Healthy Life Ad
Life Style

အင်ဆူလင်ထိုးရသည့် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါရှင်တို့၏တစ်နေ့တာဘဝ (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

သိသင့်သိထိုက်သော ဆီးချိုသွေးချိုရောဂါ အကြောင်းအရာများ(၂)

အင်ဆူလင် ဘယ်နှစ်ကြိမ်ထိုးရမလဲ

အင်ဆူလင် ဘယ်နှစ်ကြိမ်ထိုးရမလဲဆိုတော့ထိုးတဲ့ အင်ဆူလင်က ဘယ်လောက်တာရှည်ခံသလဲပေါ်မှာ မူတည်ပါတယ်။ အင်ဆူလင်အမျိုးအစားအလိုက် တာတိုခံအင်ဆူလင်(အရောင်ကြည်လင်)ဟာ ၆နာရီခန့်တာရှည်ခံပြီး့ တာရှည်ခံအင်ဆူလင် (အရောင်နောက်) ဟာ ၁၂ နာရီခန့် တာရှည်ခံပါတယ်။

၆နာရီပဲ တာရှည်ခံတဲ့ အင်ဆူလင်အကြည် Actrapid(R) ထိုးရင် ၄ကြိမ်ထိုးရပါမယ်။ ၁၂နာရီ တာရှည်ခံတဲ့ အနောက်ကိုထိုးရင် တစ်ရက်နှစ်ကြိမ် ထိုးရပါမယ်။ အကြည်အနောက်ရောထားတဲ့ အရော mixtard(30/70) (၃၀။၇၀)ကိုထိုးရင်လည်း တစ်ရက်နှစ်ကြိမ်ထိုးမှ လုံလောက်ပါတယ်။ စားဆေးလည်းဆက် သောက်ရင် တာရှည်ခံအင်ဆူလင်အနောက် Insu-latard (N)လည်း ညအိပ်ခါနီးမှာတစ်ကြိမ်ပဲ ထိုးရပါမယ်။ မှတ်သားရမှာတစ်ခုကတော့ ယခုနောက်ဆုံးပေါ် တာရှည်ခံအင်ဆူလင်ကလည်း တာတိုခံအင်ဆူလင် R လိုမျိုး ကြည်လင်တဲ့အတွက် တတ်ကျွမ်းသူ တွေကိုမေးမြန်းပြီး သုံးစွဲရပါမယ်။

တတ်ကျွမ်းသူတွေ ဥပမာ ဆေးဝါးကျွမ်းကျင်သူတွေ ရောင်းချတဲ့ဆိုင်မှာ ပဲဝယ်ယူရင် စိတ်ချရပါတယ်။ အင်ဆူလင်အသုံးချပုံတချို့ကို လူနာတွေ သိရှိဖို့ အရေးကြီးပါတယ်။ ဆေးကိုမှန်မှန် မထိုးဘဲ ထိုးလိုက်၊ မထိုးလိုက် မလုပ်ရပါဘူး။ နေမကောင်းရင်လည်း ထိုးဖို့လိုပါတယ်။ ဒါပေမဲ့ သွေးချိုပိုတိုင်းပြီး ဆေးတိုးလျှော့တာ ကို ဆရာဝန်နဲ့ ပြန်ညှိရပါမယ်။

အင်ဆူလင်ထိုးတာမှာ အဓိက အကြောက်ရဆုံး ဆိုးကျိုးကတော့ သွေးချိုကျလွန်ခြင်း (Hypoglycemia)ပဲ ဖြစ်ပါတယ်။ သွေးချိုကျခါနီးမှာ သတိပေးလက္ခဏာတွေ ခံစားရပါမယ်။ ရင်တုန်မယ်၊ လက်တုန်မယ်၊ ခေါင်းကိုက်၊ ခေါင်းအုံ၊ ခေါင်းမူး၊ နားအူ၊ အာရုံ စူးစိုက်မှု အားနည်းလာခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်း၊ ဗိုက်ဆာလောင်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ဝေဒနာတွေခံစားရပါမယ်။ ဒီလိုခံစားလာ ရရင် . . .

သွေးချိုကျခြင်း
အင်ဆူလင်ထိုးတာ အဓိက အကြောက်ရဆုံး ဆိုးကျိုးကတော့ သွေးချိုကျလွန်ခြင်း (Hypogly­cemia)ပဲ ဖြစ်ပါတယ်။ သွေးချိုကျခါနီးမှာ သတိပေး လက္ခဏာတွေခံစားရပါမယ်။ ရင်တုန်မယ်၊ လက်တုန်မယ်၊ ခေါင်းကိုက်၊ ခေါင်းအုံ၊ ခေါင်းမူး၊ နားအူ၊ အာရုံစူးစိုက်မှုအားနည်းလာခြင်း၊ စိတ်တိုဒေါသ ထွက်လွယ်ခြင်း၊ ဗိုက်ဆာလောင်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ဝေဒနာတွေခံစားရပါမယ်။ ဒီလိုခံစားလာရရင် သွေးချိုပိုတိုင်းကြည့်ပါ။ ရောဂါအသစ်အနေနဲ့ ဆရာဝန်ထပ်မံသွားပြစရာမလိုအပ်ပါ။ အစာစားလိုက်ရင် ဒီဝေဒနာတွေအားလုံး ပျောက်သွားတတ်ပါတယ်။ ဒီလိုမကြာခဏဖြစ်ရင် ဆေးလျှော့ထိုးဖို့လို မလားဆိုတာ ဆရာဝန်နဲ့ဆွေးနွေးပါ။ ဒါမှမဟုတ် အစာစားချိန်မှန်အောင် သတိပြုဖို့လိုအပ်ပါတယ်။

