Healthy Life Ad
Life Style

သွေးကင်ဆာအိပ်မက်ဆိုးမှ ရုန်းထွက်နိုင်ခဲ့တာ လေးနှစ်ရှိခဲ့ပြီဖြစ်တဲ့ ဦးစိုးမိုးကို

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၂မတ်လက စတင်ခံစားခဲ့ရသည့် သွေးကင်ဆာခရီးကြမ်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သူ ဦးစိုးမိုးကိုက သွေးကင်ဆာရောဂါ (AML N3 အမျိုးအစား)ကို မည်သို့မည်ပုံ စတင်တွေ့ရှိခဲ့သည်ကို ယခုလို ပြန်ပြောင်းပြောပြခဲ့သည်။

“ဦးတို့က ဇနီးမောင်နှံနှစ်ယောက်စလုံး စင်ကာပူမှာ အလုပ်လုပ်နေခဲ့တာ။ ၂၀၁၂မတ်လမှာ မြန်မာနိုင်ငံကို ခွင့်နဲ့အလည်ပြန်လာတော့ လက်ဆွဲအိတ်ကိုင်းနဲ့ လက်ကိုညှပ်မိသွားတယ်။ အဲဒီမှာ သွေးထွက်သွားတော့ သွေးကတော်တော်နဲ့မတိတ်ဘူး။ လေယာဉ်ပေါ်မှာ သွေးကတော်တော်နဲ့မတိတ်တော့ လေယာဉ်မောင်တွေက ရေခဲတွေနဲ့ ကပ်ပေးလိုက်ရတယ်။ အဲဒီမှာစပြီး နည်းနည်းတော့ ထူးခြားတယ်လို့ထင်တယ်။

ဦးက အဲဒီတုန်းက နည်းနည်းလည်းဖျားနေတယ်။ ဖျားတော့ ဆရာဝန်တစ်ယောက်ဆီသွားပြတယ်၊ ပဋိဇီဝပိုးသတ်ဆေးပေးလိုက်တယ်။ မပျောက်တော့ နောက်ဆရာဝန်တစ်ယောက်ဆီထပ်ပြတယ်။ ပဋိဇီဝပိုးသတ်ဆေး နောက်တစ်မျိုးပေးလိုက်တယ်။ အဲဒါကိုထပ်သောက် . . အဲဒီလိုလုပ်နေရတယ်။ မြန်မာပြည်ပြန်ရောက်ခိုက်မှာ အစတုန်းက အားခဲထားတဲ့ ခရီးတွေကိုလည်း မသွားချင်၊ မလည်ချင် ဖြစ်နေတယ်၊ ဖြစ်ချင်တော့ သွားထဲမှာ သွေးလေးထွက်လာတယ်။ အဲဒါနဲ့ အိမ်နားက ဆရာဝန်တစ်ယောက်ဆီ သွားတိုင်ပင်တော့ သူကသွေးစစ်ကြည့်ပါလို့ အကြံကောင်းပေးလိုက်တယ်”

ထိုအချိန်က ဦးစိုးမိုကို၏ အသက်မှာ ၅၂ နှစ်ရှိပြီဖြစ်ပြီး ဂျီပီဆရာဝန်၏ အကြံပြုချက်အရ သွေးစစ်ကြည့်ခဲ့ရာ ဆဲလ်များပုံမှန်အခြေအနေမဟုတ်ကြောင်း စတင်သိရှိခဲ့ရသည်။

ဦးစိတ်ထဲမှာ မြန်မာနိုင်ငံကို တစ်လအလည်အပတ်ပြန်လာပြီး ဘာတွေလုပ်မယ်၊ ဘယ်တွေသွားမယ် . .
ဒါပဲစဉ်းစားနေတာဆိုတော့ ရုတ်တရက်ကြီး ဆေးရုံတက်လိုက်ပါဆိုတဲ့ စကားကြားလိုက်ရတော့ တော်တော်ထိတ်လန့်သွားတယ် . . .

