Healthy Life Ad
Life Style

ကာရာအိုကေက မိန်းကလေးတွေနဲ့ ဇာတ်လမ်းရှုပ်မိပါတယ်ဆရာ

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကိုနိုင်ဦးဟာ သွက်လက်ချက်ချာပြီး အလုပ်ကို ကြိုးစား လုပ်ကိုင်သူဖြစ်တဲ့အတွက် အထက်လူကြီးတွေက အလွန်သဘောကျလှပါတယ်။ သူလုပ်တဲ့အလုပ် တွေကလည်း အောင်မြင်မှုရရှိတဲ့အတွက် အလုပ်ထဲမှာ ရာထူးတွေအဆင့်ဆင့်တိုးရင်း မန်နေဂျာအဆင့်အထိ ရာထူးတိုးမြှင့်ခံရပါတယ်။ ဒါပေမဲ့ မန်နေဂျာ ဖြစ်လာတဲ့အခါ ကိုနိုင်ဦးက အသောက်အစားလေး ဖက်လာပြီး စကားတွေများတယ်၊ ကာရာအိုကေဆိုင်တွေသွားပြီး ကောင်မလေးတွေနဲ့ပါ ဇာတ်လမ်းတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီကနေ ပြဿနာတွေမျိုးစုံ တက်တဲ့အပြင် အရက်သောက်ပြီး မူးလာတာနဲ့ အလွန်အမင်းတက်ကြွဖျတ်လတ်လာတယ်၊ စကားတွေကို မရပ်မနား ဖောင်ဖွဲ့ပြောဆိုရင်း တခြားသူတွေနဲ့ ပြဿနာတွေဖြစ်၊ ရန်တွေဖြစ် . . ဒီလိုအပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်လာတဲ့အခါ မိန်းမဖြစ်သူက ကိုနိုင်ဦးနောက်ကနေလိုက်ပြီး ဖြေရှင်းပေးရတဲ့အဆင့်ကို ရောက်သွားပါတော့တယ်။

အဲဒီမှာ သူ့ကို ဒီအတိုင်းထားလို့တော့ မဖြစ်တော့ဘူး။ အရက်ကိုလည်း အလွန်အကြူးသောက်လာတယ်၊ စကားတွေလည်းများပြီး ခိုက်ရန်ဖြစ်ပွားတာတွေရှိလာတယ်၊ ဒါတင်မက မိန်းကလေးကိစ္စရှုပ်လာတာတွေပါ ဖြစ်လာတယ် . . အလုပ်ထဲမှာလည်း အဆင်မပြေဘဲ ပြဿနာအမျိုးမျိုးဖြစ်လာတယ် . . ဒီလိုအခက်အခဲတွေကြောင့် “ဆရာကြီးနဲ့ ပြန်ပြမှ ဖြစ်တော့မယ်”ဆိုပြီး ဆရာ့ဆီ ခေါ်လာခဲ့ပါတယ်။
_ _ _

ကိုနိုင်ဦးဟာ ဆရာနဲ့တွေ့တဲ့အချိန်မှာ အရိုအသေတွေပေးပြီး စကားတွေကို ရေပက်မဝင်ပြောပါတယ်။

“ကျွန်တော်လိမ္မာပါတယ်ဆရာ၊ ကျွန်တော်အလုပ်လည်း ကြိုးစားပါတယ် . . မိသားစုကိုလည်း တတ်နိုင်သမျှ လူတန်းစေ့နေနိုင်အောင် ရှာကျွေးပါတယ်။ ကျွန်တော် နည်းနည်းလေးတော့ သောက်လိုက်မိပါတယ်။ နည်းနည်းသောက်ပြီး မိန်းမမကြိုက်တဲ့ ကာရာအိုကေကို သွားလိုက်မိပါတယ် ဆရာ။ ကာရာအိုကေက မိန်းကလေးတွေနဲ့ ဇာတ်လမ်းတွေ ဖြစ်လိုက်မိပါတယ် . . ဒါတွေကတော့ ကျွန်တော်မှားတာပါဆရာ . . တခြားတော့ ကျွန်တော် ဘာမှမလုပ်ပါဘူး၊ လိမ္မာပါတယ်ဆရာ”

