Healthy Life Ad
Health Tips

“သုက်လွှတ်မြန်ခြင်းရှိလျှင်…”

———၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊———

အသက် ၅၀ အရွယ် စိတ်ကျရောဂါလူနာအင်ဒရူးက စာရေးသူကို မေးမြန်းတာမှတ်မိနေတယ်။

“အခုတလော ကျွန်တော့်ဇနီးနဲ့ လိင်ဆက်ဆံတိုင်းသုက်လွှတ်မြန်နေတာသတိထားမိတယ် ဒေါက်တာ”

“ဖြစ်ပြီးလို့ ဘယ်လောက်ကြာရင် သုက်လွှတ်တတ်တာလဲ”

“အတိအကျတော့မသိဘူး။ ၂မိနစ် ၃မိနစ်လောက်ပဲ ကြာမယ်ထင်တယ်။ အရင်ကနဲ့ မတူတော့ဘူး”

လူနာအင်ဒရူးအကြောင်းစဉ်းစားမိတော့ ယောကျာ်းသုက်လွှတ်မြန်ရောဂါ (Premature Ejaculation) အကြောင်းဆောင်းပါးရေးဖို့ စိတ်ကူးရပါတယ်။

သုက်လွှတ်မြန်ရောဂါဆိုတာဘာလဲ

သုက်လွှတ်မြန်ရောဂါရှိ၊ မရှိ သတ်မှတ်ဖို့ မအင်္ဂါတွင်းရောက်ပြီး သုက်လွှတ်လိုက်တဲ့ အချိန်အပိုင်းအခြား (Intravaginal Ejaculation Latency Time) (IELT) ကိုတိုင်းတာပါတယ်။ သာမန် IELTအချိန်က ၄ မိနစ်မှ ၇မိနစ်အတွင်းရှိတယ်လို့ သိရတယ်။ အသက်ကြီးရင် သုက်လွှတ်မြန်လာပါတယ်။ ယောကျာ်း ၄ရာခိုင်နှုန်းက ၃ မိနစ်နဲ့ ၄ မိနစ်ကြားမှာ သုက်လွှတ်တယ်။ လူငယ်ပိုင်းယောကျာ်း ၂၆ ရာခိုင်နှုန်းရဲ့ IELT က ၁၀ မိနစ်ပတ်ဝန်းကျင်ရှိပါတယ်။

ဒီလိုဆိုရင် လူနာအင်ဒရူးကို သုက်လွှတ်မြန်ရောဂါ ရှိသူလို့ပြောနိုင်သလား။

အပြည်ပြည်ဆိုင်ရာလိင်ကျန်းမာရေးဆေးပညာအဖွဲ့ (International Society of Sexual Medicine) ရဲ့ ရောဂါသတ်မှတ်ချက်ရှိတယ်။ လိင်ဆက်ဆံတဲ့အခါ မအင်္ဂါတွင်းမရောက်မီ သုက်လွှတ်ရင်ဖြစ်စေ၊ မအင်္ဂါထဲရောက်ပြီး ၁ မိနစ်အတွင်းသုက်လွှတ်ရင်ဖြစ်စေ သုက်လွှတ်မြန်ရောဂါလို့ သတ်မှတ်တယ်။
၁မိနစ်မှ ၃ မိနစ်အတွင်းသုက်လွှတ်ရင်၊ သကတ်လွှတ်မြန်ရောဂါ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ တခြား လက္ခဏာတွေကိုလည်းတွေ့ရှိရမယ်။ လိင်ဆက်ဆံတိုင်းလိုလို သုက်လွှတ်မြန်ခြင်း၊ သုတ်လွှတ် မစောအောင် ထိန်းချုပ်ဖို့ ကြိုးစားပေမယ့် အောင်မြင်မှုမရှိခြင်း၊ သုတ်လွှတ်မြန်တာကြောင့် စိတ်ဖိစီးမှုခံစားရခြင်း၊ မကျေမနပ်ဖြစ်ခြင်း၊ သုက်လွှတ်မြန်မှာကို ကြိုတင်စိုးရိမ်နေခြင်း၊ လိင်ဆက်ဆံဖို့ ကြောက်ရွံ့နေခြင်း စတဲ့ လက္ခဏာတွေလည်းရှိပါတယ်။ ဒါကြောင့် အင်ဒရူးက သုက်လွှတ်မြန်ရောဂါ ဖြစ်နိုင်ခြေရှိတယ်။ ခြံစည်းရိုးပေါ်မှာရှိတယ်လို့ ဆိုရမယ်။

