Healthy Life Ad
Life Style

ပိုးဟပ်နှင့် ဓာတ်မတည့်ခြင်း (Cockroach Allergy)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ပိုးဟပ်နဲ့ ဓာတ်မတည့်တာ အဖြစ်များပါသလား ဆရာမ။
ဖြေ ။ ပိုးဟပ်နဲ့ ဓာတ်မတည့်တာကလည်း အဖြစ်များပါတယ်။ ဓာတ်မတည့်မှု အဖြစ်ဆုံး ပိုးဟပ်အမျိုးအ စားတွေက Blatellagermanica နဲ့ Periplanetaamericana မျိုးစိတ်တွေဖြစ်ပြီး မတုတ်တတ်တဲ့ ပိုးမွှားပါ၊ မီးဖိုချောင်မှာ၊ ညလယ်မှာ တွားသွားနေကျသတ္တဝါဖြစ်ပြီး ပူနွေး၊ စိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ကြိုက်ပါတယ်။ ပိုးဟပ်က ပတ်ဝန်းကျင်ဒဏ်ကို ခံနိုင်တယ်၊ အစာနဲ့ ရေရရင် အသက်ရှင်နိုင်ပါတယ်။ နံရံကြားတွေ၊ ကြမ်းပေါက်တွေမှာနေကြတယ်။ ဖုံးအုပ်မထားတဲ့ အစားအသောက်တွေ၊ မသန့်တဲ့ ကြမ်းပြင်တွေမှာနေကြတယ်။ ဒါကြောင့် စားသောက်ဆိုင်၊ ဆေးရုံ၊ မုန့်စက်ရုံတွေမှာ ပေါတယ်။ မြောင်း တွေမှာလည်းတွေ့နိုင်တယ်။ မြို့တွေမှာ ပိုတွေ့ရတတ်တယ်။ အိမ်မှာ ပိုပျော်တယ်။ ပိုးဟပ်တွေက သစ်သားအစလေးတွေ၊ စားကြွင်းစားကျန်တွေ၊ စာရွက်စတွေကို စားသုံးကြပါတယ်။

မေး ။ ပိုးဟပ်နဲ့ ဓာတ်မတည့်တဲ့အခါ ဘယ်လိုဖြစ်တတ် ပါသလဲ ဆရာမ။
ဖြေ ။ ပိုးဟပ်လေးတစ်ကောင် ရွစိရွစိနဲ ့ လူ့အရေပြားကိုထိမိတဲ့အခါ အရေပြားမှာ အနီကွက်တွေစဖြစ်ပါ တော့တယ်။ ပိုးဟပ်နဲ့ ဓာတ်မတည့်တာက အိမ်ဖုံကောင်နဲ့ ဓာတ်မတည့်တာနဲ့ဆင်တူပြီး လေထုမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ ဖုံတွေနဲ့ အိပ်ရာခင်းမှာ ရှိတတ်တယ်။ ပိုးဟပ်သေရင်တောင် ဓာတ်မတည့်စေတဲ့ အရာတွေ ကျန်တတ်တယ်။ လေထုမှတစ်ဆင့် လူ့ခန္ဓာကိုယ်ရှိ မျက်လုံး၊ နားနှာခေါင်း လည်ချောင်း နဲ့ အဆုတ်ကို ဝင်ရောက်ကာ ဓာတ်မတည့်တုံ့ပြန်မှု ဖြစ်ပေါ်တာ ဖြစ်ပါတယ်။

ပိုးဟပ်နဲ့ ဓာတ်မတည့်တာက ပိုးဟပ်ဥ၊ ပိုးဟပ် တံတွေး၊ မစင်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအစတွေကြောင့် ဖြစ်စေတတ်ပါတယ်။ ပိုးဟပ်က Bla g4 နဲ့ Bla g5 အစရှိတဲ့ ပရိုတင်းတွေကို ထုတ်လုပ်ပြီး ဓာတ်မတည့်တုန့်ပြန်မှုကို ဖြစ်ပွားစေပါတယ်။
ငယ်စဉ်ဘဝမှာ ပိုးဟပ်ဓာတ်မတည့်မှု ခံစားရ ရင် ပိုဆိုးတတ်တယ်။ ပါးစပ်တစ်ဝိုက်ကို ထိမိရင် အရေပြား ရောင်တတ်ပါတယ်။

