Healthy Life Ad
Life Style

ကာမဂုဏ်ကျူးလွန်စော်ကားခံရခြင်းနှင့် စိတ်ကျန်းမာရေး . . .(၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေးဆေးပညာက လက်ခံထားတဲ့ စိတ်ရောဂါတစ်ခုရှိပါတယ်။ “အပြင်းအထန် စိတ်ဖိစီးမှုဝေဒနာ”(Acute Stress Disorder) လို့ ခေါ်ပါတယ်။ အဲဒီဝေဒနာ ဖြစ်ပွားစေတဲ့ အကြောင်းရင်းကတော့ ထူးခြားတဲ့ ဘေးဒုက္ခတစ်ခုခုနဲ့ တွေ့ကြုံရတာဖြစ်ပါတယ်။ ဥပမာ-သဘာဝဘေးအန္တရာယ်ကြောင့် သေကြေပျက်စီးရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရတာ၊ စစ်ပွဲမှာဒဏ်ရာရရှိတာ၊ မတော်တဆ ဖြစ်ပွားမှု(ကားတိုက်မှု)ဒါမှမဟုတ် တစ်စုံတစ်ယောက်က အကြမ်းဖက်မှုကြောင့် သေလုမျောပါး အနာတရဖြစ်တာ၊ အဓမ္မကာမဂုဏ်ကျုးလွန်မှုခံရတာ၊ မုဒိမ်းကျင့်ခံရတာ စတာတွေ ဖြစ်ပါတယ်။

အပြင်းအထန် စိတ်ဖိစီးမှုဝေဒနာရဲ့ ရောဂါလက္ခဏာတွေက ဘာများလဲ
– ဘေးဒုက္ခနဲ့ တွေ့ကြုံရပြီးပြီးချင်း အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်တာ၊ ခိုကိုးရာမဲ့သလို ဖြစ်နေတာ၊ ဒေါသထွက်နေတာတွေကို တွေ့ရှိရပါတယ်။ ကာမဂုဏ်စော်ကားခံရသူတွေမှာ ကြောက်စိတ်နဲ့ အတူရှက်စိတ်၊ မိမိကိုယ်ကိုယ် အပြစ်တင်စိတ်မျိုး ခံစားရတယ်။ ကလေးငယ်တွေမှာတော့ အဲဒီလို ခံစားရတဲ့ဒဏ်ကြောင့် “ငို”မှာပါပဲ။

– ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မဝေခွဲနိုင်ဘဲ ဇဝေဇဝါ ဖြစ်လာတာလည်း ရှိပါတယ်။ ပတ်ဝန်းကျင်က ထူးဆန်းနေသလို မိမိကိုယ်ခန္ဓာက ထူးဆန်းနေသလို ခံစားရတယ်။ တချို့ကတော့ စိတ်ခံစားမှုအားလုံး ထုံကျဉ်လာသလို “ခံစားမှုတုံးလာ”သလို ရှိတတ်တယ်၊ ကြက်သေသေသလို ဖြစ်နေမယ်။

– ကြောက်ရွံ့ထိတ်လန့်စိတ်နဲ့အတူ နှလုံးခုန်ရင်တုန်တာ၊ ချွေးထွက်များတာ၊ ခြေလက်တုန်တုန် ယင်ယင်ဖြစ်တာတွေကို ခံစားရမယ်။ အိပ်မပျော်တာ၊ အိပ်မက်ဆိုးမြင်မက်တာကြောင့် မကြာခဏ အိပ်နေရာကနေ လန့်နိုးလာတတ်တယ်။

– အပြင်းအထန် စိတ်ဖိစီးမှုမဝေဒနာ ခံစားနေရသူဟာ မိမိကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို မပြောချင်ဘူး။ အဲဒီအဖြစ်အပျက်နဲ့ ဆင်တူတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို ရှောင်ကြဉ်လိုကြပါတယ်။

အပြင်းအထန်စိတ်ဖိစီးမှုဝေဒနာလက္ခဏာတွေဟာ ရက်ပိုင်းအတွင်း သက်သာပျောက်ကင်းသွားတာ ရှိသလို ရောဂါသက်ကြာရှည်လာတတ်တာလည်း ရှိပါတယ်။ ကလေးသူငယ်တွေမှာ ရောဂါက ကြာရှည်တတ်တယ်။ ၈၀ ရာခိုင်နှုန်းကျော်ဟာ ၁ နှစ်-၂ နှစ် ကြာတဲ့အထိ ရောဂါခံစားရတာကို တွေ့ရှိရတယ်။ ရောဂါသက်ကြာလာရင် “ဘေးဒုက္ခကြောင့် စိတ်ဖိစီးမှုဝေဒနာ (Post-Traumatic Stress Disorder) လို့ ခေါ်ပါတယ်။ ဒါကြောင့် မတော်မတရား စော်ကားခံရတဲ့ ငါးနှစ်သမီးလေးကို စိတ်ကျန်းမာရေး ပံ့ပိုးကု သမှုရရှိအောင် ဆောင်ရွက်ပေးသင့်ပါတယ်။

