Healthy Life Ad
Life Style

မှိုပိုးနှင့် ဓာတ်မတည့်ခြင်း (Mold Allergy)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ မှို (Mold) ဆိုတာ ဘာကိုဆိုလိုပါသလဲ ဆရာ။
ဖြေ။ ။ မှို(Mold)ဆိုတာ မျက်စိနဲ့မမြင်နိုင်၊ မိုက်ခရိုစကုပ်နဲ့ကြည့်မှတွေ့နိုင်ပါတယ်။ အိမ်တွင်း၊ အိမ်ပြင် နေရာတိုင်းမှာတွေ့နိုင်ပါတယ်။ ပူနွေး၊ စိုထိုင်းနေတဲ့ နေရာမှာများတယ်။ လေထဲမှာ လွင့်နေတာကို ရှူမိ၊ ထိမိကြပါတယ်။

အိမ်ပြင်မှာ သစ်တုံး၊ သစ်ကိုင်းခြောက်၊ သစ်ရွက်ကြွေ၊ မြက်၊ သစ်စေ့တွေမှာ မှိုကပ်ငြိနေနိုင်ပြီး အိမ်ထဲမှာ ပရိဘောဂ၊ ကော်ဇော၊ နံရံစို၊ အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုချောင်၊ ကော်ဇော၊ စိုထိုင်းထိုင်း နေရာနဲ့ မှောင်ပြီး ကြေးတက်နေတဲ့ နေရာတွေ၊ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေ၊ အဝတ်အစား နဲ့ ဒိတ်လွန်နေတဲ့ အစားအသောက်မှာ တွေ့ရတတ်ပါတယ်။ ကိတ်မုန့်၊ သစ်သီးခြောက်တွေ၊ ပဲနို့၊ ထောပတ်၊ ပေါင်မုန့်၊ ချိစ်၊ မှို၊ ခရင်မ်၊ နို ့၊ ပဲနို ့၊ အသားကင်၊ ငါးကင်၊ ဟော့ဒေါ့၊ ဝက်အူချောင်း၊ သံဘူးဖျော် ရည်တွေမှာ တွေ့တတ်ပါတယ်။ ပန်းဆိုင်၊ မြက်ခင်း၊ လယ်ကွင်းနဲ အိမ်ဆောက်နေတဲ့ နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ရေကြီးပြီးချိန်ဆိုရင် မှိုက ပိုများတတ်တယ်။ ဇူလိုင်ကနေဆောင်းတွင်း မတိုင်ခင်မှာ ဖြစ်တတ်ပါတယ်။

နေရောင်ကမှို (Mold) နည်းစေတယ်။ စိုထိုင်းဆနည်းအောင် သတိထားရမယ်။ မှိုအထွက်များတဲ့ ရာသီမှာ မှိုနဲ့မတည့်တတ်ရင် အိမ်ပြင်ထွက်တာ ရှောင်သင့်တယ်။ မတတ်သာလို့ အပြင်ထွက်ရင် မျက်နှာဖုံး၊ အကျီရှည်၊ ဘောင်း ဘီရှည်ဝတ်သင့်တယ်။ အပြင်က ပြန်လာရင် ဖိနပ်လဲရမယ်၊ အဝတ်အစားလဲရမယ်၊ ရေချိုးရမယ်…

မေး။ ။ ဘယ်လို ဓာတ်မတည့်မှုဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ မှိုကိ်ုယ်တိုင် မဟုတ်တောင် သူတို့ကကျတဲ့ အရာတွေနဲ ့ တိုက်ရိုက်ထိတွေ ့မိ၊ရှူမိတာတွေကြောင့် တုန့်ပြန်လွယ်တာ ဖြစ်ပါတယ်။ တုန့်ပြန်လွယ်တဲ့ သူတွေက ဟစ္စတမင်းဓာတ်ပစ္စည်းတွေ ထွက်လာပြီး ဓာတ်မတည့်မှု ဖြစ်လာပါတယ်။

