Healthy Life Ad
International

ခါးနာသူများက စောစောသေဆုံးနိုင်ခြေ မြင့်မား

၊ မိုးမင်းထွန်း ၊

သြစတြေးလျနိုင်ငံဆစ်ဒနီတက္ကသိုလ်မှ ဒေါက်တာပေါ်လိုဖာရဲရားဦးဆောင်တဲ့ သုတေသနအဖွဲ့က ဒိန်းမတ်နိုင်ငံမှ အသက်၇၀ကျော် အမြွှာ ၄၃၉၀ ဦးတို့ရဲ့ သေဆုံးနှုန်းကို စစ်ဆေးခဲ့ကြပါတယ်။ ခါးနာ၊ လည်ပင်းနာရောဂါခံစားရတဲ့သူတွေဟာ ရောဂါမရှိသူတွေနဲ့ နှိုင်းယှဉ်ရင် စောစောသေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်း မြင့်မားကြောင်း တွေ့ရှိခဲ့ပါတယ်။

အမြွှာတစ်ယောက်ထဲကတစ်ယောက်သာ သေဆုံးခဲ့ရင် မျိုးဗီဇက အကြောင်းပြချက်မဟုတ်တော့တာကြောင့် အမြွှာတွေကို လေ့လာခဲ့တာက မျိုးဗီဇရဲ့လွှမ်းမိုးမှုကို လျစ်လျူရှုဖို့ သုတေသီတွေကို ခွင့်ပြုခဲ့ပါတယ်။ တွေ့ရှိမှုက ခါးနာတာနဲ့ သေဆုံးနှုန်းတို့ ကြားဆက်စပ်မှုကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် အကြောင်းရင်းကို မသိရှိသေးတာကြောင့် နောက်ထပ်လေ့လာစရာ ရှိသေးတယ်လို့ သုတေသီတွေကရှင်းပြပါတယ်။ ခါးနာတာက ကျန်းမာရေး မကောင်းတာနဲ့ လုပ်ဆောင်ချက်စွမ်းရည် ကျဆင်းစေတဲ့ သင်္ကေတတစ်ခုဖြစ်တာကြောင့် အရေးတကြီးကိစ္စအဖြစ် သဘောထားသင့်ကြောင်း ဒေါက်တာဖာရဲရားက ဆိုပါတယ်။

အသက်ကြီးလူဦးရေ တိုးပွားလာတာနဲ့အမျှ သက်ကြီးရွယ်အိုတွေရဲ့ အမှီအခိုကင်းကင်းနေထိုင်နိုင်မှုနဲ့ ဘဝအရည်အသွေးကို ထိခိုက်စေတာကြောင့် ခါးနာဝေဒနာကို တိုက်ဖျက်ဖို့လိုအပ်တယ်လို့ ပြောပြပါတယ်။

ပါရာစီတမောနဲ့ အကိုက်အခဲပျောက်ဆေးတွေက ခါးနာတာကို ကုသရာမှာမထိရောက်ဘဲ ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ကာ ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုပုံစံနေထိုင်တာက ခါးနာကုသဖို့ အကောင်းဆုံးဖြစ်ကြောင်းလည်း အကြံပြုခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်း ခါးနာဝေဒနာရှင် သန်း၇၀ဝခန့် ရှိနေပြီး မသန်စွမ်းဖြစ်ရခြင်းရဲ့ နံပါတ်တစ်ရောဂါ အဖြစ် ရပ်တည်နေကြောင်းလည်း သိရပါတယ်။

(Ref;TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top