“သွေးပါရဂူဆီ အမြန်ပြေးပါလို့ အကြံပြုတော့ ပါမောက္ခဒေါက်တာဒေါ်အေးအေးကြီးရှိတဲ့ မြောက်ဥက္ကလာဆေးရုံကိုသွားပြခဲ့တယ်။ ဆရာမကြီးနဲ့တွေ့တော့ သူကချက်ချင်းပဲဆေးရုံတက်ပါလို့ပြောတော့ ဦးကအရမ်းအံ့သြသွားတယ်။ ဦးစိတ်ထဲမှာ မြန်မာနိုင်ငံကို တစ်လအလည်အပတ်ပြန်လာပြီး ဘာတွေလုပ်မယ်၊ ဘယ်တွေသွားမယ် . . ဒါပဲစဉ်းစားနေတာဆိုတော့ ရုတ်တရက်ကြီး ဆေးရုံတက်လိုက်ပါဆိုတဲ့ စကားကြားလိုက်ရတော့ တော်တော်ထိတ်လန့်သွားတယ်။ မျှော်လင့်တာက သွေးစစ်၊ ရိုးတွင်းခြင်ဆီစစ်ပြီး ဘာမှမရှိပါဘူးဆိုတဲ့ စကား၊ တကယ်တမ်း ကြားလိုက်ရတော့ကင်ဆာဆဲလ်တွေ အများကြီးမို့ ဆေးရုံတက်လိုက်ပါဆိုတဲ့စကား . . တော်တော်ထိတ်လန့်သွားခဲ့တယ်”ဟု ဦးစိုးမိုးကိုက သွေးကင်ဆာဟု စတင်ကြားကြားချင်း ရုတ်တရက်ဖြစ်ပေါ်ခဲ့သည့် စိတ်ခံစားမှုကို ပြောပြခဲ့သည်။

သွေးကင်ဆာကြောင့် ဆေးရုံအမြန်တက်ရမည်ဆိုသဖြင့် ဦးစိုးမိုကို ရုတ်တရက်ဖြစ်ပေါ်ခဲ့သည့် ထိတ်လန့်မှုမှာ စကားတစ်ခွန်းကြောင့် သက်သာရာရသွားခဲ့ကြောင်း၊ ထိုစကားကပင်လျှင် ဆေးကုသမှုကိုအောင်မြင်အောင် ပံ့ပိုးပေးနိုင်ခဲ့ကြောင်းသိရသည်။ “သွေးကင်ဆာဆိုတာ ချက်ချင်းသေနိုင်တဲ့ ရောဂါလို့ ဦးကမထင်ခဲ့ဘူး။ အဲဒီအချိန်မှာ ဆရာမကြီးက ‘၇၅ ရာခိုင်နှုန်း ရှင်အောင်ကုလို့ရပါတယ်’ ဆိုတဲ့စကားပြောလိုက်တယ်။ ‘ကျွန်မကုလို့ အသက်ရှင်တဲ့သူ ရှေ့မှာ ၆ ယောက်ရှိတယ်’ဆိုပြီး ဆက်ပြောလိုက်တော့ ၇၅ ရာခိုင်နှုန်းရှင်မယ်ဆိုတဲ့ စကားကြောင့် အားတက်သွားတယ်၊ အလုပ်လည်း ပြန်လုပ်နိုင်မယ်ဆိုပြီး ဆေးကုသမှုခံယူဖြစ်သွားတာပဲ”

ဦးစိုးမိုးကိုသည် ၂၀၁၂ မတ်လတွင် မြောက်ဥက္ကလာဆေးရုံကြီး၊ သွေးရောဂါကုသဆောင်တွင် ဆေးရုံတက်ကာ နှစ်လတိတိ ဆေးကုသမှုခံယူခဲ့ပြီးနောက် သွေးကင်ဆာမရှိဆိုသော စစ်ဆေးချက်အဖြေကို ပြန်လည်ရရှိခဲ့သည်။

ဆေးကုသမှုက ပြင်းထန်တော့ အိပ်ရင်ကို ချောက်ထဲကျသွားတာမျိုး၊ တစ်ခုခုနဲ့ အရှိန်ပြင်းပြင်းအရိုက်ခံရတာမျိုး . . အဲဒီလို အိပ်မက်ဆိုးတွေမက်ခဲ့သေးတယ်။ ဘယ်လောက်ပဲဝေဒနာ ခံစားရပါစေ၊ ဆရာမကြီးပြောခဲ့တဲ့ ‘၇၅ရာခိုင်နှုန်းအသက်ရှင်မယ်’ဆိုတဲ့ စကားကို ၁၀ဝ ရာခိုင်နှုန်းယုံကြည်တဲ့အတွက် ကျော်ဖြတ်နိုင်သွားခဲ့တာပါပဲ။ ဆရာမကြီးက တန်ခိုးကြီးတဲ့ ဆရာတော်ကြီးတွေကို ဆေးရုံပင့်ပြီး တရားနာခိုင်းတယ်၊ ဦးကလည်း ဆရာတော်ကြီးတွေရဲ့ မေတ္တာခံယူပြီး တရားမှတ်ဖြစ်တယ်၊ ဘုရားစာတွေရွတ်ဖြစ်တယ် . . .

