Healthy Life Ad
Q & A

အဖြူဆင်းခြင်း အမေး-အဖြေ (၁) (Vaginal discharge Q and A)

ဒေါက်တာတင့်ဆွေ

မေး. ဆရာ အခုသမီးယောကျာ်းအကောင့်ကနေ ပြောနေတာပါ။ သမီးအကောင့်မှာ ဆရာမရှိလို့ ဆရာ့ကို မေးချင်တာလေးတွေရှိလို့ပါ။ သမီးနဲ့ သမီးယောကျာ်း အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ သမီးအသက်က ၂၂နှစ်၊ သူ့အသက်က ၂၄နှစ်ပါ။ ဆရာ့ကို သမီးပွင့်ပွင့်လင်းလင်းပဲ မေးချင်ပါတယ်။ သမီးနဲ့သူနဲ့ တူတူနေပြီးရင် တစ်ခါတစ်ခါ သမီးမိန်းမကိုယ်မှာ အဖြူဆင်းပြီးယားယံသလို သူ့ယောကျာ်းအင်္ဂါမှာလည်း အရည်ကြည်ဖောင်းသေးသေးလေးတွေပေါက်ပြီး ယားတတ်တယ်။ အခုတစ်နှစ်အတောအတွင်းမှာ အဲဒီလိုဖြစ်တာ ၅ခါလောက်ရှိပြီ။ ဖြစ်ပြီး ၂ ရက် ၃ ရက်လောက်ဆိုရင်တော့ ကောင်းသွားပါတယ်။ ယောကျာ်းလေးက ပိုပြီးကြာကြာခံရပါတယ်။ ၄ခါမြောက်မှာတော့ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးအတောင့်ပေးပြီး သူ့အတွက်က အပေါ်ယံအရေပြားလိမ်းတဲ့ဆေးပေးပါတယ်။

သမီးရော သူရောလိမ်းတယ်၊ ထည့်တယ်။ အဲဒါနဲ့ကောင်းသွားတယ်။ အဲဒါနဲ့ နောက်တစ်လကျော်ကျော်ကြာတော့ တစ်ခါပြန်ဖြစ်ပြန်တယ်။ ဆေးထည့်လိုက်ရင်တော့ ကောင်းသွားတယ်။ နောက်အဲဒီလိုပဲ အမြဲတမ်းဖြစ်နေမှာလား၊ အဲဒါ ဘာဖြစ်တာမှန်းလည်းမသိဘူး။ သူ့ဆီကနေပဲ သမီးဆီကူးပြီးဖြစ်တာလား။ သမီးဆီကနေပဲ သူ့ဆီကူးပြီးဖြစ်တာလား၊ ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာလည်း မသိဘူး။ အဲလိုကြောင့် ကလေးမရနိုင်တာ ဖြစ်တတ်ပါသလားဆရာ။ သမီးကိုပြန်ဖြေပေးပါနော်။ အခုသမီးတို့ကလေးယူနေပြီ။ ဆေးဖြတ်လိုက်တာ ၂လလောက်ရှိပြီ။ ကလေးတော့မရသေးပါဘူး။ အရမ်းစိတ်ပူလို့ပါ။

ဖြေ. မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း (Vaginal Discharge) ဟာ ‘အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ’ ခေါင်းစဉ်အောက်မှာ အများဆုံးမေးတဲ့ မေးခွန်းဖြစ်ပါတယ်။ မွေးလမ်းကြောင်း (ဗဂျိုင်းနာ)ကနေ အဖြူဆင်းတာဟာ အများအားဖြင့်ပုံမှန်ပါ။ အနည်းနဲ့အများ၊ အဖြူ ဒါမှမဟုတ် အရည်လိုမျိုးဆင်းနေတယ်။ သတိမထားရင်တောင်မှ ရှိနေတတ်တယ်။

သားအိမ်အဝနဲ့ မွေးလမ်းမှာ အရည်ထွက်နိုင်တဲ့ (ဂလင်း)ခေါ် အိတ်တွေရှိလို့ဖြစ်တယ်။ အဟောင်းတွေပျက်စီးပြီး အသစ်တွေဖြစ်နေတဲ့ အနိစ္စသဘောပါပဲ။ ပုံမှန်ဆင်းတာမျိုးက ကြည်တယ်၊ မကြည်ရင် နို့လိုနေတယ်၊ စိုးရိမ်စရာမရှိပါ။ ဒါပေမဲ့ အနံ့မရှိဘူး။ အရောင်နဲ့ အပျစ်အချွဲကတော့ ပြောင်းလဲနေတယ်။ ရာသီနဲ့တွက်တဲ့လအစမှာ ပျစ်ပြီးဖြူတယ်။ လအလယ်လောက်ဆိုရင် များလာမယ်။ တိတိကျကျပြောရရင် အဆ ၃၀တောင် များလာတယ်။ နောက်ပြီး ချွဲမယ်။ ပိုပြီးကျဲတယ်၊ ဆန့်ကြုံ့နိုင်စွမ်းပိုဖြစ်တယ်။ ရာသီမဆင်းခင်လေး ဆင်းတတ်တာကပိုပြစ်တယ်။ ရာသီအပြီးမှာညိုမယ်။ မျိုးဥထွက်ချိန်အလယ်ရက်မှာ သွေးစက်မျိုးပါအတွင်းခံကို လာစွန်းနေတတ်သေးတယ်။ ဒါလည်း ရောဂါပိုးဝင်တာမဟုတ်ပါ။

