Healthy Life Ad
Life Style

အစာဟောင်းအိမ်ကင်ဆာ (Rectum Cancer)

ပါမောက္ခဦးအေးမွန် (ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့်တွေ့ဆုံခြင်း)

မေး. အစာဟောင်းအိမ်ကင်ဆာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။
ဖြေ. မြန်မာနိုင်ငံမှာ ကင်ဆာအမျိုးမျိုးအနက် အစာဟောင်းအိမ်ကင်ဆာက စတုတ္တအဖြစ်များဆုံး ကင်ဆာဖြစ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းက –

(၁) မျိုးရိုးဗီဇကြောင့်ပါ။
အစာဟောင်းအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာမှာ မျိုးရိုးဗီဇနဲ့ ဆက်နွှယ်ပတ်သက်မှုက ပိုများပါတယ်။ အထူးသဖြင့် အူအသားပို (Polyp) ရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

(၂) အစားအသောက်နေထိုင်မှုနဲ့ ပတ်ဝန်းကျင်ကြောင့်ပါ။
အစာအိမ်ကင်ဆာဆိုရင် ဂျပန်နဲ့ ကိုရီးယားလူမျိုးတွေ အဖြစ်များပါတယ်။ သူတို့က အသားစိမ်းတွေစားတာများလို့ပါ။ အူမကြီးကင်ဆာကျတော့ အနောက်နိုင်ငံသားတွေ အဖြစ်များပါတယ်။ အသားနဲ့ သရေစာတွေ အစားများလို့ပါ။ အစာဟောင်းအိမ်ကင်ဆာကလည်း အသားစားတာများရင် ဖြစ်တတ်ပါတယ်။ အစားအသောက်၊ အနေအထိုင်ညစ်ပတ်ရင် အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။

မေး. အစာဟောင်းအိမ်ကင်ဆာကို အဆင့်သတ်မှတ်ထားတာရှိပါသလား ဆရာ။
ဖြေ. ကင်ဆာတိုင်း အဆင့်သတ်မှတ်တာပါပဲ။ အစာဟောင်းအိမ်ကင်ဆာမှာလည်း အဆင့် (၁)၊ (၂)၊ (၃)၊ (၄) စသဖြင့် သတ်မှတ်ထားတာရှိပါတယ်။ ကင်ဆာအကျိတ်အနေအထားပေါ်မူတည်ပြီး အဆင့်ခွဲခြားပါတယ်။

မေး. မြန်မာနိုင်ငံမှာ အစာဟောင်းအိမ်ကင်ဆာက အဖြစ်များပါသလား ဆရာ။
ဖြေ. အခုနောက်ပိုင်းမှာ အစာဟောင်းအိမ်ကင်ဆာအပါအဝင် တခြားကင်ဆာတွေလည်း ဖြစ်နှုန်းများလာပါတယ်။ အနေအထိုင် အစားအသောက်တွေပေါ်မူတည်ပြီး ကင်ဆာဖြစ်နှုန်းများလာတယ်လို့ ဆရာယူဆပါတယ်။

မေး. အစာဟောင်းအိမ်ကင်ဆာရဲ့ လက္ခဏာတွေကိုသိချင်ပါတယ် ဆရာ။
ဖြေ. အစာဟောင်းအိမ်အရွယ်အစားက အကြမ်းအားဖြင့် ၁၅ စင်တီမီတာလောက်ရှိပါတယ်။ အဲဒီမှာ အပေါ်ပိုင်း၊ အလယ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး ငါးစင်တီမီတာစီခွဲခြားထားပါတယ်။ ကင်ဆာဖြစ်တဲ့အပေါ်၊ အလယ်၊ အောက်နေရာပေါ်မူတည်ပြီး ရောဂါကပြောင်းသွားပါတယ်။

