Healthy Life Ad
International

ကင်ဆာရောဂါသည်အဘိုးအိုက လမစေ့မွေးဖွားသော ကလေးငယ်များအတွက် ကိုယ်တိုင်သိုးမွေးထိုးကာ ဦးထုပ် ၃၀ဝ လှူဒါန်း

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာမှ ကင်ဆာဝေဒနာရှင် အသက် ၈၆ နှစ်အရွယ် အက်ဒ်မော်စလေက လမစေ့ခင်မွေးဖွားတဲ့ကလေးငယ်တွေအတွက် ဦးထုပ် ၃၀ဝ သိုးမွေးထိုးအလုပ်ကို ပြီးမြောက်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကို သူက မျိုးဆက်သစ်တွေအတွက် ပေးဆပ်တာလို့ခေါ်ဝေါ်ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လက သိုးမွေးထိုးတာကို သင်ယူခဲ့ပြီး အဖွဲ့တစ်ဖွဲ့ဖွဲ့ကာ သိုးမွေးထိုးအလုပ်ကိုပြုလုပ်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေက နောက်ပိုင်းမှာ အဖျားရှူး သွားခဲ့ပေမယ့် မော်စလေက လက်မလျှော့ဘဲ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို လုပ်အားပေးခိုင်းကာ အလုပ်ကို ပြီးမြောက်အောင် စီမံနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ကြာသပတေးနေ့က မော်စလေနဲ့ သူ့အဖွဲ့က နှစ်စဉ် လမစေ့မွေးဖွားတဲ့ ကလေးငယ် ၂၀ဝ၀ ခန့်ကို စောင့်ရှောက်မှုပေးနေတဲ့ နော့ဆိုဒ်ဆေးရုံသို့ ဦးထုပ် အလုံး ၃၀ဝကျော်လှူဒါန်းနိုင်ခဲ့ပါတယ်။

ဆေးရုံသူနာပြု လင်ဒါကယ်လီက ကလေးတွေရဲ့ဦးခေါင်းမှာ ဦးထုပ်ကိုယ်စီ နဲ့မြင်ရမှာ ဝမ်းသာစရာကောင်းပြီး ဒီလိုကြင်နာတဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ မော်စလေရဲ့လှူဒါန်းမှုဟာ ပတ်ဝန်းကျင်မှာ နာမည်ကြီးသွားပေမယ့် လူဂရုစိုက်တာခံချင်လို့ လှူဒါန်းခဲ့တာ မဟုတ်ဘူးလို့ သူကပြောပါတယ်။

လူတွေမစဉ်းစားမိတဲ့ သေးငယ်တဲ့ကိစ္စလေးတွေက သားသမီးဇောနဲ့ စိတ်သောကရောက်နေတဲ့ မိဘတွေအတွက် အဖိုးတန်တယ်ဆိုတာ သက်သေပြလိုက်တာလို့ပြောပါတယ်။ သူကိုယ်တိုင်ကတော့ ကင်ဆာဆေးသွင်း ကုသမှုခံယူ နေရပေမယ့် ရောဂါအခြေအနေနဲ့ပတ်သက်လို့ လူသိမခံလိုဘဲ အများအကျိုးပြု လုပ်ငန်းတွေသာ လုပ်ဆောင်ချင်ကြောင်း ပြောပြခဲ့ပါတယ်။

(Ref; FN)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top