Healthy Life Ad
Health Tips

ဒူးနာခြင်းကင်းဝေးစေမည့် သဘာဝနည်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဒူးနာတဲ့လူတွေဟာ အများအားဖြင့် ကိုယ်အလေးချိန်များပြီး ဝတဲ့သူတွေဖြစ်တတ်တာကြောင့် ဒူးနာတာကင်းဝေးအောင် ကိုယ်အလေးချိန်ကိုလျှော့ချဖို့ အရေးကြီးပါတယ်။ ကိုယ်အလေးချိန်က ၁၅ပေါင်လောက်လျော့ကျသွားတာနဲ့ အဝလွန်နေတဲ့ ဒူးနာသူတွေမှာ ဒူးနာတာက တစ်ဝက်နီးပါး လျော့ကျသွားလေ့ရှိပါတယ်။ ဒူးနာသက်သာစေဖို့အတွက် ကိုယ်အလေးချိန်လျှော့ချဖို့လိုတဲ့အပြင် တခြားနည်းလမ်းတွေကိုလည်း လိုက်နာပေးဖို့လိုပါတယ်။

(၁) ခြေထောက်ကို စစ်ဆေးပါ

ဒူးဝေဒနာတချို့ဟာ လမ်းလျှောက်ပုံမမှန်တာကြောင့် အဖြစ်များပါတယ်။ “ခြေထောက်နာနေတဲ့သူတွေ ဒါမှမဟုတ် လမ်းလျှောက်တဲ့အခါ၊ ပြေးတဲ့အခါတွေမှာ ခြေထောက်ကို အပြင်ဘက်သို့ခါပြီး သွားတတ်တဲ့သူတွေဟာ ဒူးနာတာကိုပိုဆိုးစေပါတယ်”လို့ ဒေါက်တာရန်ဗီးလ်ကဆိုပါတယ်။ ဒါကြောင့် လမ်းလျှောက်တဲ့အခါ ခြေထောက်နာကျင်မှုမဖြစ်အောင် ဖိနပ်ဆိုင်ကိုသွားပြီး သင့်တော်တဲ့ဖိနပ်ကိုဝယ်ပါ။

(၂) ကြွက်သားကို တည်ဆောက်ပါ

တက်တက်ကြွကြွနေတာဟာ ဒူးတွေကို ကာကွယ်ပေးထားတဲ့ ကြွက်သားတွေကိုသန်မာအောင် တည်ဆောက်ပေးနိုင်ပါတယ်။ “ဒူးပတ်ဝန်းကျင်မှာ သန်မာနေတဲ့ကြွက်သားတွေနဲ့ တည်ဆောက်ထားရင် ဒူးဆစ်ဟာဖိအားဒဏ်ကို ခံရနိုင်စွမ်းလျော့ကျစေပါတယ်”လို့ ဒေါက်တာရန်ဗီးလ်ကဆိုပါတယ်။ ဒါပေမဲ့ ဒူးတွေအပေါ် ဒဏ်သက်ရောက်စေနိုင်တဲ့ လေ့ကျင့်ခန်းတွေကိုလုံးဝမလုပ်ပါနဲ့။ အဲဒီလေ့ကျင့်ခန်းတွေကတော့ ရွရွပြေးတာနဲ့ ထိုင်-ထလေ့ကျင့်တာတွေပဲ ဖြစ်ပါတယ်။

(၃) ရေခဲ သို့မဟုတ် အပူကပ်ပါ

“ရေခဲကပ်တာက သဘာဝအကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်ပါတယ်။ ရေခဲကပ်ပေးတာဟာ ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်”လို့ ချီကာကိုတက္ကသိုလ်ရဲ့ အရိုးအထူးကုဂိုးစတိန်းကဆိုပါတယ်။ တာရှည်မဟုတ်တဲ့ဒူးနာဝေဒနာအတွက် ရေခဲကပ်ပေးနိုင်ပြီး တာရှည်ဒူးနာတာကိုတော့ အပူကပ်ပေးရပါမယ်။

(၄) ဆေးဝါးမှီဝဲပါ

အိုင်ဗျူပရိုဖန်နဲ့ တခြားရောင်ရမ်းမှုလျော့ကျစေတဲ့ ဆေးဝါးတွေဟာ ဒူးနာတာကို ယာယီသက်သာစေပါတယ်။ တာရှည်ဒူးနာတာကိုတော Glucosamine နဲ့ Chondroitin လို ဖြည့်စွက်ဆေးကို သောက်သုံးပေးနိုင်ပါတယ်။ ဒါကြောင့် တာရှည်ဒူးနာဝေဒနာအတွက် ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ဆေးဝါးမှီဝဲပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top