Healthy Life Ad
Life Style

ငယ်စဉ်ကတည်းက အနီးမှုန်ခြင်းနှင့် ၄၀အရွယ်ဝန်းကျင် အနီးမှုန်ခြင်း

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အနီးမှုန်ခြင်း အမျိုးအစားတွေကို သိပါရစေဆရာ။
ဖြေ. အနီးမှုန်တာကို အမျိုးအစား နှစ်မျိုးခွဲလို့ရပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက မှုန်တာနဲ့ အသက်၄၀နဲ့ နောက်ပိုင်းကျမှ မှုန်တာဆိုပြီး နှစ်မျိုးရှိပါတယ်။ ငယ်ငယ်လေးကတည်းက အနီးမှုန်တယ်ဆိုတဲ့သူတွေက အနီးရောအဝေးပါ မှုန်ကြပါတယ်။ အသက် ၄၀ကျော်မှ မှုန်တဲ့သူတွေက အဝေးကို ကောင်းကောင်းမြင်ရပြီး အနီးကို မှုန်လာပါတယ်။

မေး. မျက်စိမှုန်တာကို ကောင်းကောင်းပြန်မြင်ရအောင် တပ်ရတဲ့ မျက်မှန်အကြောင်းကိုလည်း ရှင်းပြပေးပါ ဆရာ။
ဖြေ. မျက်စိမှုန်တာက ရောဂါကြောင့် မဟုတ်ဘဲ မျက်မှန်လိုတာကြောင့်ဖြစ်တယ်ဆိုရင် တပ်တဲ့မျက်မှန်က အပေါင်းလက္ခဏာ (Convex Lens) မှန်ဘီလူးခုံး ရှိသလို အနုတ်လက္ခဏာ (Concave Lens) မှန်ဘီလူးခွက်လည်း ရှိပါတယ်။ ငယ်စဉ်ကတည်းက မျက်စိမှုန်တဲ့သူတွေမှာ အဝေးကိုပဲ မှုန်တဲ့သူတွေရှိသလို အဝေးရောအနီးကိုပါ မှုန်တဲ့သူတွေရှိပါတယ်။ အဝေးတစ်ခုတည်းကိုပဲ မှုန်တဲ့အခြေအနေကို Myopia လို့ခေါ်ပြီး အဝေးရော အနီးပါမှုန်တဲ့အခြေအနေကို Hypermetropia လို့ ခေါ်ပါတယ်။ အဝေးမှုန်ရင် မျက်ဆန် (Eyeball) ရဲ့ Axial Length ကရှည်နေတယ်။ အဲဒီလိုရှည်နေတော့ အနုတ်ပါဝါကို တပ်ပေးလိုက်ရင် မျက်စိအာရုံခံလွှာ (Retina)ပေါ် ပုံရိပ်တစ်ခုကျပြီး ပြန်မြင်သွားပါတယ်။

ငယ်စဉ်ကတည်းက အဝေးရော အနီးပါမှုန်တဲ့ သူတွေက မျက်ဆန် (Eyeball) ရဲ့ Axial Length ကတိုတယ်။ တိုတဲ့အခါကျတော့ အလင်းတန်းတွေက မျက်စိအာရုံခံလွှာရဲ့ အနောက်ဘက်ကို ကျရောက်တယ်။ အဲဒီအခါ အပေါင်းလက္ခဏာကို တပ်ပေးလိုက်ရင် ကောင်းကောင်းမြင်ရသွားပါတယ်။

ပိုးကြောင့် မျက်ဝတ်အထွက်များရင် ပိုးကို ကုသပြီးတဲ့အခါ ပျောက်သွားတတ်ပါတယ်။ အကြာကြီး မဖြစ်ပါဘူး။ မျက်စိခြောက်တာနဲ့ ဓာတ်မတည့်တာကြောင့်ဆိုရင်တော့ အကြာကြီး မျက်ဝတ်အထွက် များတတ်ပါတယ်။ မျက်စိခြောက်တာကြောင့်ဆိုရင် မျက်ရည်အတုကို ရာသက်ပန် ခတ်နေရတတ်တယ်။

မေး. အသက်၄၀နဲ့ နောက်ပိုင်းမှာ အနီးမှုန်ရတဲ့အကြောင်းရင်းကို သိပါရစေ ဆရာ။
ဖြေ. အသက် ၄၀အရွယ်ကို အုပ်စုသုံးစုခွဲပြီး ကြည့်သင့်ပါတယ်။ ငယ်ငယ်ကတည်းက မျက်မှန်မတပ်ရတဲ့ အုပ်စု (Emmetropia)၊ အဝေးမှုန်တဲ့ အုပ်စု (Myopia) နဲ့ အဝေးရောအနီးပါ မျက်စိမှုန်တဲ့အုပ်စု (Hypermetropia) ဆိုပြီး သုံးမျိုးခွဲခြားနိုင်ပါတယ်။ အသက်၄၀ အရွယ်ရောက်လာရင် မှန်ဘီလူး (Lens) ကမာကျောလာပြီး လိုက်လျောညီထွေမရှိတော့ဘူး။ အသက် ၄၀နဲ့ နောက်ပိုင်းအရွယ် ရောက်လာတဲ့အခါ ငယ်စဉ်ကမျက်မှန်လိုလာတဲ့သူတွေမှာ မျက်စိမှန်ဘီလူး (Lens) က အပေါင်းပါဝါတစ် (+၁ . ဝ၀) တော့ ဝင်လာပါတယ်။