လို့ အစချီပြီး ရေပက်မဝင်အောင် တောက်လျှောက်ပြောသွားတဲ့ အခါ ဆရာက –
“ကိုနိုင်ဦး ဆေးတွေ မှန်မှန်မသောက်တာ ဘယ်လောက်ကြာပြီလဲ”လို့ မေးကြည့်လိုက်ပါတယ်။
တကယ်တော့ ကိုနိုင်ဦးက လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကတည်းက စိတ်ကြွစိတ်ကျဝေဒနာရှိလို့ လာပြခဲ့ဖူးပါတယ်။ ဆေးတွေကို စနစ်တကျပေးပြီး ကုသမှုပေးလိုက်တော့ သူရဲ့ စိတ်ကြွစိတ်ကျဝေဒနာ သက်သာလာပါတယ်။ နောက်ပိုင်း ရောဂါ ပြန်မကြွဘဲ အလုပ်တွေကို တည်တည်ငြိမ်ငြိမ် လုပ်ကိုင်နိုင်အောင် ဆရာက သူ့ကို ပုံမှန်သောက်ဖို့ ဆေးတွေကို ညွှန်ပေးထားပါတယ်။

ကိုနိုင်ဦးက မဖြေခင် ဇနီးဖြစ်သူက ဝင်ဖြေပါတယ်။
“အရင်က ကျွန်မ သူ့ကို ဆေးမှန်မှန်တိုက်ပါတယ် ဆရာ . . ဒါပေမဲ့ သူ့အမေက သူ့သားဟာ အလုပ်မှာလည်း နာမည်ကောင်းရတယ်၊ တော်လည်းတော်တယ်၊ ကြိုးစားတယ် . .အားလုံးလည်း အဆင်ပြေနေတာပဲ . . ဒီလောက်အဆင်ပြေနေတာကို ဘာလို့ ဆေးတွေတိုက်တိုက်နေရတာလဲ၊ ဆေးတွေ တိုက်နေတော့ ငါ့သားက ဆေးဒဏ်ပိနေပုံပဲ . . ငါ့ သားကြည့်ရတာ သိပ်မတက်ကြွသလိုပဲ . . မှိုင်မှိုင်တွေတွေ ဖြစ်နေတယ်လို့ ထင်ရတယ်၊ ဆေးတွေမတိုက်ပါနဲ့တော့အေလို့ လာပြောပါတယ် ဆရာ။ အဲဒီလိုပြောပြီးကတည်းက ကျွန်မအမျိုးသားက ကျွန်မ ဆေးတိုက်တာကို မသောက်တော့ပါဘူး။ ဆေးမသောက်တော့တာ သုံးလလောက်ရှိသွားပြီဆရာ”
“အင်း . . ဆေးမသောက်တာ သုံးလလောက် ရှိပြီဆိုမှတော့ စကားတွေများပြီး ပြဿနာပေါင်းစုံ တက်တဲ့ အခြေအနေ ရောက်တော့မှာပေါ့ . . ဘယ်လိုတွေဖြစ်သလဲပြောပါဦး”လို့ ဆရာက မေးလိုက်တော့ ဇနီးဖြစ်သူ ကိုနိုင်ဦး စိတ်ကြွပြီး အရက်တွေသောက်၊ ကာရာအိုကေက ကောင်မလေးတွေနဲ့ တွဲ၊ ရန်တွေဖြစ် . . ဒါတွေကို လိုက်ဖြေရှင်းရင်း ငွေကုန်ကြေးကျလည်း အတော်လေးများနေပြီဆိုတဲ့အကြောင်း အစုံအလင်ပြောပြပါတော့တယ်။
“ကိုနိုင်ဦးရဲ့ အခြေအနေက ဆေးရုံတက်ပြီး ထိုးဆေး၊ စားဆေးတွေနဲ့ စနစ်တကျ ကုမှ ဖြစ်တော့မယ်”ဆိုပြီး ကိုနိုင်ဦးကို ဆေးရုံတက်ဖို့ စီစဉ်ပေးလိုက်ရပါတယ်။
_ _ _