သွေးချိုကျလွန်းသွားရင် ဥပမာ ၄၀မီလီဂရမ် အောက်ရောက်သွားရင်၊ စက်မှာ ဂဏန်းမပေါ်ဘဲ low ပြရင် သတိလစ်တာ၊ ကယောင်ခြောက်ခြား၊ ရူးသွပ်သလို ယာယီအားဖြင့် သတိလက်လွတ်ဖြစ် သွားတာ၊ အကြောတွေကောက်ကွေးပြီး တက်တာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အတက်ရောဂါရှိ သူတွေပိုတက်တတ်ပါတယ်။ တခြားအန္တရာယ်တွေကတော့ ဒီလိုသွေးချိုအကျလွန်ဖြစ်တဲ့ အခိုက် အတန့်မှာဖြစ်ဖို့ တာစူနေသူတွေ၊ သွေးကြောကျဉ်းရှိ သူတွေမှာ လေဖြတ်သွားနိုင်တယ်၊ နှလုံးသွေးကြောတွေ ပိတ်သွားနိုင်တယ်။ သွေးချိုမတိုင်းဘဲ ဆေးတွေ ဒီတိုင်း ရမ်းထိုးနေရင် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အင်ဆူလင်ထိုးရသူတွေမှာ သွေးချိုကို ညွှန်ကြားထားတဲ့အတိုင်းအမြဲစစ်နေဖို့ အရေးကြီးလှပါတယ်။ ဆေးအညွှန်းပေးတဲ့ ဆရာဝန်၊ သူနာပြုတွေကလည်း အင်ဆူလင်ကုထုံးကို တတ်ကျွမ်းနားလည်အောင် လေ့လာပြီးမှ ညွှန် ကြားသင့်ပါတယ်။ အင်ဆူလင်ဟာ နှစ်ဖက်ချွန် လက်နက်လိုမျိုး ကောင်းကျိုး၊ ဆိုးကျိုး နှစ်ဖက်လုံးမှာ အစွမ်းထက်လှပါတယ်။ သတိနဲ့ ကိုင် တွယ်ဖို့လိုကြောင်း ထပ်လောင်းအကြံပြုအပ်ပါတယ်။

အဝလွန်ခြင်းသတိပြု
အင်ဆူလင်ထိုးခြင်းမှာ ရှောင်ရှားလို့မရတဲ့ ဆိုးကျိုး (ပိန်နေသူအဖို့ ကောင်းကျိုး)တစ်ခုကတော့ တဖြည်းဖြည်းဝလာတာပဲဖြစ်ပါတယ်။ မဝအောင် အစာလျှော့စားဖို့၊ လှုပ်ရှားမှုပိုလုပ်ဖို့ သတိပေးနေပေမယ့် အင်ဆူလင်ထိုးနေသူတွေထဲမှာ အများအားဖြင့် အသက်ကြီးသူ၊ အာရုံကြောမကောင်းသူ၊ ခြေ ထောက်အနာရှိသူ၊ ထုံနေသူတွေ များပါတယ်။ ဒီလူ တွေက လေ့ကျင့်ခန်း၊ လမ်းလျှောက်တာတွေ မလုပ် နိုင်ကြပါဘူး။ မဝအောင်တားဆီးဖို့လည်း ခက်ပါတယ်။

သွေးချိုကျမှာကြောက်လို့၊ ဒါမှမဟုတ် ဆေးအားတွေများနေလို့ ဗိုက်ဆာပြီး ခဏခဏစားဖြစ်နေကြတာလည်း အဝလွန်တာရဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဝလွန်နည်းစေတဲ့ အင်ဆူလင်အသစ်(analog)တွေတီထွင်ပြီး သုံးလာ ကြပါတယ်။ ဒါကလည်း ပြဿနာအပြေလည်ကြီး မဟုတ်ပါဘူး။အစားသတိ၊ ဆေးညှိပြီး လှုပ်ရှားသွက်လက်တဲ့ လူနေမှုဘဝကို တိုက်တွန်းပေးရမှာပဲဖြစ်ပါတယ်။

အင်ဆူလင်ထိုးရသူတွေရဲ့တစ်နေ့တာ ဘဝကို တွေးကြည့်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို အင်ဆူလင်ထိုးနေသူရော၊ စောင့်ရှောက်သူမိသားစုတွေရော အားလုံး နားလည်သဘောပေါက်ပြီး အင်ဆူလင်ရဲ့ ကောင်းကျိုးတွေ အများကြီးရရှိနိုင်ပါစေလို့ ဆုမွန် ကောင်းတောင်းအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top