သုက်လွှတ်မြန်ရောဂါ ဘာကြောင့်ဖြစ်တတ်သလဲ

အင်ဒရူးက စိတ်ကျရောဂါ ခံစားနေရသူ ဖြစ်တယ်။ အသက် ၅၀ ကျော်လာပြီ။ အဲဒီအကြောင်းနှစ်ခုကြောင့် ဖြစ်နိုင်တယ်။ စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ဖိစီးမှုရောဂါရှိခြင်း၊ ဇနီးနဲ့ အိမ်ထောင်ရေးအဆင်မပြေခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကြောင့်လည်း သုက်လွှတ်မြန်ရောဂါ ဖြစ်ပေါ်လာနိုင်တယ်။
သုက်လွှတ်ခြင်း ဇီဝဖြစ်စဉ်က ဆင်ပါတက်သစ် အာရုံကြောအင်္ဂါစု” (Sympathetic Nervous System) လှုံ့ဆော်မှုကြောင့် ဖြစ်တာပါ။ ဒါကြောင့် ဆင်ပါတက်သစ်အာရုံကြောအင်္ဂါစုလှုံ့ဆော်မှုပြင်းပြနေတဲ့ စိုးရိမ်စိတ် လွန်ကဲရောဂါမှာ သုက်လွှတ်မြန်တာဖြစ်တယ်။ သုက်လွှတ်မြန်မှာကို ကြိုတင်စိုးရိမ်စိတ် ပွားများနေရင်လည်း သုက်မထိန်းနိုင်ဖြစ်တတ်တယ်။ ခိုးချောင်ခိုးဝှက် လိင်ဆက်ဆံရရင်၊ လူမိမှာကို စိုးရိမ်စိတ်များနေလို့ သုက်လွှတ်မြန်တတ်တယ်။

ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေလည်း ရှိပါတယ်။ လိင်တံထိပ်ဖူးအာရုံကြောခံစားမှု လွယ်ကူခြင်း (Sensitive) ကြောင့်ဖြစ်တတ်တယ်။ ထိလိုက်တာနဲ့ သုက်လွှတ်တဲ့ တုံ့ပြန်မှုကို ဖြစ်စေလို့ပါ။ အဲဒါကမွေးရာပါ ချို့ယွင်းချက် ဖြစ် ပါတယ်။ အဲလိုယောကျာ်းတွေက ပထမဆုံးလိင်ဆက်ဆံချိန်ကစပြီး သုက်လွှတ်မြန်ခြင်းရှိပါတယ်။ သိုင်းရွိုက်ဟော်မုန်းလွန်ကဲရောဂါ (Hyperthyroidism) နဲ့ ယောကျာ်းဆီးကျိတ်ရောဂါ (Prostatitis) တွေကြောင့် လည်း သုက်လွှတ်မြန်တာ ဖြစ်လာနိုင်တယ်။ အရက်စွဲရောဂါနဲ့ စိတ်ကြွမှုယစ်ဆေးစွဲရောဂါ ရှိသူတွေမှာလည်း သုက်လွှတ်မြန်တာရှိပါတယ်။

