဲ့နေရာမှာ နေပူထဲအလုပ်လုပ်ရတဲ့ ကာယအလုပ်သမားတွေရှိပါတယ်။ နွေရာသီမှာ ကာယအလုပ်သမားတွေအတွက် ကျန်းမာရေးက ပိုပြီးထိခိုက်နိုင်ခြေရှိပါတယ်။ တခြားလူတွေကလည်း သူလုပ်ကိုင်တဲ့ အလုပ်အကိုင်နဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး နွေရာသီမှာ ကျန်းမာအောင် ဂရုစိုက်သင့်ပါတယ်။ ဥပမာ အရမ်းချွေးထွက်များတဲ့အလုပ်တွေ၊ ပူပြင်းတဲ့နေရာမှာ အလုပ်လုပ်ရတာတွေနဲ့ အပူဒဏ်ခံရတဲ့ အလုပ်တွေလုပ်ရရင် အခုလို ပူပြင်းတဲ့နွေရာသီမှာ ကိုယ်လုပ်တဲ့ အလုပ်အကိုင်နဲ့ဆက်စပ်ပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်။

မေး. နေအပူရှိန်ကြောင့် လူ့ခန္ဓာကိုယ်မှာဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ပြောပြပေးပါဆရာ။

ဖြေ. အပူတွေအရမ်းများလာရင် ခန္ဓာကိုယ်ကနေ ပုံမှန်အပူချိန်ထက်များလာပြီး ချွေးတွေအရမ်းထွက်လာတယ်။ ဒါကို Heat Stress လို့ခေါ်ပါတယ်။ နေအရမ်းပူတဲ့အတွက် ချွေးတွေအရမ်းထွက်ပြီး နုံးသွားတဲ့အခြေအနေ (Heat Exhaustion) ဖြစ်တတ်ပါတယ်။ ဒီအခါမှာ ပျို့ချင်အန်ချင်တယ်၊ ခြေလက်မအီမသာတွေ ဖြစ်လာတယ် . .ဒါဆိုရင်တော့ ရေသောက်ရုံနဲ့မရပါဘူး။ ချွေးထွက်များရင်သောက်တဲ့ အားကစားသမားသုံး အချိုရည်တွေ၊ ဓာတ်ဆားတွေ သောက်ရပါတော့မယ်။

နောက်တစ်ခုကတော့ ကြွက်သားတွေနာလာပြီး ကြွက်တတ်သလို အခြေအနေ (Heat Cramp) ရလာတတ်ပါတယ်။ ဒီကနေ အရမ်းပူပြီး ခေါင်းမူးလာတယ်၊ ခန္ဓာကိုယ်ဟန်ချက်မညီတော့ဘဲ ယိမ်းယိုင်လာတယ် . . လမ်းလျှောက်နေရင်း မိုက်ခနဲ ဖြစ်တဲ့အခြေအနေ (Heat Syncope) ဖြစ်လာတတ်ပါတယ်။ အပူချိန်အရမ်းပြင်းတဲ့အခါ ခန္ဓာကိုယ်မှာ အနီစက်လိုမျိုးဖြစ်လာတဲ့ Heat Rash လည်း ဖြစ်တတ်ပါတယ်။ အဆိုးဆုံးကတော့ အပူလျှပ်သွားတဲ့အဆင့် (Heat Stroke) ရတတ်ပါတယ်။ ဒီအခြေအနေဆိုရင် ချွေးအရမ်းထွက်ရာကနေ ချွေးထွက်တာ လုံးဝရပ်သွားပါတယ်။ ကိုယ်တွင်းအပူချိန်တက်လာတယ်၊ ပြီးရင် သတိလစ်တာ၊ တက်တာတို့ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

မေး. ဒီလိုအခြေအနေဖြစ်လာရင် သက်သာရာရအောင် ဘယ်လိုဂရုစိုက်နေထိုင်သင့်ပါသလဲ ဆရာ။

ဖြေ. တကယ်လို့ ကိုယ်ကရာသီဥတုပူပြင်းလာပြီ၊ လုပ်ရတဲ့ အလုပ်တွေကလည်း အလုပ်ကြမ်းတွေ၊ အပူနဲ့ပတ်သက်တဲ့ အလုပ်တွေဆိုရင် ပိုဂရုစိုက်ဖို့လိုပါတယ်။ မောပန်းနွမ်းနယ်လာတယ်၊ မူးခနဲ . . မိုက်ခနဲ ဖြစ်ချင်လာတယ်၊ အရေပြားမှာ အနီစက်တွေထလာတယ် . .ဒီလိုအခြေအနေဆိုရင် သတိထားရပါမယ်။ အနားယူသင့်ရင် ယူရပါမယ်။ မူးခနဲ၊ မိုက်ခနဲဖြစ်လာရင် အရိပ်ရတဲ့နေရာမှာ ခဏနားရပါမယ်။ ရေသောက်ရမယ်၊ တတ်နိုင်ရင် Juice၊ ဓာတ်ဆားရည်နဲ့ အားဖြည့်အချိုရည် သောက်ပေးရပါမယ်။ အပူလျှပ်ပြီး သတိလစ်သွားတဲ့ အခြေအနေဆိုရင်တော့ အမြန်ဆုံးဆေးရုံတင်ရပါမယ်။

