Healthy Life Ad
Life Style

ပိုးအိအိခန့်၏ ကျန်းမာလှပလူမှုဘဝ

– တစ်နေ့တာအတွက် အသားအရေထိန်းသိမ်းဖြစ်ပုံလေးကို ပြောပြပေးပါဦး။

အိပ်ရာဝင်တော့မယ်ဆိုရင် မိတ်ကပ်တွေအကုန်ဖျက်တယ်။ နို့ရည်လေးလိမ်းတယ်။ အသီးအရွက်က အရင်ကတည်းကကြိုက်တာဆိုတော့ အသီးအရွက်များများစားတယ်။ ရေများများသောက်တယ်၊ လိုးရှင်းလိမ်းတယ်။ Spa က ၅လ-၆လ လောက်နေမှ တစ်ခါလုပ်ဖြစ်တယ်။

– ခန္ဓာကိုယ်အလှအပအတွက်ရော ဘယ်လိုထိန်းသိမ်းဖြစ်လဲ။

ပိုးအိက ပိန်ဖို့လွယ်တယ်၊ ဝဖို့ခက်တယ်။ ပိုးအိမျက်နှာကချွန်တော့ ဝဖို့များများစားတယ်။ အရမ်းဝလာပြီလို့ထင်မှ လျှော့လိုက်တာ။ အလုပ်ပင်ပန်းလို့ မစားနိုင်တော့ရင် အားဆေးသောက်ပြီးတော့ကိုစားတယ်။ ဝိတ်ချတော့မယ်လို့ တစ်ခါမှမစဉ်းစားဖူးဘူး။ ဝိတ်တက်အောင်လုပ်မယ်လို့ပဲ စဉ်းစားတာ။ Gym တော့ ပုံမှန်လေးဆော့ဖြစ်တယ်။

– ဘယ်လိုအစားအစာမျိုးကို စားရတာကြိုက်လဲ။

ပိုးအိက မြန်မာထမင်း၊ ဟင်းကြိုက်တယ်။ တစ်ခါတလေကျတော့ မာလာဟင်းတို့၊ ဟော့ပေါ့တို့ကို အပြင်စာအနေနဲ့စားဖြစ်တယ်။ အိမ်မှာချက်တဲ့ ထမင်း၊ ဟင်းကောင်းပြီဆိုရင် ဘယ်မှာမှမစားဘူး။ အိမ်မှာပဲစားတယ်။ ချဉ်ချဉ်ငန်ငန်စပ်စပ်တွေကြိုက်တယ်။

– မိတ်ဆွေအပေါင်းအသင်းတွေအတွက် ကျန်းမာရေးနဲ့အလှအပဆိုင်ရာ အသိပေးစကားရောပြောဖြစ်လား။

တချို့က ဝက်ခြံတွေပေါက်ရင် ဘယ်လိုလုပ်ရလဲဆိုပြီးတော့မေးတတ်ကြတယ်။ ကိုယ်သိသလောက်ပေါ့။ မျက်နှာသစ်တာ မစင်လို့ဖြစ်တာလား။ အန်တီမခိုင်ကြီးပြောတာ မှတ်မိတယ်။ သူဆိုရင် တခြားဘာမှမလုပ်ဘူး။ မျက်နှာကို ရေနွေးနွေးလေးနဲ့သစ်ပေးတယ်။ အဲဒါနဲ့ သက်သာလာတယ်လို့ပြောတယ်။ ဖေ့စ်ဘွတ်ခ်မှာ မျက်နှာပေါင်းတင်တာလေးတွေ တွေ့ရင်လည်း Save ထားပြီးတော့ သူတို့အတွက်ပြောပြဖြစ်တယ်။ ပိုးအိက ပျားရည်နဲ့သကြားလေးနဲ့ ရောမွှေပြီးတော့ မျက်နှာမှာလိမ်းတယ်၊ မိနစ်၂၀လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်တာကို တစ်ပတ်နှစ်ခါလောက်လုပ်ရင် ချွေးပေါက်လည်းပွင့်ပြီးတော့ အသားအရေကိုလည်း လှစေပါတယ်။

– ကျန်းမာရေးကို ကြိုတင်ကာကွယ်တတ်လား။

နေမကောင်းဖြစ်ပြီဆိုမှပဲ ဆေးခန်းသွားတာတို့၊ ဆေးသောက်တာတို့လုပ်ဖြစ်တယ်။ ပုံမှန်လောက်ဆိုရင် အိမ်က ဆေးခန်းသွားမယ်ဆိုလည်းမသွားဘူး၊ ဆေးထိုးရမှာကြောက်တယ်။ အရင်တုန်းက အဖေကဆို ‘ကျန်းမာရေးကိုဂရုမစိုက်ဘူး၊ အသက်တိုလိမ့်မယ်’ဆိုပြီး ပြောတယ်။ အခုနောက်ပိုင်းတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ လေ့လာတယ်၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေသိလာတယ်၊ လိုက်နာဖြစ်ပါတယ်။

– လတ်တလောအနုပညာလှုပ်ရှားမှုတွေ ပြောပြပေးပါဦး။

“ဒေါက်တာရွှေဥ မိပုယောကျာ်း”ဆိုတဲ့ ဇာတ်ကားလေးကို ကောင်းပြည့်နဲ့ရိုက်ထားပါတယ်။ ကိုနေဒွေးနဲ့ တစ်ကားရိုက်ဖို့ရှိတယ်။ ကိုနေဒွေး နေမကောင်းတာရယ်၊ ပိုးအိစာမေးပွဲရှိနေတာရယ်ကြောင့် နောက်လမှပဲရိုက်ဖြစ်တော့မယ်။

– ပရိသတ်အတွက် ကျန်းမာရေးအကြံပေးစကားတွေကိုလည်း ပြောပေးပါဦး။

အဓိကက ပရိသတ်ကြီး ကျန်းမာရေးကအရေးကြီးတယ်။ ကိုယ်လှချင်ရင်တောင်မှ အတွင်းထဲက အင်္ဂါအစိတ်အပိုင်းတွေ သန့်ရှင်းစင်ကြယ်နေမှ အသားအရေကအစလှတာလေ၊ လန်းဆန်းတက်ကြွမှာလေ။ ကျန်းမာရေးကိုဂရုစိုက်ပါ။ နည်းနည်းလေးဖြစ်လည်းမပေါ့ပါနဲ့။ ဘာကြောင့်ဖြစ်တာလဲဆိုတာ စမ်းသပ်စစ်ဆေးတာမျိုးလုပ်ပါလို့ ပြောချင်ပါတယ်။ ကျန်းမာရေးစာစောင်တွေမှာလည်း အလှအပနဲ့ပတ်သက်တာမျိုးတွေအပြင် ကျန်းမာရေးအတွက် သိထားသင့်တာလေးတွေလည်းပါတယ်၊ အဲဒါလေးတွေလည်း ဖတ်စေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top