Healthy Life Ad
Life Style

သုက်လွှတ်မြန်လွန်းတဲ့ ဝေဒနာရှိရင်

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး) ဖြေကြားသည်။

မေး။ ။ ဆရာ . . အမှားပါရင်ခွင့်လွှတ်ပါခင်ဗျာ။ ဘယ်ကို ပြရမှန်းလည်း မသိ၊ ပြောရမှာလည်း ရှက်နေလို့ပါ။ ကျွန်တော် အိမ်ထောင်ကျတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ အဲဒါ စိတ်မထိန်းနိုင်လို့ သုက်လွှတ်မြန်နေပါတယ်။ ဘယ်လိုမှကို အဆင်မပြေဖြစ်နေလို့ပါ ဆရာ။ အဲဒါ စိတ်နဲ့ဆိုင်တာလား။ အစားအသောက်နဲ့ ဆိုင်တာလား။ ဘာကြောင့်ဖြစ်ရတာလဲ၊ တစ်ခါတလေရှက်ပြီး အိမ်ထောင်ဖက်နဲ့ အတူမနေချင်တော့တဲ့ အထိစိတ်ဓာတ်ကျမိပါတယ်။ ကျွန်တော် ဘယ်လိုလုပ် ဆောင်သင့်ပါသလဲ။ အကြံပေးပါဦး ဆရာ။

ကိုထူး၊ စမ်းချောင်း။

ဖြေ။ ။ ယောကျာ်းတွေထဲမှာ ” သုက်လွှတ်မြန်လွန်းတဲ့ ဝေဒနာ” (Premature Ejaculation)က ၁မှ ၃ ရာ ခိုင်နှုန်းအထိဖြစ်ပွားနိုင်ပါတယ်။ ကိုထူး ကြုံတွေ့နေရတဲ့ အခက်အခဲဟာ သုက်လွှတ်(သုက်ထွက်)မြန်လွန်းတဲ့ ဝေဒနာမှဟုတ်ရဲ့လား၊ သုက်ထွက်မြန်တယ်လို့ ထင်မြင်ယူဆနေတာလားဆိုတာကိုတော့ ခွဲခြားသိရှိဖို့လိုအပ်ပါတယ်။ သုက်လွှတ်မြန်လွန်းတဲ့ ဝေဒနာလို့ခေါ်ဆိုနိုင်ဖို့ အောက်ပါလက္ခဏာတွေ ရှိရပါမယ်။

– လိင်ဆက်ဆံတဲ့အခါ အထဲမရောက်ခင် ဒါမှမဟုတ် အထဲရောက်ပြီး တစ်မိနစ်အတွင်း သုက်ထွက်သွားခြင်း၊

– ကာယကံရှင်က သုက်မထွက်အောင် ထိန်းချုပ် ထားချင်ပေမယ့် ထိန်းချုပ်လို့မရခြင်း၊

– လိင်ဆက်ဆံမှုပြုတိုင်း အကြိမ်ကြိမ်ဖြစ်ပွားခြင်း၊

– သုက်လွှတ်မြန်လွန်းတဲ့အတွက် လိင်ဖက်နှစ်ဦး စလုံးကျေနပ်မှုမရှိခြင်းစတဲ့ လက္ခဏာတွေရှိနေရင် သုက်လွှတ်မြန်လွန်းတဲ့ဝေဒနာလို့ သတ်မှတ်ပါတယ်။
လိင်ဆက်ဆံတဲ့အခါ ၃မိနစ်ပတ်ဝန်းကျင်မှာ သုက်လွှတ်ခြင်းရှိရင် သာမန်ထက်စောပြီး သုက်ထွက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လိင်ဖက်နှစ်ဦး စလုံးကျေနပ်မှုရှိရင် ဝေဒနာမဟုတ်ပါဘူး။ လိင်ဆက်ဆံတဲ့အခါ မိနစ်ပေါင်းများစွာ သုက်ထိန်းနိုင်ပေမယ့် သုက်ထွက်မြန်တယ်လို့ ထင်မြင်ယူဆသူတွေလည်း ရှိတတ်ပါတယ်။