“ဆေးရုံတက်ပြီး နှစ်လအတွင်း ဆေးကုသမှု ခံယူချိန်ကတော့ အပြင်းအထန်ခံစားရပါတယ်။ ပြည်ပမှာ လူကောင်းတစ်ယောက်လို အလုပ်လုပ်ရင်းကနေ ချက်ချင်းလူမမာကြီး ဖြစ်သွားတာပါပဲ။ ဆေးဒဏ်တွေကြောင့် အဆုတ်နည်းနည်း ထိသွားသေးတယ်။ အဲဒီညက အသက်ရှူလို့မဝတဲ့အတွက် စားပွဲခုံပေါ်မှောက်ပြီး အိပ်လိုက်ရသေးတယ်။ အထူးကြပ်မတ်ကုသဆောင်မှာ ခဏနေပြီးကုလိုက်တော့ အဆုတ်ကပြန်ကောင်းသွားတယ်။ ဆေးကုသမှုက ပြင်းထန်တော့ အိပ်ရင်ကို ချောက်ထဲကျသွားတာမျိုး၊ တစ်ခုခုနဲ့ အရှိန်ပြင်းပြင်း အရိုက်ခံရတာမျိုး . . အဲဒီလိုအိပ်မက်ဆိုးတွေ မက်ခဲ့သေးတယ်။

ဘယ်လောက်ပဲဝေဒနာခံစားရပါစေ၊ ဆရာမကြီးပြောခဲ့တဲ့ ‘၇၅ ရာခိုင်နှုန်း အသက်ရှင်မယ်’ဆိုတဲ့ စကားကို ၁၀ဝ ရာခိုင်နှုန်း ယုံကြည်တဲ့အတွက် ကျော်ဖြတ်နိုင်သွားခဲ့တာပါပဲ။ ဆရာမကြီးက တန်ခိုးကြီးတဲ့ ဆရာတော်ကြီးတွေကို ဆေးရုံပင့်ပြီး တရားနာခိုင်းတယ်၊ ဦးကလည်း ဆရာတော်ကြီးတွေရဲ့ မေတ္တာခံယူပြီး တရားမှတ်ဖြစ်တယ်၊ ဘုရားစာတွေရွတ်ဖြစ်တယ်” သွေးကင်ဆာကုသမှုခံယူနေစဉ် အာဟာရဖြစ်စေသည့် အစားအသောက်မှန်သမျှ စားနိုင်သော်လည်း ဆေးပြင်းများကြောင့် စားချင်စိတ် မရှိဖြစ်ခဲ့ရကြောင်း ဦးစိုးမိုးကိုက ပြောပြသည်။

“ဘယ်လောက်အထိ ဆိုးသွားသလဲဆိုတော့ လိမ္မော်သီးတစ်မြွှာရဲ့ လေးပုံပုံတစ်ပုံကိုတောင် မနည်းဝင်အောင် စားရတယ်။ ဆေးခြောက်လုံးလောက်သောက်ဖို့ နာရီဝက်လောက်ကြာတယ်၊ ရေမဝင်လို့လေ၊ အမျိုးသမီးက အစာမဝင်ရင် ပိုက်နဲ့သွင်းရလိမ့်မယ်ဆိုပြီး အတင်းချော့မော့ကျွေးတော့ ဦးလည်း ဖျစ်ညှစ်စားခဲ့ပါတယ်။ နောက်တစ်ခုက အဲဒီလိုမစားချင်ဖြစ်နေတုန်း ဆရာမကြီးက သူ့မွေးနေ့ဆိုပြီး လူနာအားလုံးကို အအေးတိုက်တယ်၊ အအေးသောက်ပြီး ဦးခံတွင်းလိုက်လာတယ်၊ အစာစားချင်စိတ်ပြန်ဖြစ်လာတယ်၊ ဒါလည်း မှတ်မှတ်ရရပါပဲ”ဟု ဦးစိုးမိုးကိုကဆိုသည်။