သုက်လွှတ်မြန်ရောဂါ ဖြစ်ပွားနှုန်းဘယ်လောက်ရှိသလဲ

သြစတြီးလျနိုင်ငံမှာ ယောကျာ်း ၃ ယောက်မှာတစ်ယောက်က တစ်ခါတရံ သုက်လွှတ်မြန်ခြင်းရှိတယ်။ အာရှတိုက်နိုင်ငံတွေမှာလည်းယောကျာ်း ၂၀ ရာခိုုင်းနှုန်းမှ ၃၃ ရာခိုင်နှုန်းအထိ သုက်လွှတ်မြန်ခြင်း အတွေ့အကြုံရှိပါတယ်။ (Tong ၂၀၁၁) ။ မအင်္ဂါအတွင်းရောက်ပြီးသုတ်လွှတ်ချိန် (IELT) တစ်မိနစ်အောက်သာ ကြာတဲ့ နာတာရှည်သုတ်လွှတ်မြန်ရောဂါကတော့ ယောကျာ်းတွေထဲမှာ ၄ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ရှိတာတွေ့ရတယ်။

သုက်လွှတ်မြန်ရောဂါကိုကုသနိုင်သလား

သုတ်လွှတ်မြန်ရောဂါ ကုသနည်းအမျိုးမျိုးရှိပါတယ်။

(က) ဆေးပေးကုသခြင်း – SSRI အနွယ်ဝင် စိတ်ကျရောဂါကုဆေးက၊ သုတ်လွှတ်တာကို နှေးကွေးစေတဲ့ အာနိသင်ရှိတယ်။ (Escitalopram) (Sertraline)(Fluoxetine) စတဲ့ ဆေးတွေဖြစ်ပါတယ်။ ဒါပေမဲ့ လိင်မဆက်ဆံမီ ၅ ရက်မှ ၁၀ ရက်အထိ ကြိုတင်ပြီးသောက်ထားရတယ်။ အင်ဒရူးရဲ ့ စိတ်ကျရောဂါကိုကုသဖို့ SSRI စိတ်ကျရောဂါကုဆေးကိုစတင်သုံးစွဲမှာ ဖြစ်တော့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် အဆင်ပြေသွားတယ်။

SSRI ဆေးတွေထဲမှာ Dapoxetiwe ဆိုတဲ့ဆေးကို သုက်လွှတ်မြန်ရောဂါအတွက် အသုံးပြုဖို့ ထောက်ခံလာကြတယ်။ လိင်မဆက်ဆံမီ ၁ နာရီမှ ၃ နာရီအတွင်းသုံးစွဲရင် သုက်လွှတ်နှေးတာတွေ့ရှိရတယ်။ ဒါကြောင့် မလိုအပ်ဘဲ ၅ ရက်-၁၀ ရက် ကြိုတင်သောက်စရာမလိုဘူးပေါ့။ လိင်တုံ့ပြန်မှုတက်ကြွဆေးများဖြစ်တဲ့ Sidenafilနဲ့ Tada Lafilလို ဆေးကို ပန်းသေပန်းညှိုးရောဂါအတွက် သာမက သုက်လွှတ်မြန်ရောဂါမှာလည်း အသုံးပြုလာကြပါတယ်။ ကိုက်ခဲနာကျင်ပျောက်ဆေးဖြစ်တဲ့ Tramadal က သုက်ထွက်နှေးစေပါတယ်။ ဒါပေမဲ့ ဘိန်းစွဲသလို ဆေးစွဲရောဂါ ဖြစ်စေပါတယ်။

(ခ) လိမ်းဆေး -လိင်တံထိပ်ဖူးကိုထုံထိုင်းစေတဲ့ လိမ်ဆေးကိုအသုံးပြုတာလည်းရှိတယ်။ ဥပမာ – Lindocaineနဲ့ Prilocaineရောထားတဲ့လိမ်းဆေး။ Lindocaine Spray ပက်ဖျန်းဆေးစသည်တို့ ဖြစ်ပါတယ်။ ဒီဆေးတွေကအာရုံကြောခံစားမှုကိုထုံထိုင်းစေလို့၊ သုတ်လွှတ်ချိန်ကို ကြာရှည်စေခြင်းဖြစ်တယ်။