အကြမ်းမျဉ်းအားဖြင့်ပြောရရင် အစာဟောင်းအိမ်အပေါ်ပိုင်းမှာ ကင်ဆာဖြစ်တဲ့အခါ ဝမ်းချုပ်တာနဲ့ လာတတ်ပါတယ်။ အူမကြီးနဲ့ အစာဟောင်းအိမ်ဆက်တဲ့ နေရာလေးက ကျဉ်းတတ်တယ်။ အဲဒီတော့ ဝမ်းချုပ်လာတတ်ပါတယ်။ ဝမ်းချုပ်တာက တဖြည်းဖြည်း ပိုပိုဆိုးလာတာမျိုးပါ။ နာတာရှည်ဝမ်းချုပ်ပြီး ခြောက်လနဲ့အထက် အကြာကြီးဝမ်းချုပ်နေတယ်ဆိုရင် ဒါက အပေါ်ပိုင်း အစာဟောင်းအိမ်ကင်ဆာဖြစ်ဖို့ များပါတယ်။

အစာဟောင်းအိမ် အလယ်နေရာကျတော့ ကျယ်ပါတယ်။ အဲဒီမှာကင်ဆာဖြစ်ရင် အသားပိုအကျိတ်ထွက်ပါတယ်။ ပန်းဂေါ်ဖီလို အကျိတ်ထွက်လာတော့ ဝမ်းသွားရင် သွေးတွေ၊ အချွဲတွေ ပါလာတတ်ပါတယ်။ ဒါကို တချို့က ဝမ်းကိုက်တာနဲ့ မှားတတ်ပါတယ်။ တစ်ခါတလေ ဝမ်းသွားချင်တယ်၊ ဝမ်းသွားလိုက်တယ်၊ ဒါပေမဲ့ အလုံးအကျိတ်ကြီးရှိနေတော့ ဝမ်းသွားရင် ကုန်တယ်မထင်ဘူး။ ဝမ်းသွားချင်နေ ပြန်ရော . .တစ်နေ့တည်းမှာ ခဏခဏ အဲဒီလိုဝမ်းသွားလိုက်၊ ဝမ်းကုန်တယ်မထင်လိုက်နဲ့ သံသရာလည်နေတယ်။ ဒီလိုလက္ခဏာနဲ့ လာတာများပါတယ်။

အစာဟောင်းအိမ်အောက်ဆုံးပိုင်းကျတော့ စအိုနဲ့ကပ်နေတော့ အနာဖြစ်လာတယ်။ အဲဒီအခါမှာလည်း ဝမ်းခဏခဏသွားချင်တယ်၊ ဝမ်းသွားလို့ မဝဘူး။ ဝမ်းသွားရင် သွေးပါတတ်တယ်။ အောက်ပိုင်းနဲ့ နီးသွားတော့ လိပ်ခေါင်းနဲ့ မှားတတ်ပါတယ်။ ရောဂါရင့်သွားရင်တော့ တခြားနီးစပ်ရာနေရာတွေကို ပြန့်သွားတတ်ပါတယ်။

မေး. အစာဟောင်းအိမ်ကင်ဆာက ဘယ်အသက်အရွယ်တွေမှာအဖြစ်များပါသလဲ ဆရာ။
ဖြေ. အကြမ်းဖျင်းကတော့ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာဟောင်းအိမ်ကင်ဆာတွေအားလုံးက အသက် ၄၀ အထက်မှာ အဖြစ်များပါတယ်။ အသက် ၄၀ နဲ့ ၇၀ ကြား အဖြစ်များတယ်ဆိုပေမယ့် အခုနောက်ပိုင်း အငယ်ဆုံးဆိုရင် ၂၀ အထက်လောက်မှာတောင် စတွေ့နေတာရှိပါတယ်။

ကိုယ့်မိဘဆွေမျိုးထဲမှာ အစာဟောင်းအိမ်ကင်ဆာဖြစ်ရင် စောစောစစ်ဆေးသင့်ပါတယ်။ အသားတွေ၊ ကလီစာတွေ သိပ်မစားသင့်ပါဘူး။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို များများစားသင့်ပါတယ် . . .