မေး။ ။ မှိုနဲ့ ဓာတ်မတည့်တဲ့အခါ ဘာတွေ ဖြစ်လာတတ်ပါသလဲ ဆရာ။
ဖြေ။ ။ ဘာတွေ ဖြစ်လာသလဲ ဆိုတော့ ရှူမိရင် နှာခေါင်းယားတာ၊ နှာရည်ကျတာ၊ နှာပိတ်တာတို့ ဖြစ် တတ်ပါတယ်။ မျက်လုံးယားတာ၊ နီလာတာနဲ့ ရောင်လာပြီး မျက်ရည်ကျလာတတ်တယ်။ အသက်ရှူကျပ်တာ၊ ချောင်းဆိုးတာတို့ ကြာ လာရင် နာတာရှည်ဖြစ်လာပြီး အဆုတ်အအေးပပ်တာနဲ့ ပန်းနာရင်ကျပ် ဖြစ်လာတယ်။ အဆုတ်မှိုရောဂါတွေ ဖြစ်လာတတ်တယ်။ – အရေပြားက မှို (Mold) ကို တိုက်ရိုက်ထိ တွေ့တဲ့အခါ တခြားထိတွေ့မှုကြောင့် ဖြစ်တတ်တဲ့ ယားနာလိုပဲ။ ရောင်လာ၊ နီလာတယ်။ ယားလာ၊ ပူလာတယ်။ ရောဂါလက္ခဏာနည်းနည်းကနေ ဆိုးဝါးတဲ့ ရောင်ရမ်းတဲ့ အခြေအနေအထိ ဖြစ်တတ်တယ်။အထူးသဖြင့် အိမ်ရှင်း၊ ဖုံသုတ်ရင်း ဖြစ်တတ်တယ်။ မှို(Mold)က လက်နဲ့ အရင် ထိတွေ့ပြီး၊ ယားတာကို ကုတ်လိုက်ရင် မျက်နှာနဲ့ တခြားခန္ဓာကိုယ်တွေကို ပြန့်ကုန်တယ်။ ပထမ စယားတဲ့ နေရာက စထိတွေ့တဲ့ နေရာပဲ။ ထိတွေ့ပြီးပြီးချင်း ချက်ချင်း ဒါမှမဟုတ် နာရီပိုင်းလောက်လေးနဲ့ စတင်ခံစား ရတတ်တယ်။

ဆိုးကျိုးကတော့ ပိုပိုယားလာတယ်။ ရောင်ရမ်းလာတတ်တယ်။ တခြား ခန္ဓာကိုယ်နေရာတွေကို ပြန့်သွားတယ်။ ကုတ်ရင်း သားနံရည်ကျ၊ ကုတ်ရာတွေဖြစ်၊ ဘက်တီးရီးယားပိုးဝင်တတ်တယ်။ ပြည်တည်တယ်။ အကြေးခွံအဖတ်လေးတွေနဲ့ အရေပြားပြောင်းလဲလာတယ်။ နှင်းခူဖြစ်လာပြီး အရေပြားမှာ အမည်းကွက်တွေ ကျန်တတ်တယ်။ အနာရွတ်ကျန်တတ်တယ်။ အင်ပြင်ကိုလည်း ဖြစ်စေပါတယ်။ ချွေးအထွက်များတဲ့ ချိုင်း (ဂျိုင်း)၊ ပေါင်၊ ခြေချောင်းကြားတွေမှာ လှောင်နေရင် အရေပြား ယားနာတွေ ဖြစ်တတ်တယ်။ ခြေစွပ်အစိုကို သုံးပြီး ဖိနပ်စီးရင်၊ ဖိနပ်ကလည်း မဝတ်တာကြာပြီဆိုရင် ခြေဝဲ စားတတ်ပါတယ်။

မေး။ ။ မှိုနဲ့ ဓာတ်မတည့်မှုဖြစ်ရင် ဘယ်လိုကုသနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ ကုသပုံမှာ ထိတွေ့မှုကို ရှောင်တာ အကောင်းဆုံးနည်းပါပဲ။ ယားလာရင် ရေစင်စင်ဆေးပါ။ လေနဲ့ ခြောက်ပါစေ။ ပွတ်တိုက်ခြင်း မလုပ်ပါနဲ့။ အယားသက်သာစေမယ့် ဆေး၊ ဒါမှမဟုတ် သနပ်ခါး၊ အရောင်ကျဆေးတွေ သုံးပါတယ်။ လက်သည်း တိုတို ညှပ်ပါ။ သန့်ရှင်းရေး ပြုလုပ်ရာမှာ လက်အိတ်သုံးပါ။ မှို (Mold) တွေ မရှူမိ၊ မထိမိအောင် ရေစိုအဝတ်ကို သုံးပါ။ ဖုံမပွပါစေနဲ့။ မျက်နှာဖုံး၊ မျက်မှန်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေနဲ့သန့်ရှင်းရေး လုပ်ပါ။ မှို (Mold)နဲ့ ဓာတ်မတည့်မှုကို စမ်းသပ်ပါ၊ skin patch test အနေနဲ့ အရေပြားကို ခြစ်ပြီး စမ်းလို့ရတယ်။ သွေးစစ်ဆေးလို့လည်း ရပါတယ်။ သေသေချာချာသိရတော့ သေသေချာချာ ရှောင်လို့ ရတာပေါ့။