(ဂ) အပြုအမူကုထုံး – အသုံးများတဲ့ အပြုအမူကုထုံး (၂) မျိုးရှိတယ်။

(၁) ဖျစ်ညှစ်လိုက်-ရပ်နားလိုက်နည်း (Pause-Squeeze Technique) ပုံမှန်အတိုင်း လိင်ဆက်ဆံပါ။ သုက်လွှတ်တော့မယ့် အစဦးခံစားရမှု ရရှိလာရင် လိင်ဆက်ဆံတာကိုရပ်လိုက်ပါ။ လိင်ဖက်ကဖြစ်စေ၊ မိမိကိုယ်တိုင်ဖြစ်စေ လိင်တံထိပ်ဖူးအရင်းနေရာကို ခပ်နာနာဖျစ်ညှစ်လိုက်ရတယ်။ အဲလိုလုပ်လိုက်ရင်၊ သုက်လွှတ်ချင်စိတ် ပျောက်သွားနိုင်တယ်။ အကြိမ်ကြိမ်လေ့ကျင့်ရင် သုက်လွှတ်တာကို ထိန်ချုပ်နိုင်လာလိမ့်မယ်။

(၂) ကီဂယ်ကြွက်သားလေ့ကျင့်ခန်း (Kegel Exercise) က တင်ပါးဆုံကြမ်းပြင်ကြွက်သား (Pelvic Floor Muscles) လေ့ကျင့်ခန်းဖြစ်ပါတယ်။ တင်ပါးဆုံကြမ်းပြင်ကြွက်သားဆိုတာ ဆီးအကျိတ်နဲ့ စအိုဝ(ဒွါရ) အင်္ဂါကို ဝိုင်းရံတွယ်ကပ်နေတဲ့ ကြွက်သားဖြစ်တယ်။ အပြင်ကကြည့်လို့မမြင်ရဘူး။ တင်ပါးဆုံကြမ်းပြင် ကြွက်သားကိုဘယ်လိုရှာကြည့်မလဲ။ ဆီးသွားတဲ့အခါ လမ်းခွတ်လတ်မှာ ဆီးသွားတာကိုရပ်ထားလိုက်။ အဲဒါ ဆီးအကျိတ်ကို ဝိုင်းရံထားတဲ့ တင်ပါးဆုံကြမ်းပြင်ကြွက်သားကို တင်းကျပ်ထားလိုက်တာဖြစ်တယ်။ လေလည်ချင်လာရင် လေမလည်အောင် စအိုပိုင်းကိုတင်းကျပ်ထားလိုက်၊ အဲဒါ စအိုဝကို ဝိုင်းရံထားတဲ့ တင်ပါးဆုံ ကြမ်းပြင်ကြွက်သားကိုတင်းကျပ်ထားလိုက်တာ ဖြစ်ပါတယ်။

လေ့ကျင့်ရမှာကဒီလိုပါ။ တင်ပါးဆုံကြမ်းပြင်ကြွက်သားတင်းကျပ်နေအောင် ထိန်းချုပ်လိုက်၊၃ စက္ကန့်ကြာအောင် တင်းကျပ်ထား။ ပြီးရင် ကြွက်သားကို ၃ စက္ကန့်ကြာဖြေလျှော့ပေးလိုက်။ တစ်ချိန်မှာ ၁၀ ကြိမ်လုပ်။ တစ်နေ့မှာ ၃ချိန် လေ့ကျင့်ရပါတယ်။ နည်းမှန်ဖို့တော့ လိုအပ်တယ်။ တင်ပါးဆုံကြမ်းပြင်ကြွက်သားကိုတင်းကျပ်ပေးတာက ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းမဟုတ်ပါဘူး။ ကီဂယ်ကြွက်သားလေ့ကျင့်ခန်းနဲ့ ကုသသူများထဲမှာ ၈၂ ရာခိုင်နှုန်းကျော်က သုက်လွှတ်မြန်တာကိုထိန်းချုပ်နိုင်ကြောင်းတွေ့ရှိရတယ် (Rastore ၂၀၁၄)။

Most Popular

Healthy Life Ad
To Top