မေး. အစာဟောင်းအိမ်ကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာ။
ဖြေ. ကိုယ့်မိဘဆွေမျိုးထဲမှာ အစာဟောင်းအိမ်ကင်ဆာဖြစ်ရင် စောစောစစ်ဆေးသင့်ပါတယ်။ အသားတွေ၊ ကလီစာတွေ သိပ်မစားသင့်ပါဘူး။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို များများစားသင့်ပါတယ်။

မေး. အစာဟောင်းအိမ်ကင်ဆာကို ဘယ်လိုစစ်ဆေးမှုတွေလုပ်ရပါသလဲ ဆရာ။
ဖြေ. အကြမ်းဖျင်းကတော့ ဝမ်းချုပ်တာ လချီလာရင်၊ ဝမ်းချုပ်တာကလည်း ပိုပိုဆိုးလာရင်၊ ဝမ်းသွားလို့ သွေး၊ အချွဲပါနေရင်၊ ဝမ်းသွားလိုက်၊ ကုန်တယ်မထင်လိုက် သံသရာလည်နေရင် ဆရာဝန်နဲ့ပြသင့်နေပါပြီ။ အဲဒီအခါ ဆရာဝန်က ဝမ်းကိုစစ်မှာပါ။ ဝမ်းမှာ သွေးတွေပါသလား၊ အချွဲပါသလား စတာတွေကိုစစ်ပြီး မသက်သာရင် အာထရာဆောင်းရိုက်ပေးပါလိမ့်မယ်။ အစောပိုင်းအဆင့်ဆိုရင် တွေ့မှာ မဟုတ်ပါဘူး။ အဲဒီတော့ စအိုထဲ လက်နဲ့ စမ်းကြည့်ရပါတယ်။ အစာဟောင်းအိမ် အလယ်ပိုင်းနဲ့ အောက်ပိုင်းမှာဖြစ်တဲ့ ကင်ဆာဆိုရင် တွေ့နိုင်ပါတယ်။ အပေါ်ပိုင်းမှာဖြစ်တဲ့ ကင်ဆာကတော့ မတွေ့နိုင်ပါဘူး။ အဲဒါတွေမလုပ်ချင်ရင် ကင်ဆာရှိ၊ မရှိ အမှတ်အသား (Tumour Markers) စစ်သင့်ပါတယ်။ မှန်ပြောင်းကြည့်လို့ရပါတယ်။

မေး. အစာဟောင်းအိမ်ကင်ဆာ ကုသမှုအကြောင်းသိပါရစေ ဆရာ။
ဖြေ. အစာဟောင်းအိမ်ကင်ဆာ အစောပိုင်းအဆင့် (၁)နဲ့ (၂) မှာတွေ့ရင် အသက်ရှင်နိုင်ခြေက အစာ အိမ်ကင်ဆာထက် ပိုများပါတယ်။ အစာဟောင်းအိမ်ကင်ဆာထက် အူမကြီးကင်ဆာက အသက်ရှင်နိုင် ခြေပိုများပါတယ်။ ကုသမှုကို သေချာခံယူရင် ပျောက်ကင်းပါတယ်။ အစာဟောင်းအိမ်ကင်ဆာအောက်ပိုင်းကို စောစောမသိဘဲ နောက်ကျသွားရင် စအိုကနေ ဝမ်းမသွားနိုင်တော့ဘဲ ဗိုက်ကို အပေါက်ဖောက်ရတတ်ပါတယ်။ အဲဒီအတွက် လူနာကသိကအောက် ဖြစ်ရပါတယ်။

မေး. အစာဟောင်းအိမ်ကင်ဆာနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေဆရာ။
ဖြေ. ကင်ဆာမှန်သမျှကတော့ စောစောသိဖို့ပါပဲ။ ဝမ်းချုပ်တာက တော်ရုံတန်ရုံချုပ်တာမဟုတ်ဘဲ ပိုပြီးဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ ဝမ်းကိုက်တယ်၊ ပဋိဇီဝပိုးသတ်ဆေးတွေ သောက်ပေမယ့်မသက်သာဘဲ ခဏခဏ ဝမ်းကိုက်နေတယ်ဆိုရင်လည်း ဆရာဝန်ပြသင့်ပါတယ်။ လိပ်ခေါင်းထင်ပြီး ဆေးတွေအရမ်းမကုဘဲ သေချာအောင်စစ်ဆေးပါလို့ မှာချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top