_ _ _

သုက်လွှတ်မြန်လွန်းတဲ့ဝေဒနာ ဘာကြောင့် ဖြစ်ပေါ်ရသလဲ
– ကိုထူးမှာ သုက်လွှတ်မြန်လွန်းစေတဲ့ ခန္ဓာကိုယ်ရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့ လိုပါလိမ့်မယ်။ ဥပမာ သိုင်းရွိုက်ဟော်မုန်းအင်္ဂါရောဂါ၊ ဆီးကျိတ်ရောင်ခြင်း၊ ဆီးကျိတ်ကြီးခြင်းရောဂါ၊ ဆီးလမ်းကြောင်းရောင်ရမ်း ရောဂါ၊ သုက်လွှတ်အာရုံကြောတုန့်ပြန်မှု ချို့ယွင်းရောဂါ၊ လိင်တံအာရုံကြောဒဏ်ရာရခြင်းတို့ ဖြစ်ပါတယ်။

– စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေထဲမှာ စိုးရိမ်ပူပင်စိတ်လွန်ကဲတာက အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ သုက်ထွက်ဖို့၊ သုက်လွှတ်ဖို့အတွက် “ဆင်ပါသက်တစ်အာရုံကြောအင်္ဂါစု” (Sympathetic Nervous System)ရဲ့ လှုံ့ဆော်မှုလိုအပ်ပါတယ်။ လိင်ဆက်ဆံနေချိန်မှာ အကြောင်းတစ်ခုခုကြောင့် အဲဒီအာရုံကြောအင်္ဂါစု လှုံ့ဆော်မှု အားသန်နေရင် သုက်လွှတ်မြန်တတ်ပါတယ်။ ကြောက်စိတ်၊ စိုးရိမ်စိတ်ရှိလာရင် “ဆင်ပါသက်တစ်အာရုံ ကြောအင်္ဂါစု” လှုံ့ဆော်မှုပြင်းပြလာပါတယ်။ ဥပမာ- လိင်ဆက်ဆံနေစဉ် လူမိမှာကို စိုးရိမ်နေရင် သုက်ထွက်မြန်လာပါလိမ့်မယ်။ အိမ်ထောင်ပြုစယောကျာ်းတွေဟာ အောင်အောင်မြင်မြင်လိင်ဆက်ဆံဖို့ စိတ်လောနေရင် သုက်ထွက်မြန်လာတတ်ပါတယ်။ တစ်ကြိမ်မှာသုက်ထွက်မြန်ရင် နောက်တစ်ကြိမ်မှာ သုက်ထွက်မြန်မှာကို စိုးရိမ်စိတ်ပေါ်ပေါက်လာတတ်ပါတယ်။ အဲဒီစိုးရိမ်စိတ်က သုက်လွှတ်မြန်တာကို ဖြစ်စေပြန်ရော။ ဒီတော့ “ကြောက်စိတ်၊ စိုးရိမ်စိတ်နဲ့ သုက်လွှတ်မြန်ခြင်း” သံသရာစက်ဝန်းဟာ မပြတ်လည်ပတ်ပြီး ပြဿနာက ပိုမိုကြီးထွားလာတတ်ပါတယ်။

– သုက်ထွက်မြန်လွန်းဝေဒနာရှိသူ ၃၀မှ ၄၀ ရာခိုင်နှုန်းမှာ လိင်ဆန္ဒကျဆင်းဝေဒနာနဲ့ ပန်းသေ ပန်းညှိုးဝေဒနာတွေလည်း ပူးတွဲဖြစ်ပွားတတ်ပါတယ်။

– ကာယကံရှင်မှာ စိုးရိမ်သောကလွန်ကဲဝေဒနာ (Anxiety Disorder) ခံစားနေရရင် လိင်ဆက်ဆံချိန်မှာလည်း စိုးရိမ်သောကစိတ်က မပျောက်နိုင်ဘဲ သုက်လွှတ်မြန်တာ ရှိတတ်ပါတယ်။

– အိမ်ထောင်ရေးအဆင်မပြေရင်လည်း သုက်ထွက်မြန်လွန်းတဲ့ ဝေဒနာ ထပ်ဆင့် ဖြစ်ပွားလာနိုင်ပါတယ်။ အိမ်ထောင်ဖက်အပေါ်မှာ ဒေါသစိတ်၊ မကျေနပ်စိတ်၊ ရွံရှာမုန်းတီးစိတ်၊ ကြောက်ရွံ့စိတ်တွေ ပွားများနေရင် လိင်ဆက်ဆံတဲ့အခါ ဖြောင့်ဖြောင့်ဖြူး ဖြူးရှိမှာ မဟုတ်ပါဘူး။