တကယ်တော့ ကိုနိုင်ဦးဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကတည်းက စိတ်ကြွစိတ်ကျဝေဒနာ (Bipolar Disorder)နဲ့ ဆေးရုံတင်ပြီး အကြီးအကျယ်ကုပေးထားရတဲ့ လူနာဖြစ်ပါတယ်။ ဆေးကုသတဲ့အခါ လူနာကိုယ်တိုင်ကလည်း ဆရာ့စကား နားထောင်ပြီး ဆေးကိုစနစ်တကျသောက်သုံးသူဖြစ်ပါတယ်၊ ဇနီးဖြစ်သူကလည်း ဆေးကို စနစ်တကျတိုက်တဲ့အတွက် လူနာကိုရောဇနီးဖြစ်သူကိုပါမကြာမကြာ ချီးကျူးရပြီး-
“ဒီလို ဆေးတွေ မှန်မှန်သောက်တယ်ဆိုရင် ပုံမှန်လူကောင်းလိုနေနိုင်တဲ့အပြင် လုပ်ငန်းကိုင်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာလည်း အဆင်ပြေနိုင်တယ်”လို့ပြောပြီး ဒီလူနာကို စံပြထားသင့်တယ်လို့ တခြားလူနာတွေကိုပါ ပြောပြခဲ့ပါသေးတယ်။

စိတ်ကြွစိတ်ကျဝေဒနာသည်တွေက ဆေးတွေကို စနစ်တကျနဲ့ မှန်မှန်သောက်သုံးမယ်ဆိုရင် အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်နိုင်ပြီး လူ့လောကအလယ်မှာ အောင်အောင်မြင်မြင်နေနိုင်ပါတယ်။ ဒါပေမဲ့ ဆေးဝါးကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ရမှာဖြစ်တဲ့အပြင် လိုအပ်ရင်လိုအပ်သလို ပြသနေကျဆရာဝန်ကြီးတွေနဲ့ ပြန်လည်တိုင်ပင်ပြီး ကုသမှုကို စနစ်တကျ ခံယူဖို့လိုအပ်ပါတယ်။ ကိုနိုင်ဦးကို သေချာဆေးကုသပေးခဲ့ပြီး နောက်ပိုင်းထိန်းချုပ်တဲ့အနေနဲ့ ဆေးတွေကို ပေးနေခဲ့တာ ဆယ်စုနှစ် တစ်ခုတိုင်ခဲ့ပါပြီ။ အခုအခါမှာတော့ မိခင်ဖြစ်သူရဲ့ စိတ်ကျန်းမာရေးအသိပညာနည်းပါးမှုကြောင့် ပုံမှန်သောက်နေကျဆေးတွေကို ဖြတ်လိုက်မိတဲ့အတွက် စိတ်ကြွစိတ်ကျဝေဒနာပြန်လည် ခေါင်းထောင်လာတာဖြစ်ပါတယ်။ အဲဒီမှာ အရက်သောက်သုံးတဲ့ ပြဿနာပါ ပြန်ဝင်လာတဲ့အတွက် လူမှုရေး၊ စီးပွားရေးနဲ့ အိမ်ထောင်ရေးပြဿနာတွေပါ ဖြစ်လာရပါတော့တယ်။

စိတ်ကျန်းမာရေးအသိရှိတဲ့ ဇနီးဖြစ်သူနဲ့ မိတ်ဆွေသူငယ်ချင်းကောင်းတွေကြောင့် ဆေးကုသမှု ကိုအချိန်မီပြန်လည်ရရှိလာတာ ဖြစ်ပါတယ်။ ဒီလိုပဲ တခြားစိတ်ကျန်းမာရေးဝေဒနာရှင်တွေလည်း ဆေး ဝါးတွေကို မိမိသဘောနဲ့မဖြတ်ဘဲ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း မှန်မှန်သောက်သုံးဖို့ ပညာပေးလိုက်ရပါတယ်။
အားလုံးကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top