ဘယ်လို ကူညီနိုင်သလဲ
(က) စိတ်ကျန်းမာရေးဆေးပညာမှာ Debriefing ဆိုတဲ့ ဝေါဟာရကို သုံးပါတယ်။ “အဖြစ်အပျက်ကို ပြန်လည်သုံးသပ်ခြင်း”လို့ ခေါ်နိုင်တယ်။ လွယ်လွယ်ပြောရရင် “ရင်ဖွင့်ပြောဆိုခြင်း”လို့ ဆိုနိုင်ပါတယ်။

အရွယ်ရောက်သူတွေအတွက် “အဖြစ်အပျက်ကို ပြန်လည် သုံးသပ်ခြင်း”ကုထုံးမှာ ပါဝင်တဲ့ လုပ်ငန်းတွေကတော့ အဖြစ်အပျက် အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်အောင် ဆွေးနွေးတာ၊ စိတ်ဖိစီးမှု ဝေဒနာလက္ခဏာတွေကို သဘောပေါက်နားလည်အောင် ရှင်းလင်းပညာပေးတာ၊ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေကိုခံနိုင်ရည်ရှိအောင် နည်းလမ်းတွေ ညွှန်ကြားပေးတာတို့ ဖြစ်ပါတယ်။ဖြစ်ပြီးတဲ့ ဘေးဒုက္ခကို အသစ်၊ အသစ်ဖြစ် အောင်နှိုးဆွပေးတာတော့ မဟုတ်ပါဘူး။
ကလေးသူငယ်တွေအတွက်တော့ သူတို့မှတ်မိသလောက် ပြောချင်တာကို စိတ်ရှည်ရှည်နဲ့ နားထောင်ဖို့ လိုပါတယ်။ အဖြစ်အပျက်ကို ဝေဖန်သုံးသပ်တဲ့အခါ ဝေဒနာရှင်ကို အပြစ်မတင်မိဖို့ လိုပါတယ်။ ကာမဂုဏ်ကျူးလွန်းတာ ခံရသူမှာ ဖြစ်ပေါ်နေတတ်တဲ့ ရှက်စိတ်၊ အပြစ်မြင်စိတ်တွေပြေပျောက်အောင် အားပေးစကားပြောနိုင်ပါတယ်။

(ခ) အပြင်းအထန်စိတ်ဖိစီးမှုဝေဒနာခံစားနေရသူမှာ ကြောက်စိတ်၊ စိုးရိမ်သောကစိတ်လွန်ကဲနေတာရှိမယ်။ ဒါကြောင့် စိုးရိမ်သောကစိတ်ကို ပြေပျောက်စေတဲ့ ကုသနည်းတွေကိုလည်း အသုံးပြုပါတယ်။ အရွယ်ရောက်သူတွေအတွက် ကိုယ်လက်လှုပ်ရှားအားကစားမှု ပြုလုပ်တာ၊ ကြွက်သား ပြေလျော့လေ့ကျင့်ခန်းလုပ်တာ၊ ကမ္မဋ္ဌာန်းတရားထိုင်တာ၊ အပြုသဘောနဲ့ ဆင်ခြင်စဉ်းစားတတ်အောင် လေ့ကျင့်သင်ကြားပေးတာတို့ ဖြစ်ပါတယ်။ ကလေးသူငယ်တွေကိုတော့ ကစားနည်းအမျိုးမျိုးမှာ ပြန် လည်ပါဝင်လှုပ်ရှားလာအောင် အားပေးရမယ်၊ အပေါင်းအသင်းတွေနဲ့ ပြန်လည်ပေါင်းသင်းဆက်ဆံဖို့ တိုက်တွန်းရမယ်၊ ကလေးသူငယ်ကို လူမမာလို မဆက်ဆံသင့်ဘူး။ ရင်ဖွင့်ပြောဆို ကုသချိန်မှာ ကြုံတွေ့ရတဲ့ ဘေးဒုက္ခအကြောင်းကို ပြောပြစေပေမယ့် ကျန်တဲ့အချိန်တွေမှာ ဒီကိစ္စကို စိတ်စွဲမနေအောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။

(ဂ) အပြင်းအထန် စိတ်ဖိစီးမှုဝေဒနာ ပြင်းထန်ဆိုးရွားလွန်းရင် အရွယ်ရောက်သူတွေကို စိတ်ငြိမ်ဆေးနဲ့ တွဲဖက်ကုသနိုင်ပါတယ်။ ရက်ပိုင်းလောက်သာ ခေတ္တခဏ ဆေးပေးကုသသင့်တယ်။ ကလေးသူငယ်တွေကိုတော့ ဒီလိုဝေဒနာအတွက် ဆေးပေးကုသတာ မပြုလုပ်သင့်ပါဘူး။

(ကာမဂုဏ်ကျူးလွန်စော်ကားခံရလို့ ဖြစ်ပွားတတ်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို ဆက်လက်ဖော်ပြပါမယ်)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top