Healthy Life Ad
Life Style

အမျိုးသမီးတို့ သတိပြုသင့်သည့် ကင်ဆာ သတိပေးလက္ခဏာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အခုဖော်ပြပေးမယ့် လက္ခဏာတွေခံစားနေရတာနဲ့ ကင်ဆာဖြစ်နေပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကင်ဆာရဲ့ လက္ခဏာအနေနဲ့လည်း တွဲဖက်တွေ့ရတတ်တာကြောင့် ဒီလို သတိပေးလက္ခဏာတွေ တွေ့နေရရင် မပေါ့ဆသင့်ပါဘူး။

(၁) ချွဲသလိပ်သံနှင့် ခက်ခက်ခဲခဲ အသက်ရှူရခြင်း၊ အသက်ရှူမဝခြင်း
အဆုတ်ကင်ဆာလူနာတွေမှာ ပထမဆုံးတွေ့ရတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါလည်းမရှိဘဲ အရင်တုန်းက တစ်ကြိမ်မှ မဖြစ်ဖူးတဲ့ ခက်ခက်ခဲခဲ အသက်ရှူရတာလိုမျိုး ဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(၂) နာတာရှည် ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း
လူကီးမီးယားသွေးကင်ဆာနဲ့ အဆုတ်ကင်ဆာတို့အပါအဝင် ကင်ဆာရောဂါအမျိုးမျိုးတို့မှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ဆိုးဆိုးရွားရွား ချောင်းဆိုးတာနဲ့ လေပြွန်ရောင်တာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒီဝေဒနာက အကြာကြီး ဆက်တိုက်ဖြစ်နေရင် ဒါမှမဟုတ် ပျောက်ပြီးမှပြန်ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(၃) မကြာခဏဖျားခြင်း သို့မဟုတ် မကြာခဏ ကူးစက်ပိုးဝင်ခြင်း
ဒီလက္ခဏာတွေက ပုံမှန်သွေးဖြူဥနဲ့ သွေးနီဥတို့ ထုတ်လုပ်မှုကျဆင်းတာကြောင့် ကိုယ်ခံစွမ်းအား စနစ်ကျဆင်းတဲ့ လူကီးမီးယားသွေးကင်ဆာရဲ့လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။

(၄) အစာမျိုရခက်ခဲခြင်း
အစာရေမျိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာတွေကြောင့် အစာမျိုချရခက်ခဲတတ်သလို တစ်ခါတစ်ရံ အဆုတ်ကင်ဆာရဲ့ ပထမဆုံးလက္ခဏာ တစ်ရပ်လည်း ဖြစ်နေတတ်ပါတယ်။

(၅) လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတို့ရှိ သားငံရည်ကျိတ်များ ရောင်ခြင်း
သားငံရည်ကျိတ်တွေကြီးတာက ပြန်ရည်ကြောစနစ် အပြောင်းအလဲကို ဖော်ပြနေသလို ကင်ဆာရဲ့ သတိပေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ချိုင်း (ဂျိုင်း) အောက်ရှိ သားနံရည်ကျိတ်ကြီးတာက ရင်သားကင်ဆာရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။

(၆) သွေးထွက်လျှင် မရပ်ခြင်း
သွေးနီဥနဲ့ သွေးချပ်ပြားတွေ ပုံမှန်မဟုတ်တာကြောင့် သွေးထွက်ရင် မတိတ်တော့တာမျိုးဖြစ်တာက သွေးကင်ဆာရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ လက်ချောင်းနဲ့ လက်လိုနေရာတွေမှာ သွေးစို့နေတာမျိုးဖြစ်တတ်သလို သွားဖုံးသွေးယိုတာလည်း ဖြစ်တတ်ပါတယ်။

(၇) အားနည်းခြင်းနှင့် နုံးချိညောင်းညာခြင်း
အလုပ်မှာ ထိုင်ပြီးလုပ်နေရပေမယ့် ညဘက်ကားမောင်းပြီး အိမ်ပြန်တဲ့အခါမှာ ပင်ပန်းလွန်းနေတာမျိုးပါ။ ဒီလို အလိုလိုနေရင်း အားနည်းတာ၊ နုံးတာတွေက ကင်ဆာရောဂါအမျိုးမျိုးနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒါကြောင့် အကြောင်းရင်း မသိဘဲ ပင်ပန်းနေရင် ဆရာဝန်နဲ့ပြပါ။

