Healthy Life Ad
Life Style

နွေရာသီနှင့် မျက်စိကျန်းမာရေး

ပါမောက္ခ ဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. နွေရာသီမှာ မျက်စိကျန်းမာရေး မထိခိုက်စေဖို့ ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. နွေရာသီမှာ မျက်စိကျန်းမာရေး မထိခိုက်စေဖို့ နေကာမျက်မှန်ကို တပ်ဆင်သင့်ပါတယ်။ အခုနောက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်က အတွင်းတိမ်ရောဂါဖြစ်နှုန်း မြင့်တက်စေတယ်ဆိုတာကို တွေ့ရှိလာတဲ့အတွက် UV ကို အပြည့်အဝ ကာကွယ်မှုပေးနိုင်တဲ့ နေကာမျက်မှန်တွေကို တပ်ဆင်ဖို့လိုပါတယ်။

မေး. နေကာမျက်မှန်တပ်ရင် မျက်စိကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ တချို့လူတွေရဲ့ ထင်မြင်ချက်နဲ့ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။

ဖြေ. တချို့လူတွေက နေကာမျက်မှန်တပ်ရင် မျက်စိကိုထိခိုက်စေနိုင်တယ်လို့ထင်ကြသလို တချို့လူတွေကလည်း နေကာမျက်မှန်တပ်ရင် မျက်စိကို ကာကွယ်နိုင်တယ်လို့ ထင်ကြပါတယ်။ ဒီထင်မြင်ချက်နှစ်ခုလုံးကတော့ သူတို့ရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး သာမန်လူတွေကပြောကြတာပါ။ နေကာမျက်မှန်က ကောင်းလား၊ ဆိုးလား ဆိုတာကို ယေဘုယျအားဖြင့်ဖြေရရင် ကောင်းပါတယ်။ ဆိုးတဲ့လက္ခဏာလည်း ဘာမှမရှိပါဘူး။ ဒါပေမဲ့ တပ်တဲ့မှန်သားရဲ့ Quality ပေါ်မူတည်ပြီး ရရှိနိုင်တဲ့အကျိုးကျေးဇူးကတော့ ကွာသွားပါတယ်။

ငယ်ငယ်တုန်းက ဆော့လေ့ရှိတဲ့ ကော်ကိုင်းနေကာမျက်မှန်တွေတောင် မျက်စိထဲ ဖုန်တွေ၊ သဲတွေ မဝင်အောင် အကာအကွယ်ပေးတာပါပဲ။ ဈေးလည်းသက်သာတဲ့အတွက် လယ်သမားတွေ၊ ဂဟေဆော်တဲ့သူ၊ တွင်ခုံလုပ်တဲ့သူတွေ တပ်ပေးသင့်ပါတယ်။ အလုပ်လုပ်ရင်း ရွှံ့ရေတွေ၊ ဖုန်မှုန့်တွေ၊ သံတိုသံစတွေ မျက်စိထဲမဝင်နိုင်တာကြောင့် ပိုးကူးစက်ခံရနိုင်ခြေကလည်း လျော့ကျသွားနိုင်ပါတယ်။ နေရောင်ခြည်ကိုလည်း တိုက်ရိုက်မမြင်ရတာကြောင့် ဦးထုပ်အကြီးကြီး ဆောင်းထားသလို အကာအကွယ်ရပါတယ်။

မေး. နေကာမျက်မှန်မှာ ဘယ်လိုအရောင်မျိုးဆိုရင် ပိုကောင်းပါသလဲ ဆရာ။

ဖြေ. ဒါကတော့ ကာယကံရှင်ရဲ့ ရွေးချယ်မှုအတိုင်း အဆင်ပြေရာကို တပ်နိုင်ပါတယ်။ ဥပမာ- ကာယကံရှင်က မျက်လုံးနဲ့အနီးတစ်ဝိုက်မှာ ဒဏ်ရာတစ်ခုခုရှိလို့ ဖုံးကာထားချင်တယ်ဆိုရင် အရောင်ရင့်တဲ့ နေကာမျက်မှန်ကို တပ်ဆင်နိုင်ပါတယ်။ တကယ်လို့ ဘာရောဂါမှမရှိတဲ့ သူတစ်ယောက်အနေနဲ့ကျတော့ အရောင်ခပ်ဖျော့ဖျော့ နေကာမျက်မှန်ကို တပ်လို့ရပါတယ်။ Tinted လို့ခေါ်ပါတယ်။ မျက်မှန်ရဲ့အပေါ်ပိုင်းက ခပ်ရင့်ရင့်ဖြစ်ပြီး အောက်ပိုင်းက စာဖတ်တဲ့အခါ အနှောင့်အယှက်မဖြစ်စေဖို့ ခပ်ဖျော့ဖျော့ဖြစ်အောင်ဆိုရင် Gradient နေကာမျက်မှန်ကို တပ်သင့်ပါတယ်။ ဒါမျိုးဆိုရင်တော့ Ready Made မရှိပါဘူး။ အော်ဒါမှာရပါတယ်။

နေကာမျက်မှန်ရဲ့ အဓိကရည်ရွယ်ချက်က နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV Light) ကို ကာကွယ်ပေးတာဖြစ်ပါတယ်။ စာကြည့်မျက်မှန်၊ အဝေးကြည့်မျက်မှန်တွေထဲကိုလည်း ဒီ Coating ထည့်လိုက်ရင် ခရမ်းလွန်ရောင်ခြည်က မဝင်နိုင်တော့ပါဘူး။ ဈေးကတော့ တအားကြီးသွားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top