တုန့်ပြန်လွယ်တဲ့ အရေပြားပိုင်ရှင်တွေနဲ့မိသားတစ်စုလုံး တုန့်ပြန်လွယ်တဲ့ အရေပြားရှိသူတွေက ပိုးဟပ်နဲ့ ဓာတ်မတည့်တာကို ပိုခံစားရတတ်တယ်။
ဖျားတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ကြွက်သားနာတာ၊ ရင်ဘတ်နာတာ၊ ချောင်းဆိုးတာ၊ ချွဲကျပ်တာ၊ နှာပိတ်တာနဲ့ နားအူတာတွေ ဖြစ်တတ်ပါတယ်။ ပိုးဟပ်နဲ့ ဓာတ်မတည့်မှုရှိသူ အများစုက အထက်ပါ လက္ခဏာတွေဟာ နာတာရှည်ဖြစ်ပွားတတ်တဲ့အပြင် ရာသီဖျားနာအဖြစ်ပါ ပြောင်းလဲရှိနေတတ်ပါတယ်။

ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာ၊ ရင်ကျပ်တာနဲ့ ပန်းနာရောဂါတို့ ပိုအဖြစ်လွယ်တတ်ပါတယ်။
ပြီးရင် နှာခေါင်းယားမယ်၊ နှာရည်တွေ ထွက်မယ်၊ နှာရည် အာခေါင်ထဲကျတယ်၊ နှာချေမယ်။ နှာပိတ်တယ်၊ မျက်လုံးယားမယ်၊ မျက်ရည်ကျမယ်၊ မျက်လုံးနီမယ်၊ ပါးစပ်ယားမယ်၊ လည်ပင်းယားမယ်၊
အရေပြားယားမယ်၊ ရောင်ရမ်းမယ်၊ နီမယ်၊ အင်ပြင်ဖြစ်တယ်၊ နှင်းခူ ဖြစ်မယ်၊ နဂိုကကို တုန့်ပြန်လွယ်တဲ့ အရေပြားရောဂါရှိသူတွေဖြစ်တဲ့ Atopic dermatitis ရှိသူတွေဆိုရင် ပုံမှန်အရေပြား ကာကွယ်နိုင်စွမ်းနည်းလို့ ပိုယားပြီး ပိုဆိုးတတ်ပါတယ်။ ဓာတ်မတည့်မှုကြောင့် အရေပြားပိုထိခိုက်လွယ်ပြီး ပိုးဟပ်နဲ့ ထိတွေ့ပြီး ၃ နာရီလောက်အတွင်းမှာ ယားလာတတ်တယ်။ တစ်ပတ်ကျော်ကြာတဲ့အခါ ပိိုဆိုးတတ်တယ်။ နားမှာ ပိုးဝင်မယ်၊ ထိပ်ကပ်နာ ဖြစ်တယ်။ ဒါတွေကိုတာရှည်ခံစားရတတ်တယ်။ ရာသီလိုက် ဖြစ်တယ်။
ပိုးဟပ်တွေက တချို့ရောဂါတွေကို သယ်ဆောင်ကာ လူကို ဆိုးကျိုး ဖြစ်စေသေးတယ်။ (ဝမ်းလျှောတာ၊ အစာအဆိပ်ဖြစ်တာ)

မေး ။ ပိုးဟပ်က လူ့ကျန်းမာရေးအပေါ် ဘယ်လိုသက် ရောက်စေနိုင်ပါသလဲ ဆရာမ။
ဖြေ ။ ပိုးဟပ်ကြောင့် ဖြစ်နိုင်တာတွေက-
(၁) အစာအဆိပ်သင့်ခြင်း
ဖွင့်ထားတဲ့ အစားအသောက်တွေ၊ စာရွက်၊ ဆပ်ပြာ၊ သားရေ၊ ဆံပင်စတွေ၊ သစ်ရွက်ခြောက်စိုတွေ မှာ ပိုးဟပ်ကညထွက်ပြီး သူတို့ရဲ ့စွန့်ပစ္စည်းတွေ ကျစေပါတယ်။