(၈) လေပွခြင်း၊ ဗိုက်တင်းခြင်းနှင့် ဗိုက်ပူလွန်းခြင်း
ဒီလက္ခဏာတွေက သားဥအိမ်ကင်ဆာရဲ့ သတိပေးလက္ခဏာဖြစ်တတ်တာကြောင့် ရုတ်တရက် ဖြစ်လာရင်နဲ့ နာတာရှည်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(၉) အစာကိုမစားနိုင်ခြင်း သို့မဟုတ် ဗိုက်ပြည့်နေခြင်း
ဒါကလည်း သားဥအိမ်ကင်ဆာနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဘာမှမစားရသေးပေမယ့် စားချင်စိတ်လည်းမရှိ၊ စားလည်း မစားနိုင်ဘူးလို့ အမျိုးသမီးတွေက ဆိုလာရင် ဗိုက်ပူနေသလား၊ လေပွနေသလား ဆန်းစစ်ပြီး ဆရာဝန်ထံသွားဖို့ တိုက်တွန်းပါ။

(၁၀) တင်ပဆုံကွင်း သို့မဟုတ် ဝမ်းဗိုက်နာခြင်း
ဒီလက္ခဏာတွေက သားအိမ်အသားလုံးနဲ့ တခြားမျိုးဆက်ပွားလမ်းကြောင်း ပြဿနာတွေကြောင့် ဖြစ်တတ်သလို တချို့ကင်ဆာတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

(၁၁) စအိုမှ သွေးထွက်ခြင်း၊ ဝမ်းထဲ သွေးပါခြင်း
အူမကြီးနဲ့ အစာအဟောင်းအိမ်ကင်ဆာက လိပ်ခေါင်းနဲ့ လွဲမှားတတ်ပါတယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေပြခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၁၂) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်လျော့ကျခြင်း
ကိုယ်အလေးချိန်ကျလာပြီး အစားအသောက်၊ လေ့ကျင့်ခန်းစတဲ့ အနေအထိုင်ပြောင်းလဲမှုမရှိဘူးဆိုရင် ဘာကြောင့်လဲဆိုပြီး အဖြေရှာသင့်နေပါပြီ။ ကိုယ်အလေးချိန်ကျတာက အူမကြီးနဲ့ တခြား အစာခြေစနစ်တစ်လျှောက်က ကင်ဆာတွေရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။

(၁၃) ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း
ဒီလိုလက္ခဏာတွေကို တာရှည်ခံစားရတာက အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာတွေနဲ့ ဆက်စပ်မှု ရှိတတ်ပါတယ်။

(၁၄) ရင်သားနီခြင်း၊ နာခြင်းနှင့် ရောင်ရမ်းခြင်း
ရင်သားမှာဖြစ်တဲ့ အကျိတ်တွေကိုလည်း အမျိုးသမီးတိုင်း သတိပြုမိပါလိမ့်မယ်။ ဒါပေမဲ့ ရင်သားနီတာ၊ နာတာနဲ့ ရောင်တာတွေ ပေါ်ခဲ့ရင်လည်း မပေါ့ဆသင့်ပါဘူး။

(၁၅) နို့သီးခေါင်းပြောင်းလဲခြင်း
နို့သီးခေါင်းက ယားတာ၊ အဖတ်တွေလန်တာ၊ (ကိုယ်ဝန်မရှိဘဲ၊ နို့တိုက်မိခင်မဟုတ်ဘဲ) အရည်ထွက်တာ၊ ပုံစံပြောင်းတာတွေကလည်း ရင်သားကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

(၁၆) ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းများခြင်း၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း
အမျိုးသမီးအများစုက ဒီလိုလက္ခဏာတွေ ခံစားရရင် သားအိမ်ကင်ဆာနဲ့ ဆက်စပ်မှုရှိနေတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top