လေ့ကျင့်ခန်းလုပ်ပြီးချိန်မျိုးမှာလည်း ရေသာသာခပ်ကြည်ကြည် အရည်လိုဆင်းတာပုံမှန်ပါ။ ကလေးနို့တိုက်နေချိန်တို့၊ လိင်စိတ်ဖြစ်လာချိန်တို့မှာ ပိုဆင်း-ပိုစိုလာတယ်။ ရောဂါမဟုတ်ပါ။ ကိုယ်ဝန်ဆောင်ချိန်ဆင်းတာက ခပ်ကျဲကျဲ၊ ခပ်ဖြူဖြူ၊ နည်းနည်းအနံ့တော့ရှိတယ် . . .

လေ့ကျင့်ခန်းလုပ်ပြီးချိန်မျိုးမှာလည်း ရေသာသာခပ်ကြည်ကြည် အရည်လိုဆင်းတာပုံမှန်ပါ။ ကလေးနို့တိုက်နေချိန်တို့၊ လိင်စိတ်ဖြစ်လာချိန်တို့မှာ ပိုဆင်း-ပိုစိုလာတယ်။ ရောဂါမဟုတ်ပါ။ ကိုယ်ဝန်ဆောင်ချိန်ဆင်းတာက ခပ်ကျဲကျဲ၊ ခပ်ဖြူဖြူ၊ နည်းနည်းအနံ့တော့ရှိတယ်။ ဆီးချိုရှိရင်၊ သန္ဓေတားဆေးစားနေရင်၊ ပဋိဇီဝပိုးသတ်ဆေး တချို့သောက်နေရင်၊ သွေးအားနည်းရင်၊ နာတာရှည်ရောဂါရှိနေရင် ပိုတတ်တယ်။ ရောဂါမဟုတ်ဘဲဆင်းတာက တစ်နေ့မှာ လက်ဖက်ရည် ၁ဇွန်းစာလောက်သာရှိမယ်။ ဘက်တီးရီးယားတွေပါနေပေမယ့် ဒုက္ခမပေးပါ။ ဆေးကုဖို့မလိုပါ။ နေ့စဉ်သန့်ရှင်းရေးလုပ်ပါ။

ဆေးကြောရင် လက်ကို ရှေ့ကနေနောက်ဆီကိုသာလုပ်ပါ။ အတွင်းခံသန့်နေပါစေ။ ချည်ထည်ကိုသာသုံးပါ။ ဖြန်းဆေးတွေ မသုံးပါနဲ့။ ရေမွှေး၊ ဆပ်ပြာ အပြင်းစားမသုံးပါနဲ့။ မွေးလမ်းကြောင်းရောင်တာ (Vaginal Infections)က သန့်ရှင်းရေးနည်းလို့လည်းဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက်ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင်မသန်းဖူးတဲ့ အမျိုးသမီးတွေမှာတောင်မှ ဘက်တီးရီးယားအရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ (ဗဂျိုင်းနား) သန့်ချင်လို့ ပိုးသန့်ဆေးပါတဲ့ ဆေးရည်သုံးရင် ဖြစ်တာမျိုးပြောတာပါ။ အဲဒီလိုဆေးရည်ကို ဆရာဝန်မညွှန်ဘဲမသုံးပါနဲ့။