ဆေးရုံတက်နေစဉ် တစ်နေ့အစာမည်မျှစားသည်ကို ပုံမှန်ချမှတ်ရေးရလေးရှိကြောင်း၊ အစားအသောက် သန့်ရှင်းရေး၊ အခန်းသန့်ရှင်းရေးနှင့် လူနာနှင့်ထိတွေ့သမျှ အရာအားလုံး သန့်ရှင်းရေးအတွက် အထူးစီမံဆောင်ရွက်ပေးရကြောင်း ဦးစိုးမိုးကို၏ဇနီးဖြစ်သူ မခင်ခင်ဆွေကလည်း ပြောပြခဲ့သည်။ “လူနာအတွက်လုပ်ပေးတဲ့ အရာမှန်သမျှ သန့်ရှင်းနေမှ၊ အဲဒီလို သန့်ရှင်းနေအောင် အခန်းနံရံ၊ ကြမ်းပြင်၊ ခုတင်နံရံ အကုန်လုံးကို အရက်ပြန်နဲ့ တစ်ချိန်လုံးလိုက်ပွတ်ပေးနေရတာ၊ အစားအသောက်တွေဆိုလည်း သန့်သန့်ရှင်းရှင်းဖြစ်အောင်လုပ်ပေးနေရတာ၊ ဆရာမကြီးကလည်း လူနာကိုအရမ်းဂရုစိုက်ပေးခဲ့တယ်”ဟု မခင်ခင်ဆွေကဆိုသည်။

“သွေးကင်ဆာကုသမှုခံယူချိန်မှာ ကျန်းမာရေးဝန်ထမ်းအားလုံးက ဂရုစိုက်တာမှန်ပေမယ့် မိသားစုကလည်း ဘေးကနေ အမြဲတစေ ဂရုစိုက်စောင့်ရှောက်နေရတယ်။ ဦးအတွေ့အကြုံအရ ဆေးတွေကအစ ဒီနေ့ဘာသွင်းတယ်၊ ဒီနေ့ဘာတိုက်တယ် စသဖြင့် အကုန်လုံးကို ဦးဇနီးက စာအုပ်တစ်အုပ်ထဲမှတ်ထားတော့ ဒါလေးက အတော်အထောက်အကူဖြစ်တယ်။ ဆရာဝန်အငယ်တွေက အလှည့်ကျ ဂျူတီနဲ့ပြောင်းနေတော့ ဦးရဲ့ ဒီမှတ်တမ်းက ဆေးကုသမှုအတွက် အတော်လေးအထောက်အကူဖြစ်သွားပါတယ်”ဟု ဦးစိုးမိုးကိုက ပြောပြခဲ့သည်။

၂၀၁၂ မေလတွင် သွေးကင်ဆာပျောက်သွားကြောင်း စစ်ဆေးချက်အဖြေရရှိခဲ့ပြီး နောက်ပိုင်းတွင် နေအိမ်မှပင် ဆေးရုံသို့သွားရောက်၍ ၁၀လခန့် ကင်ဆာဆေးသွင်းခဲ့ကြောင်း သိရသည်။ သွေးကင်ဆာဖြစ်ခဲ့ရခြင်းအပေါ် ဦးစိုးမိုးကိုက “သွေးကင်ဆာမျိုးရိုးလည်း မရှိပါဘူး။ ဦးက ပြည်ပမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်တော့ ပင်ပန်းတဲ့အတွက် ခဏခဏ ဖျားပါတယ်။ အဲဒီတော့ အဖျားပျောက်ချင်စိတ်နဲ့ ပဋိဇီဝပိုးသတ်ဆေးတွေကို ခဏခဏသောက်ရတယ်။ အဲဒီဆေးတွေ သောက်တာများလို့ ဖြစ်တယ်လို့ပဲ ဦးထင်ပါတယ်”ဟု ပြောပြခဲ့သည်။

ယခုအခါ ဦးစိုးမိုးကိုသည် မြန်မာနိုင်ငံ၌ပင် အခြေချရန်စဉ်းစားပြီး မြောက်ဒဂုံ ဘေလီတံတားအဆင်း ပင်လုံလမ်းမကြီးပေါ်တွင် Glass Cafe & Restaurant ဆိုင်ဖွင့်လှစ်ကာ ဇနီး၊ သမီးဖြစ်သူနှင့်အတူ ကျန်းမာပျော်ရွှင်အေးဆေးစွာ အလုပ်လုပ်လျက်ရှိပါသည်။ ယခုနောက်ပိုင်းတွင် လူအများကြားသွားလာခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံအတိုင်း လိုက်နာဖြစ်နေကြောင်း သိရသည်။