_ _ _

သုက်လွှတ်မြန်လွန်းတဲ့ ဝေဒနာကို ဘယ်လို ကုသနိုင်သလဲ
– လိင်ဆက်ဆံတဲ့အခါ ဇနီးနဲ့ နားလည်မှုရှိဖို့၊ အောင်မြင်မှုထက် သာယာမှုကိုသာ အာရုံပြုဖို့၊ အ ဖြစ်အပျက်မှန်ကို ဇနီးက လက်ခံကူညီလိုစိတ်ရှိဖို့ စတဲ့ စိတ်ထားမျိုးမွေးမြူရမယ်။ ကိုထူးရဲ့ ပြဿနာကို ဇနီးနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဇနီးက ငြိုငြင်တဲ့ မကျေနပ်တဲ့ အထင်သေးတဲ့ အပြောအဆို အမူအရာတွေပြနေရင် ဝေဒနာရှင်မှာ စိုးရိမ်စိတ် ပိုမိုလာပြီး ပြဿနာကကြီးထွားလာနိုင်ပါတယ်။ စိတ်ကျန်းမာရေးဆေးပညာမှာ အသုံးပြုတဲ့ “ရပ်နားလိုက်-ဖျစ်ညှစ်လိုက်ကုထုံး”(Stop-Squeeze Technique)ကိုအသုံးပြုဖို့ ဇနီးရဲ့ အကူအညီနဲ့ နားလည်မှု လိုအပ်ပါတယ်။

‘ရပ်နားလိုက်-ဖျစ်ညှစ်လိုက်ကုထုံး’ဆိုတာ ဘာလဲ
ယောကျာ်း လိင်ဆက်ဆံတဲ့အခါ အထွဋ်အထိပ် မရောက်ခင် (သုက်မလွှတ်ခင်) ခံစားရတဲ့ သဘာဝ ဇီဝဖြစ်စဉ်”အခြေအနေ”တစ်ခုရှိပါတယ်။ အဲဒီအခြေအနေကို “သုက်လွှတ်ခြင်း မထိန်းနိုင်တော့တဲ့ အချိန်ပိုင်း”(Moment Of Ejaculatory Inevitability) လို့ ခေါ်ပါတယ်။ အဲဒီအခြေအနေရောက်လာရင် သုက်မလွှတ်အောင် အသိစိတ်စွမ်း အားနဲ့ဘယ်လိုမှ ထိန်းချုပ်လို့မရတော့ဘူး။ “ပြန်လမ်းမရှိတော့တဲ့ အချိန်ပိုင်း”လို့ ဆိုနိုင်ပါတယ်။
ရပ်နားလိုက်-ဖျစ်ညှစ်လိုက်ကုထုံးမှာ အဲဒီလို ပြန်လမ်းမရှိတော့တဲ့ MOEI အခြေအနေ မရောက်ခင်ခံစားရတဲ့ အခြေအနေကို ကြိုတင်သိရှိအောင် လေ့ကျင့်ရပါတယ်။ MOEI အခြေအနေ မရောက်ရှိခင် တဒင်္ဂမှာ လိင်ဆက်ဆံမှုကို ရပ်နားပြီး စေ့ဆော်မှုပြေပျောက်အောင် ဆောင်ရွက်ရပါတယ်။

ဘယ်လို ပြုမူဆောင်ရွက်ရမလဲ
ဥပမာ-မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်တယ် ဆိုပါစို့။ အဲဒီလိုပြုမူနေစဉ်မှာ “ပြန်လမ်းမရှိတော့ မယ့် အခြေအနေ” ဖြစ်ပေါ်လာမယ့် အရိပ်အယောင် ပြလာရင် လှုံ့ဆော်မှုကို ရပ်နားလိုက်ပြီး လိင်တံထိပ်ကိုလက်နဲ့ ဖျစ်ညှစ်ပေးရမယ်။ အဲဒီလို ပြုလုပ်ပေးရင် MOEI အခြေအနေအထိ အရှိန်တက်မလာတော့ဘဲ သုက်လွှတ်တာကို ထိန်းချုပ်နိုင်ပါတယ်။

စက္ကန့်အနည်းငယ်စောင့်ပြီး မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်တဲ့ အပြုအမူကို ထပ်မံဆောင်ရွက်ပါ။ MOEI အခြေအနေ “မရောက်မီ” လှုံ့ဆော်မှုကို ရပ်နားပြီး လိင်တံကို ဖျစ်ညှစ်ပါ။ အဲဒီလိုအကြိမ်ကြိမ် လေ့ကျင့်နိုင်ပါတယ်။ ဇနီးက နားလည်သဘောပေါက်ပြီး စိတ်ရှည်ရှည်နဲ့ ပါဝင်ကူညီနိုင်ရင် အကောင်းဆုံးပါပဲ။ အဲဒီနည်းကို မှန်မှန်ကန်ကန်လေ့ကျင့်နိုင်ဖို့ သက်ဆိုင်ရာ ပညာရှင်တွေရဲ့ အကူအညီကို ရယူနိုင်ပါတယ်။ ရပ်နားလိုက်-ဖျစ်ညှစ်လိုက် ကုထုံးကို နည်းလမ်းမှန်မှန်နဲ့ စွဲစွဲမြဲမြဲ သုံးလလောက် လေ့ကျင့်ရင် သုက်လွှတ်မြန်လွန်းတဲ့ ဝေဒနာသက်သာပျောက်ကင်းမှု ၉၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ပါတယ်။