(၂) ရောဂါဖြစ်စေသည့် ဘက်တီးရီးယား
Pseudomonas aeruginosa လို ဘက်တီးရီးယားပိုးတွေက ပိုးဟပ်ရဲ့ အစာခြေစနစ်ထဲမှာနေတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ အစာအိမ်အူလမ်းကြောင်း ရောဂါတွေ ဖြစ်စေတယ်။

(၃) ပိုးဟပ်ကိုက်ခြင်း
တချို့ပိုးဟပ်တွေက ကိုက်တတ်တယ်။ ရှားပေမယ့် အိမ်မှာ ပိုးဟပ်များနေရင် သတိထားရမယ်။ လက်ထိပ်၊ ခြေထိပ်၊ နူးညံ့တဲ့ အရေပြားကိုကိုက်တယ်။

(၄) ပိုးဟပ် ခန္ဓာကိုယ်အစိတ်အပိုင်းထဲ ဝင်ခြင်း
အိပ်မောကျချိန်မှာ ပိုးဟပ်က နားထဲဝင်တယ်၊ နှာခေါင်းထဲ ဝင်တယ်၊ ဓာတ်မတည့်မှု ဖြစ်စေတယ်။

(၅) ပိုးဝင်ခြင်း
တိုက်ဖွိုက်နဲ့ အစာအဆိပ်ဖြစ်နိုင်တဲ့ ပိုးဝင်စေနိုင်ပါတယ်။

(၆) ပိုးဟပ်နှင့် ဓာတ်မတည့်ခြင်း
ပိုးဟပ်နဲ့ ဓာတ်မတည့်တာကို ဖြစ်စေနိုင်ပါတယ်။

(၇) ပန်းနာရင်ကျပ်ကို ပိုဆိုးစေခြင်း
ပန်းနာရှိသူတွေအတွက်တော့ ပိုးဟပ်က ပိုဆိုးကျိုးပေးပါတယ်။ ပိုးဟပ်ဆီက အရာတွေကို ရှူမိရင် ပိုးဟပ်နဲ့ ဓာတ်မတည့်မှုက ပိုဆိုးတတ်တယ်။
ပိုးဟပ်နဲ့ ဓာတ်မတည့်မှု ရှိ၊မရှိ စမ်းသပ်လိုရင် Allergy Testing ကို အသုံးပြုပြီး စမ်းသပ်နိုင်ပါတယ်။

မေး ။ ပိုးဟပ်နဲ့ ဓာတ်မတည့်မှု ရှိ၊မရှိ ဘယ်လို စမ်းနိုင်ပါသလဲ ဆရာမ။
ဖြေ ။ ပိုးဟပ်နဲ့ ဓာတ်မတည့်မှုရှိ၊ မရှိကို ရောဂါ လက္ခဏာကို ကြည့်ပြီး ဓာတ်မတည့်မှု ဖြစ်ကြောင်း သိနိုင် တယ်။ အရေပြားမှာ ဓာတ်မတည့်မှုဖြစ်စေမယ့် allergen ထိုးပေးလို့ ရတယ်။specific IgE blood test စစ်ဆေးလို့ ရပါတယ်။

မေး ။ ပိုးဟပ်နဲ့ ဓာတ်မတည့်မှုကို ဘယ်လို ကာကွယ် နိုင်ပါသလဲ ဆရာမ။
ဖြေ ။

ပိုးဟပ်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရမယ်။ ပိုးဟပ်က စွန့်ထုတ်တဲ့ အရာတွေနဲ့ဝေးဝေးနေရမယ်။ ပိုးဟပ်ပေါက်မယ့် အခြေအနေကို ရှောင်ရမယ်။ မိမိအိမ်ကို သန့်ရှင်းအောင်ထားရမယ်။ အထူးသဖြင့် မီးဖိုချောင်၊ မီးဖိုခန်း၊ မီးဖို၊ ကြောင်အိမ်နဲ့ စင်တွေကို သန့်ရှင်းစွာထားရမယ်။ နံရံနဲ့ ကြမ်းပြင် ပေါက်ပြဲရင် ပြင်ဆင်ရမယ်။