အဆင်းများရင်၊ အရောင်ပြောင်းရင်၊ အနံ့ရှိလာရင်၊ ဂရုစိုက်ရပါတော့မယ်။ ပူစပ်မယ်၊ အဝါရောင်ဖြစ်မယ်၊ ခပ်စိမ်းစိမ်းဖြစ်မယ်၊ ခပ်ပျစ်ပျစ်ဖြစ်မယ်၊ ယားမယ်၊ ဆီးစပ်နေရာ နာမယ်ဆိုရင်တော့ ဆေးကုရပါလိမ့်မယ်။ ရောဂါပိုးတွေကလည်း အမျိုးမျိုးပါ။ (ဘက်တီးရီးယား)၊ (ဗိုင်းရပ်စ်)၊ (ဖန်းဂတ်စ်)၊ (ပရိုတိုဇိုးဝါး)နဲ့ (ပါရာဆိုက်) အကောင်စုံပါပဲ။ ဝင်တဲ့ ပိုးအမျိုးအစားအလိုက် ဆင်းတာတွေမတူဘူး။ အပျိုဆိုလည်း ဆေးကုရမှာမျိုးဖြစ်တတ်တယ်။ နည်းပါတယ်။ ကျား-မ အတူနေသူများ STD/STI လိင်ကတစ်ဆင့် ကူးစက်ရောဂါတစ်ခုခုဖြစ်လို့ အဖြူဆင်းရင် နှစ်ယောက်လုံးကို တပြိုင်နက်ဆေးကုရပါမယ်။

(၁) Yeast infection (Candidiasis) (Monilia, Thrush) (ရိစ်)ကြောင့် မွေးလမ်းကြောင်းရောင်ခြင်း အဖြူရောင်ပျစ်တဲ့ (ချိစ်)လိုဆင်းတယ်။ အလွန်ယားပြီး မိန်းမကိုယ်နီနေမယ်၊ နာမယ်၊ ဆီးအောင့်မယ်။

– Diflucan (Fluconazole) 150 mg တစ်ခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ ဒါမှမဟုတ် Nystatin, Mycostatin စားဆေး၊ (400,000 to 600,000 units) တစ်နေ့ ၄ ကြိမ်သောက်ပါ။

ဒါမှမဟုတ် Clotrimazole vaginal tablet မွေးလမ်းထဲ 100 mg ခြောက်ညထည့်ပါ။ 200 mg သုံးညထည့်ပါ။ ဒါမှမဟုတ် Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။

၂။ Bacterial Vaginosis (Hemophilus, Gardnerella) ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်းရောင်ခြင်း ခပ်ကျဲကျဲ၊ ကြည်တဲ့ဖြူဝါတဲ့ အနံ့ဆိုးတဲ့အရည်ဆင်းတယ်၊ ယားမယ်၊ လိင်ဆက်ဆံပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲအဖြစ် (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွှာအိတ်ရောင်တာ၊ သားအိမ်ရောင်တာဖြစ်စေမယ်။

– Metronidazole 500 mg တစ်နေ့ ၂ ကြိမ် ၇ ရက်၊ ဒါမှမဟုတ်

– Metronidazole 2 g တခါတည်းသောက်။ ဒါမှမဟုတ်

– Clindamycin cream 2% ညအချိန်၊ ၇ ရက်ထည့်ပါ။ ဒါမှမဟုတ်

– Clindamycin 300 mg တစ်နေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။

၃။ Cervical Ectropion, Erosion ဒါမှမဟုတ် Eversion သားအိမ်အဝလန်နေခြင်း သားအိမ်အဝရဲနေမယ်၊ ကျိချွဲချွဲဆင်းမယ်၊ မနာဘူးဆိုရင်ကုဖို့မလိုပါ။

၄။ Cervicitis သားအိမ်အဝရောင်ခြင်း

ဆီးစပ်နာမယ်။ ခပ်ချွဲချွဲနဲ့ ပြည်လိုဆင်းမယ်။ သားအိမ်အဝထိရင်နာမယ်။ လိင်ဆက်ဆံတဲ့အခါ နာမယ်ဆိုရင် ပဋိဇီဝဆေးပေးနိုင်တယ်။

– Azithromycin 1 gm တစ်ခါတည်းသောက်ပါ။ ဒါမှမဟုတ်

– Ceftriaxone, Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပါ။ ဒါမှမဟုတ် Erythromycin 500 mg တနေ့ ၄ ကြိမ် ၇ ရက်သောက်ပါ။

၅။ Chancroid (ရှိန်ကာရွိုက်)

သားအိမ်အဝမှာ STD/STI လိင်ကတစ်ဆင့်ကူးစက်ရောဂါအနာဖြစ်တယ်။ အနာရဲ့နှုတ်ခမ်းသား မညီမညာဖြစ်မယ်။ အခြေက ခပ်မွဲမွဲအရောင်ရှိမယ်။ ထိရင်နာမယ်။ လိင်အင်္ဂါမှာ အနာ-အကျိတ်ပေါ်မယ်။ ပေါင်ခြံက အကျိတ်တွေရောင်လာတယ်။

– Azithromycin 1 gm တစ်ခါတည်းသောက်ပါ။ ဒါမှမဟုတ်

– Ceftriaxone, Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပါ။ ဒါမှမဟုတ်

– Erythromycin 500 mg တစ်နေ့ ၄ ကြိမ် ၇ ရက်သောက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top