– လိမ်းဆေးနဲ့ ကုသတာလည်း ရှိပါတယ်။
အရေပြားကို ထုံကျဉ်စေတဲ့ (Lidocaine ၊ Prilocaine) စတဲ့ ထုံဆေးတွေကို လိမ်းဆေး၊ ဖျန်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ နိုင်ငံအများအပြားမှာ Lidocaine ပက်ဖျန်းဆေးကို ဆရာဝန်လက်မှတ်မပါဘဲ ဝယ်ယူနိုင်ပါတယ်။ လိင်မဆက်ဆံခင် လိင်တံထိပ်ပိုင်းမှာ ဆေးသုတ်လိမ်းပက်ဖျန်းပေးရင် ထိ တွေ့မှုအာရုံထုံကျဉ်လာမယ်။ ဒါကြောင့် သုက်လွှတ်မြန်တာနဲ့ သက်ဆိုင်တဲ့ အာရုံကြောတုန့်ပြန်မှုဖြစ်စဉ်ကို အားနည်းကြန့်ကြာစေပါတယ်။

ဆေးမတည့်ရင် လိင်တံနီရဲယားယံလာတတ်တယ်။ ထုံကျဉ်တဲ့ ခံစားရမှုကြောင့် လိင်ဆန္ဒနဲ့ သာယာမှုကို လျော့နည်းစေနိုင်ပါတယ်။

– သောက်ဆေးတွေကော မရှိဘူးလား
သုက်လွှတ်မြန်လွန်းတဲ့ ဝေဒနာကို ကုသဖို့အတွက်တရားဝင်အသိအမှတ်ပြုထားတဲ့ သောက်ဆေးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ တချို့ဆေးတွေကို ဆရာဝန်နဲ့ လူနာသဘောတူမှု ရယူပြီး စမ်းသပ်သုံးစွဲကြတာ ရှိပါတယ်။ စိတ်ကျရောဂါကုသဆေးတွေဖြစ် တဲ့ Sertraline, Paroxetine ဆေးတွေရဲ့ ဘေး ထွက်ဆိုးကျိုးတစ်ခုကတော့ သုက်လွှတ်နှေးစေတာ ဖြစ်ပါတယ်။ အဲဒီအာနိသင်ကြောင့် သုက်လွှတ်မြန် တဲ့ဝေဒနာရှိသူတွေမှာ အသုံးပြုကြည့်ရင် အကျိုးရှိကြောင်း တွေ့ရှိရပါတယ်။

အကိုက်အခဲပျောက်ဆေး တစ်မျိုးဖြစ်တဲ့ Tramadol သူ ဆေးဟာ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်တဲ့ ဘိန်းအနွှယ်ဝင်ဆေးဖြစ်ပါတယ်။ အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ သုက်လွှတ်တာကို နှေး ကွေးကြန့်ကြာစေတာ ဖြစ်ပါတယ်။ Tramadol ဆေးမှာ ဆေးစွဲစေတဲ့ အာနိသင်ရှိတာကို သတိထားရမယ်။ ပန်းသေပန်းညှိုးရောဂါကုသဆေးတွေဖြစ်တဲ့ Sildenifil, Tadalafil ဆေးတွေရဲ့ အာနိသင်ဟာ လိင်တံတောင့်တင်းလာတာအပြင် သုက်ထွက်မြန်လွန်းတဲ့ ဝေဒနာကို သက်သာစေပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ သောက်ဆေးတွေကို ဆရာဝန်လက်မှတ်ပါမှ ဝယ်ယူလို့ ရရှိပါတယ်။ အဲဒီဆေးတွေဟာ သုက်လွှတ်မြန်တဲ့ ဝေဒနာ ကုသဖို့အတွက် တရားဝင်ညွှန်ကြားထားတဲ့ ဆေးတွေ မဟုတ်ပါဘူး။ မိသားစုဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top