မေး။ ။ မှိုနဲ့ဓာတ်မတည့်မှုကို ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ ကာကွယ်နည်းတွေကတော့ နေရောင်က မှို (Mold) နည်းစေတယ်။ စိုထိုင်းဆနည်းအောင် သ တိထားရမယ်။ မှိုအထွက်များတဲ့ ရာသီမှာ မှိုနဲ့မတည့်တတ်ရင် အိမ်ပြင်ထွက်တာ ရှောင်သင့်တယ်။ မတတ်သာလို့ အပြင်ထွက်ရင် မျက်နှာဖုံး၊ အကျီရှည်၊ ဘောင်းဘီရှည်ဝတ်သင့်တယ်။ အပြင်က ပြန်လာရင် ဖိနပ်လဲရမယ်၊ အဝတ်အစားလဲရမယ်၊ ရေချိုးရမယ်။ မိုးစို၊ ရေစိုနေတဲ့ ကြမ်းပြင်၊ အမိုး၊ စားပွဲ၊ ကော်ဇောတွေကို လဲရမယ်၊ ပြင်ရမယ်။ ရေပိုက်၊ ရေလိုင်းတွေ ယိုစိမ့်ပေါက်တာ ပြင်ရမယ်။ မိုးယိုနေတဲ အမိုးတွေ ပြင်ရမယ်။ သန့်ရှင်းရေးလုပ်ရင် မျက်နှာဖုံး၊ လက်အိတ်သုံးရမယ်။ မြက်ရိတ်ရင်တောင် မြက်အစိုကိုမရိတ်ဘဲ မြက်တွေခြောက်မှ ရိတ်ရင်ကောင်းမယ်။ အသုံး မပြုတော့တဲ့ ပရိဘောဂအဟောင်းတွေ စွန့်ရမယ်။

မှောင်နေတဲ့ အခန်းတွေကို အလင်းရောင်ဝင်အောင် ပြတင်းပေါက်တွေ ဖွင့်ပေးရပါမယ်။ လေဝင်လေထွက် ကောင်းပြီး နေရောင်ရတဲ့ အခန်းဆိုရင် ပိုကောင်းတယ်။ ရေချိုးခန်းတောင်မှ လင်းအောင် ထားရမယ်။ ရေသုံးပြီးတာနဲ့ ခြောက်သွေ့နေစေရမယ်။ ရေချိုးခန်းတင်မက ရေပိုက်လိုင်း၊ ရေပိုက်ခေါင်းတွေ သန့်ရှင်းခြောက်သွေ့နေရမယ်။ အိမ်မှာ လေအေးစက်တပ်၊ လေဝင်လေထွက် ကောင်းအောင်ထား၊ ခြောက်သွေ့အောင်ထား၊ ပြတင်းဖွင့်၊ နေဝင်စေရမယ်။ ပန်ကာနဲ့ ခြောက်သွေ အောင်လုပ်ရမယ်။ လိုက်ကာ၊ ကော်ဇော စိုထိုင်းနေရင် အသစ်လဲရမယ်၊ အဝတ်အစားတွေကို လျှော်ဖွပ်ရမယ်၊ အဝတ်အစား နေပူလှန်းပြီး ခြောက်သွေ့ စေရမယ်။ မွေးပွစောင်မသုံးသင့်ပါ။ မှို(Mold) ကပ်နေတဲ့ ပစ္စည်း မသုံးတာ ကြာနေပြီဖြစ်တဲ့ ရေ၊ ဆပ်ပြာနဲ့ စင်စင်ဆေးရမယ်။ သတင်းစာ၊ ဂျာနယ်ဟောင်းတွေ၊ ဖိနပ်၊ အဝတ်အစားဟောင်းတွေ မှိုခိုကပ်နိုင်တဲ့ပစ္စည်းဟောင်းတွေ လွှင့်ပစ်ရမယ်။ အစားအသောက်တွေကို သိုးနေလားဆိုပြီး မရှူရှိုက်မိပါစေနဲ့။ မီးဖိုချောင် သန့်ရှင်းရေး ဂရုစိုက်ရမယ်။ အစားအစာတွေကို ဖုံးအုပ်ထားရမယ်။ ရက်ကြာထားတဲ့ အစာတွေမစားသင့်ဘူး။ ဝယ်လာတဲ့ အစာတွေကို ရေခဲသေတ္တာထဲ အမြန်ထည့်ရမယ်။ ရေခဲသေတ္တာထဲမှာ အစားတွေအကြာကြီး မသိမ်းပါနဲ့။ မှိုတက်နေတဲ့ အစားအစာတွေကြောင့်ရတဲ့ ဆိုးကျိုးဟာ ကင်ဆာ တောင်ဖြစ်စေတယ်။ ပန်းကန်၊ အိုးခွက်တွေကို ခြောက်သွေ့အောင် ထားရမယ်။

ရေချိုးခန်းထဲမှာ အဝတ်အစိုတွေ အကြာကြီး မထားဘဲ ခြောက်သွေ့အောင်ထားရမယ်။ ရေချိုးခန်းတံခါးကို မသုံးရင် ဖွင့်ထားရမယ။် လေဝင်လေထွက် ကောင်းစေရမယ်။ အိပ်ရာသန့်ရှင်းရေးအတွက် လျှော်ဖွပ်တာ၊ ခြောက်သွေ့စေတာတို့ လုပ်ရမယ်။ အိပ်ရာနားမှာ ဟောင်းနေတဲ့ စာအုပ်၊ စာရွက်၊ အဝတ်တွေ မထားရပါဘူး။ ပြတင်းပေါက်ဖွင့်ပါ။ လေဝင်လေထွက် ကောင်းပါစေ။ ပြတင်းမှန်တွေ သန့်ရှင်းအောင် ဆပ်ပြာနဲ့ ရေနဲ့ဆေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top