မေး. နွေရာသီမှာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာနေအောင် ဘယ်လိုဂရုစိုက်သင့်ပါသလဲ ဆရာ။

ဖြေ. ဘယ်သူမဆို နေပူထဲသွားရင် ဦးထုပ်ဆောင်းဖို့၊ ထီးဆောင်းဖို့လိုပါတယ်။ အရမ်းပူတဲ့ နေရာတွေသွားရင် အရိပ်ရတဲ့နေရာမှာ နားနားနေနေ နေပြီး သွားလာသင့်ပါတယ်။ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေက ပိုခံစားရတဲ့အတွက်ကြောင့် ပိုဂရုစိုက်ဖို့လိုပါတယ်။ နေပူထဲက ပြန်လာတာနဲ့ ရေချိုးတာ၊ ခြေထောက်ရေဆေးတာ၊ မျက်နှာသစ်တာတို့ကို ချက်ချင်းမလုပ်သင့်ပါဘူး။ နားပြီးမှလုပ်သင့်ပါတယ်။

မေး. အပူဒဏ်ကြောင့် အရေပြားမှာ အနီစက်ပေါ်တဲ့ Heat rash က မိတ်နဲ့ ဘယ်လိုကွာခြားချက်ရှိပါသလဲ ဆရာ။

ဖြေ. Heat Rash ဆိုတာ အရေပြားမှာ အင်ပျဉ်လိုအနီစက်တွေ၊ အနီပြင်တွေပေါ်တာမျိုးပါ။ ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရပါတယ်။ ပူတဲ့ရာသီမှာ မိတ်လည်းပေါက်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အရေပြားမှာ အနီပြင်၊ အနီစက်နဲ့ မိတ်ဖုတွေပေါက်ရင် ရေခဲဖတ်ကပ်ပေးဖို့ လိုပါတယ်။ အယားသက်သာစေတဲ့ လိုးရှင်း၊ ခရင်မ်တွေ လိမ်းလို့ရပါတယ်။ မသက်သာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ သွားပြဖို့လိုပါတယ်။ ကုတ်ခြစ်မိရင် ပိုးဝင်ပြီး အနာတွေဖြစ်တတ်တာကို သတိထားစေချင်ပါတယ်။

မေး. နွေရာသီမှာဖြစ်တတ်တဲ့ တခြားကျန်းမာရေး ပြဿနာတွေရှိရင် ပြောပြပေးပါဆရာ။

ဖြေ. နွေရာသီမှာ အပူနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေက အဖြစ်များပါတယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး သွေးကြောကျဉ်းရောဂါစတဲ့ ရောဂါအခံရှိရင် ပိုပြီးထိခိုက်ခံစားရတာကြောင့် နေပြင်းချိန်မှာ အထူးဂရုစိုက်ဖို့လိုပါတယ်။ ပူပြင်းတဲ့ရာသီမှာ အရက်သောက်တာကို တတ်နိုင်သမျှလျှော့ချဖို့လိုပါတယ်။ နေပြင်းချိန်မှာ သွေးတိုးရောဂါအခံရှိသူတွေ အရက်အလွန်အကျွံသောက်တာကြောင့် ဦးနှောက်သွေးကြော ပေါက်တတ်ပါတယ်။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်တတ်တဲ့သူတွေကလည်း ဒီလိုအခြေအနေမှာ သတိထားဖို့လိုပါတယ်။ ကာယအလုပ်သမားတွေကလည်း ခေါင်းဆောင်း ဒါမှမဟုတ် ဦးထုပ်ဆောင်းတာ၊ သနပ်ခါးလိမ်းတာ၊ ချည်ထည်အင်္ကျီလက်ရှည်ဝတ်တာတို့ လိုက်နာဖို့လိုပါတယ်။ ပင်ပန်းရင် နာရီဝက်တစ်ခါ အရိပ်အောက်မှာ နားပေးသင့်ပါတယ်။

မေး. နွေရာသီကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး တခြားဖြည့်စွက်ပြောကြားလိုတာရှိရင် သိပါရစေဆရာ။

ဖြေ. မိဘပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ ကျန်းမာရေး အသိပေးကြေညာချက်တွေကိုဖတ်ပါ၊ သူများကိုဖြန့်ဝေပါ။ ဒါမှသာ နေပူရှိန်ကြောင့် ကျန်းမာရေးပြဿနာဖြစ်လာရင် ဘယ်လိုရှေးဦးပြုစုရမလဲဆိုတာ သိနားလည်မှာပါ။ တစ်ခုခုဖြစ်လာရင် အိမ်မှာကျိတ်ကုမနေဘဲ တတ်ကျွမ်းနားလည်တဲ့ အထူးကုဆရာဝန်တွေနဲ့ပြသဖို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top