Healthy Life Ad
Life Style

ရာသီဥတုပူပြင်းချိန် ဝမ်းပျက်ဝမ်းလျှောဖြစ်လွယ်သဖြင့် အပူအစပ်လွန်ကဲသောအစာများရှောင်သင့်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ယခုကဲ့သို့ ပူပြင်းသောရာသီဥတုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လွယ်သည့်အတွက် အပူအစပ် လွန်ကဲသောအစာများ၊ ယင်နားစာများကို သတိပြု၍ ရှောင်ရှားရန်လိုအပ်ကြောင်း ဆီးချိုနှင့် အထွေ ထွေရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးကိုကို က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“ပူတဲ့ရာသီမှာ အပူအစပ်တွေ ရှောင်ရပါမယ်။ အဲဒီအစားအသောက်တွေက ခန္ဓာကိုယ်ရဲ့အပူချိန်ကို မြင့်တက်စေပါတယ်။ အပူအစပ်လွန်ကဲတဲ့ အစားသောက်တွေကို ရှောင်သင့်ပါတယ်။ ရာသီဥတုပူတဲ့အချိန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်လွယ်ပါတယ်။ အဲဒီလိုဖြစ်တတ်တဲ့အတွက်ကြောင့် ယင်နားစာတွေမစားသောက်ဖို့ လိုပါတယ်။ ပူတဲ့အချိန်မှာ ခန္ဓာကိုယ်က သိပ်မလှုပ်ချင်ပါဘူး။ အဲဒီအချိန်မှာ အဆီအအိမ့်စာတွေ သိပ်မစားသင့်ပါဘူး။ အဆီအအိမ့်စာတွေ စားတာများရင် အဝလွန်ကဲလာတတ်ပါတယ်”ဟု ပါမောက္ခဦးကိုကိုက ပြောသည်။

ရာသီဥတုပူပြင်းချိန်တွင် ဟင်းသီးဟင်းရွက်များများစားပြီး ရေများများသောက်သင့်ကြောင်း၊ အထူးသဖြင့် အနည်းဆုံး ရေရှစ်ခွက်ခန့်သောက်သင့်ပြီး သစ်သီးဖျော်ရည် သောက်သင့်ကြောင်းသိရသည်။ “ချွေးထွက်များတဲ့သူတွေက တအားပူတဲ့အချိန်တွေမှာ နေပူထဲမသွားလာသင့်ပါဘူး။ ချွေးထွက်များလွန်းရင် မူးလဲတဲ့အထိပါ ဖြစ်တတ်တာကြောင့် ဂရုစိုက်သင့်ပါတယ်”ဟု ပါမောက္ခဦးကိုကိုက ချွေးထွက်များသူတို့ကို သတိပေးပြောကြားထားသည်။

Most Popular

Healthy Life Ad
To Top