Healthy Life Ad
Q & A

တဖြည်းဖြည်း ယိုယွင်းပျက်စီးလာတဲ့ ရောဂါ . . .

မေး။ ။ မင်္ဂလာပါရှင်။ ကျွန်မအမေအတွက် မေးချင်လို့ပါရှင်။ အမေက အသက် ၇၀ ပါ။ လွန်ခဲ့တဲ့ ၅ နှစ်က စကားပြောခြင်း၊ လုပ်တာကိုင်တာ တလွဲတချော် ဖြစ်လာခြင်း၊ ဒေါသကြီးခြင်းစတဲ့ မူမမှန်မှုတွေဖြစ်လာတာကြောင့် ဆရာဝန်တွေနဲ့ ပြသပါတယ်။ အမျိုးမျိုး ကုသပေမယ့် တိကျတဲ့အဖြေနဲ့ထိရောက်တဲ့ ကုသမှု မျိုးမရခဲ့ပါ။ ဆေးတွေကြောင့် အလွန်အမင်းအိပ်စက်ခြင်းရှိပါတယ်။ တဖြည်းဖြည်းနဲ့ လမ်းကောင်းစွာ မလျှောက်နိုင်တော့ဘဲ နောက်ပြန်ချော်လဲတာတွေရှိလာတာကြောင့် ဆရာမကြီးဒေါ်မိမိချိုနဲ့ပြသရာမှ ပါကင်ဆန်လက္ခဏာဖြစ်ကြောင်းပြောပါတယ်။ Madopar ဆေးနဲ့ တခြားအားဆေးများစွာ ပေးပါတယ်။

အခါအခွင့်ကြုံ၍ ဘန်ကောက်မှာစစ်ကြည့်ရာမှ PSP(progressive supranuclear palsy) ဖြစ်ကြောင်းပြောပါတယ်။ Madopar ဆေးသာသောက်စေပြီး လေ့ကျင့်ခန်းတွဲလုပ်ဖို့ ညွှန်ကြားပါတယ်။ ယခု အမေ့အခြေအနေမှာဆီးနဲ့ ဝမ်းမနိုင်တော့ဘဲ အသိကင်းကွာနေတဲ့သူတစ်ယောက်လို ဘေးမှအကြိမ် ကြိမ်သတိပေးနေရခြင်း၊ ညာခြေထောက်ကောင်းစွာ လမ်းမလျှောက်နိုင်တော့ခြင်း၊ မိမိတစ်ကိုယ်ရေသန့် ရှင်းရေးပင်မလုပ်နိုင်တော့ခြင်း၊ မျက်တောင်မခတ်ခြင်း စသဖြင့် ဖြစ်ပေါ်လာပါတယ်။ ညာဘက်လက်က တစ်ခါတစ်ရံ တဆတ်ဆတ်လှုပ်ပါတယ်။ သတိပေးရင်တော့ငြိမ်သွားပါတယ်။ ဒီရောဂါကို ဘယ်လိုမှန်ကန်တဲ့ ကုသမှုရသင့်ကြောင်း လမ်းညွှန်မှုကိုအားကိုး တကြီးတောင်းဆိုပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။
kiwi(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ စာအရ လူနာရှင်အနေနဲ့ ရောဂါအနေအထားကို အကြမ်းဖျင်းသိထားပြီးဖြစ်နေပါပြီ။ ဒီရောဂါစုကို ခြုံပြီးပြောရမယ်ဆိုရင်တော့ Degenerative Disease လို့ခေါ်ပါတယ်။ အသက်ကြီးလာတာကြောင့် ပျက်စီး ယိုယွင်းတဲ့ရောဂါဖြစ်တဲ့အတွက် ပျောက်အောင်ကုလို့တော့မရဘူးဆိုတာ မိသားစုဝင်တွေ သိထားဖို့လိုပါတယ်။ ပေးထားတဲ့ဆေးတွေက လူနာရဲ့ဝေဒနာကို သက်သာအောင်၊ ပျက်စီးယိုယွင်းမှုကို ပိုနှေးအောင် ပဲလုပ်ပေးနိုင်ပါတယ်။

လူတွေ အသက်ကြီးလာတာနဲ့အမျှ ပျက်စီးယို ယွင်းမှုတွေက ဖြစ်လာတယ်၊ အဲဒီမှာ တချို့ကျတော့ အတွင်းရောဂါဝေဒနာတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်၊ မသင့်တော်တဲ့ အစားအသောက်တွေကြောင့်ပဲဖြစ်ဖြစ် စောပြီး Degenerative Disease က ပေါ်လာတတ်ပါတယ်။ ပါကင်ဆန်နဲ့ PSP(progressive supra­nuclear palsy) ရောဂါတွေက အသက်ကြီးလို့ ယိုယွင်းပျက်စီးလာတဲ့ ရောဂါတွေဖြစ်လို့ လုံးဝပျောက် ကင်းအောင်မကုနိုင်ဘူး၊ ယိုယွင်းမှုနှုန်းကို နှေးအောင်ပဲလုပ်နိုင်ပါတယ်။ ဥပမာဆိုပါစို့-အခုပေးထားတဲ့ ဆေးဝါးတွေ မရထားရင် အခုလို ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဒီ့ထက်အချိန်စောပြီး ခံစားရနိုင်ပါတယ်။

နောက်ပိုင်း အသိက တဖြည်းဖြည်းကျဆင်းလာမယ်၊ လှုပ်ရှားမှုနှုန်းက နှေးကွေးသွားမယ်၊ ဒီတော့ ဘာလုပ်ပေးနိုင်သလဲဆိုရင် အိပ်ရာထဲ လှဲနေ ချိန်များတဲ့အခါ အိပ်ရာနာမဖြစ်အောင် ပြုစုပေးရ မယ်၊ စကားပြောလာအောင်၊ မှတ်Óဏ်အသိ ကောင်းလာအောင်လုပ်လို့တော့ မရနိုင်ဘူး၊ တစ် ကိုယ်ရေသန့်ရှင်းရေးကောင်းအောင် ပြုစုသူက လုပ်ပေးမှပဲရမယ်၊ ဆေးတွေက တုန်တာရပ်အောင်၊ ပါးစပ်ထဲက သွားရေကျရင် ရပ်အောင်ပဲ လုပ်ပေးနိုင်ပါတယ်။ ခုတင်ပေါ်ကနေ ထိုင်အောင်၊ လမ်းလျှောက် အောင်လုပ်ပေးနိုင်တဲ့ ဆေးတော့ မရှိသေးပါဘူး။ ဆရာဝန်ပေးတဲ့ ဆေးသောက်တာနဲ့ ပြုစုစောင့် ရှောက်သူကပဲ အနီးကပ် စိတ်ရှည်လက်ရှည်ပြုစု ပေးတဲ့နည်းနဲ့ လူနာသက်သာအောင်ပဲလုပ်ပေးလို့ ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top