ငယ်ငယ်က အဝေးမှုန်တဲ့အုပ်စုက အနုတ်ပါဝါတပ်ခဲ့ရတယ်။ အသက် ၄၀ အရွယ်ရောက်လာတဲ့အခါမှာ အပေါင်းပါဝါတစ်တော့ ဝင်လာတာပဲ။ ဒါပေမဲ့ အဝေးမှုန်အတွက် တပ်ထားတဲ့မျက်မှန်ကိုချွတ်ပြီးကြည့်ရင် အနီးကိုတော့ ကောင်းကောင်း မြင်ရတယ်။ အဝေးကို မျက်မှန်နဲ့ကြည့်လိုက်၊ အနီးကို မျက်မှန်တပ်လိုက် မလုပ်ချင်ရင်တော့ မျက်မှန်မှာ အပေါ်က အဝေးအတွက်၊ အောက်က အနီးအတွက် ကြည့်လို့ရတဲ့မျက်မှန် (Bifocal) တပ်ပေးသင့်ပါတယ်။

ငယ်စဉ်ကတည်းက အနီးရောအဝေးမှာ မှုန်တဲ့သူတွေကို ဥပမာပြောရရင် ငယ်စဉ်က သူက အပေါင်းပါဝါတစ်တပ်ရရင် အသက်၄၀အရွယ် ရောက်လာချိန်မှာ အပေါင်းပါဝါတစ် ထပ်ဝင်လာတယ်။ အဲဒီအခါ အဝေးကို အပေါင်းတစ်၊ အနီးကို အပေါင်းနှစ် ဖြစ်လာတယ်။ သူတို့ကျတော့ အဝေးရော အနီးရော မျက်မှန်တပ်မှမြင်ရတာဖြစ်လို့ Bifocal အမျိုးအစားမျက်မှန်ပဲ တပ်ရတယ်။

မေး. အသက် ၄၀အရွယ်လောက်မှာ အနီးမှုန်လာတာက ဘာကြောင့်ပါလဲ ဆရာ။
ဖြေ. လူတိုင်းမှာ အသက် ၄၀ ဝန်းကျင် ရောက်လာပြီဆိုရင် မလွဲမသွေ ကြုံလာရမယ့် ဇရာရဲ့လက္ခဏာက အနီးမှုန်တာပါပဲ။ အသက် ၄၀ အရွယ်ရောက်လာရင် မျက်စိထဲက မှန်ဘီလူးတွေက မာကျောလာပြီး လိုက်လျောညီထွေရှိနိုင်စွမ်း (Accomodation Power) ကျလာတတ်ပါတယ်။ ပျမ်းမျှအားဖြင့် ပြောရရင် အသက်၄၀ ကျော်ချိန်မှာ အပေါင်းပါဝါတစ် တပ်ရတယ်။ အသက် ၅၀ကျော်လာရင် အပေါင်းတစ် ဒသမ ငါး (+၂.၅) တပ်ရတယ်။ ဒါက ငယ်ငယ်ကတည်းက မျက်မှန်မတပ်ရတဲ့သူတွေမှာ ယေဘုယျ လိုအပ်တာပါ။

ငယ်ငယ်လေးကတည်းက အဝေးမှုန်တဲ့သူတွေကျတော့ အသက် ၄၀ကျော်လာချိန်မှာ အနီးကို မျက်မှန်ချွတ်ပြီးကြည့်ရင် ကောင်းကောင်းမြင်ရပါတယ်။ ငယ်ငယ်လေးကတည်းက အပေါင်းပါဝါ တပ်ရတဲ့သူတွေကျတော့ အနီးရောအဝေးရော မျက်မှန်တပ်ကြည့်မှ မြင်ရပါတယ်။

မေး. အနီးမှုန်ဝင်တာကို မျက်မှန်မတပ်ရင်ကော နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်နိုင်ပါသလဲ ဆရာ။
ဖြေ. အနီးမှုန်တာကို မျက်မှန်မတပ်ရင် နောက်ဆက်တွဲအနေနဲ့ မျက်စိပိုမှုန်တာ၊ ကွယ်တာမျိုးတော့ မဖြစ်ပါဘူး။ ဒါပေမဲ့ ကိုယ်ကြည့်တဲ့ပုံရိပ်ရဲ့ အရာဝတ္တုက ကြည်လင်ပြတ်သားမှုမရှိတော့ အားစိုက်ကြည့်ရတဲ့အခါ ဇက်ကြောတက်တယ်၊ မျက်လုံးညောင်းတယ် . . အဲဒီလိုတော့ ဖြစ်တတ်ပါတယ်။

မေး. တချို့လူတွေမှာ အသက် ၄၀ တော်တော်ကျော်လာတဲ့အထိ အနီးမှုန်မဝင်လာတာတွေ တွေ့ဖူးပါတယ်။ အဲဒါက ဘာကြောင့်ပါလဲဆရာ။
ဖြေ. ယေဘုယျအားဖြင့်တော့ အသက်၄၀ လောက်မှာဆိုရင် အနီးမှုန်ဝင်လာလို့ မျက်မှန်တပ်ရတတ်ပေမယ့် ချွင်းချက်အနေနဲ့ အသက်၄၀ကျော်လာပြီး အသက် ၅၀အရွယ်လောက်အထိ Accomodation Power ကောင်းနေတာကြောင့်ပါ။ အသက် ၅၀ ကျော်လာလို့ အနီးမှုန်ဝင်လာတဲ့အချိန်မှာလည်း သူတို့ကအပေါင်း ပါဝါတစ်လောက်ပဲ စတပ်ရတာမျိုးရှိတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top