“စင်ကာပူမှာ ကုမလား၊ ဒီမှာ ကုမလားလို့ ဆရာမကြီးကမေးတော့ ဦးက ဒီမှာပဲကုမယ်ဆိုပြီး ရွေးချယ်ခဲ့တယ်။ ဒါကလည်း ဆရာမကြီး ပါမောက္ခဒေါ်အေးအေးကြီးကို ယုံကြည်လို့ပါ။ ဆရာမကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ သွေးကင်ဆာသမားတွေအတွက် မြောက်ဥက္ကလာဆေးရုံက အကောင်းဆုံး၊ ဆရာမကြီးက ၂၄နာရီစလုံး ဆေးရုံနဲ့ အဆက်အသွယ်ရှိနေတာ၊ ဦးတစ်ခုခုဖြစ်ပြီဆိုတာနဲ့ ဆရာမကြီးက ချက်ချင်းရောက်လာတယ်၊ စေတနာကောင်းတဲ့ ဆရာမကြီးက ဦးအသက်ကို ကယ်ပေးလိုက်တာပါပဲ။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ စေတနာအပြည့်နဲ့ ဝိုင်းဝန်းစောင့်ရှောက်ပေးခဲ့ကြတဲ့ ဒေါက်တာခင်သီတာထွဋ်နဲ့တကွ လက်ထောက်ဆရာဝန်တွေ၊ သူနာပြုဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ထူးခြားတာတစ်ခုက ဦးသွေးကင်ဆာမဖြစ်ခင်က သွေးတိုးရှိလို့ သွေးတိုးကျဆေးပမာဏ ၅၀ မီလီဂရမ်ကို တစ်နေ့တစ်လုံးသောက်ရတယ်။ အခုဆေးရုံလည်း ဆင်းပြီးရော တစ်နေ့ကို ၁၀ မီလီဂရမ်ပဲ သောက်ရတော့တယ်။ ပြောချင်တာက သွေးတိုးကကျသွားတယ်။ အခုနောက်ပိုင်း အိပ်ရေးပျက်ခံနိုင်ပြီး အမောခံနိုင်လာတယ်။ ဟိုတလောက သမီးနဲ့အတူတူ ပုပ္ပားတောင်ကလပ်ကိုတောင် တက်နိုင်ခဲ့တယ်။ နောက်တစ်ခုက ဦးဟာအရင်ကတည်းက အရက်၊ ဆေးလိပ် မသောက်ခဲ့ဘူး၊ ကွမ်းမစားခဲ့ဘူး၊ အဲဒီအတွက် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေက အကုန်ကောင်းနေခဲ့တယ်။ အဲဒါကြောင့်လည်း ဆေးကုသမှုဒဏ်ခံနိုင်ပြီး ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၂ မှာတောင်မှ ဦးက သွေးကင်ဆာပျောက်ကင်းပြီး အသက်ရှင်ခဲ့တယ်။ အဲဒီတုန်းက ဦးရှေ့မှာ ဆရာမကြီးကုလို့ အသက်ရှင်သူ ၆ ယောက်ရှိပြီးပြီဆိုတော့ အခု ၂၀၁၆ ဆိုရင် အသက်ရှင်သူတွေ အများ ကြီးရှိမယ်လို့ ဦးထင်တယ်။ ဆရာမကြီးပြောတဲ့အတိုင်း လိုက်နာ၊ သူတို့ပေးတဲ့ ဆေးတွေသောက်၊ ပုံမှန်စားသောက်ရင်း အသက်ရှင်ခဲ့တာ . . ပြောရရင် မြောက်ဥက္ကလာဆေးရုံမှာ ဆေးကု၊ အဲဒီဆေးရုံကပေးတဲ့ ဆေးသောက်၊ အိမ်ကထမင်းဟင်းစားပြီး အသက်ရှင်ခဲ့တာဆိုတော့ စိတ်ဓာတ်မကျပါနဲ့။ ဦးထက် အခွင့်အလမ်းပိုကောင်းပါတယ်”ဟု သွေးကင်ဆာခံစား နေရသူများအား ဦးစိုးမိုးကိုက သူ့အတွေ့အကြုံအရ အကြံပြုအားပေးစကားများ ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top