ပိုုးဟပ်မဝင်အောင် မီးဖိုချောင်၊ ကြောင်အိမ် တို့ကို သေသေချာချာ ကာထားရမယ်။ ရေစိမ့်ဝင်တာတွေ၊ ဟင်းထမင်းကျန်၊ အစားအသောက် အကြွင်းအကျန်တွေ၊ ပန်းကန်ထဲက ဟင်းကျန်တွေကို သေသေချာချာ ဆေးရမယ်။ ဟင်းကျန်၊ ထမင်းကျန်တွေကို သေသေချာချာ လှည်းရမယ်။ အစားအသောက်တွေကို လုံခြုံစွာ ဖုံးအုပ်သိမ်းဆည်းရမယ်။ ပန်းကန်၊ အိုးခွက်တွေ၊ အစားအစာတွေကို လေလုံအောင် ပိတ်ထားရမယ်။ ရေအိုင်တာနဲ့ မီးမှောင်တာကို ပိုးဟပ်က ကြိုက်တယ်။ အစားအစာတွေ၊ သိုလှောင်ထည့်ထားတဲ့ ဘူးခွက်တွေကို သေသေချာချာ ဖုံးရမယ်။

အိပ်ခန်း၊ အိပ်ရာထဲမှာ အစာမစားနဲ့။ ဖုန်စုတ်စက်နဲ့ သန့်ရှင်းရေးလုပ်ရမယ်။ ရေစွတ်ပြီး သေသေချာချာ တိုက်ချွတ်ဆေးကြောရမယ်။ မအိပ်ခင် အရေပြားသန့်ရှင်းရေး ဂရုစိုက်ရမယ်။
နေ့တိုင်း အမှိုက်ပစ်သင့်တယ်။ တိရစ္ဆာန် အစားအစာတွေကို သန့်ရှင်းရမယ်။ ရေပိုက် ရေခေါင်းတွေ ပြင်ရမယ်။ ပိုးဟပ်က မှောင်ပြီး စိုစွတ်ရင်ပိုပေါက်ပွားနိုင်တယ်။ ပိုးဟပ်ကင်းဖို့ Insect Spray တွေကိုအသုံးပြုရင် ပိုးဟပ်အန္တရာယ်မှ ကာကွယ်နိုင်ပေမယ့် ဓာတ်မတည့်မှု ဖြစ်နိုင်တယ်။
စက္ကူပုံကြီးနဲ့ ညစ်ပတ်တဲ့ အခွေဟောင်းတွေ စုပုံထားရှိတာကို ရှောင်ကြဉ်ရမယ်။ ပစ္စည်းဟောင်းတွေ၊ မဂ္ဂဇင်း၊ သတင်းစာတွေ လွှင့်ပစ်ရမယ်။

မေး ။ ပိုးဟပ်နဲ့ဓာတ်မတည့်မှုဖြစ်ရင် ဘယ်လို ကုသနိုင်ပါသလဲ ဆရာမ။
ဖြေ ။ ကုသတာထက် ကာကွယ်တာက ပိုအရေးကြီးတယ်။ ဟစ္စတာမင်းတားဆေး (Antihistamines) တွေ သုံးရမယ်။ ဆေးလုံး၊ ဆေးရည်၊ နှာခေါင်းထဲ ဖြန်းတဲ့ဆေးတွေ သုံးရမယ်။ နှာပိတ်သက်သာတဲ့ဆေး တွေလည်း သုံးနိုင်တယ်။ အရေပြားကို ပိုးဟပ်နဲ့ ထိတွေ့ရင် ရေဆေးပါ။ ခရင်မ်လိမ်းပေးသင့်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top