Healthy Life Ad
Health Tips

သဝန်တိုစိတ်လမ်းမှားခြင်း

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

ဘင်ဂျမင်က စိတ်ကျန်းမာရေး အတွင်းလူနာ ကုသဆောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတစ်ယောက် ဖြစ်ပါတယ်။ သူက ရိုးသားတယ်။ အလုပ်ကြိုးစားတယ်။ တာဝန်သိတယ်။ စာရေးသူက ဘင်ဂျမင်ကို ခင်မင်ရင်းနှီးနေလို့ ဘင်လို့ပဲ ခေါ်ပါတယ်။

“အခုတလော ဘင့်ကို ကြည့်ရတာ နေထိုင်မကောင်းသလိုပဲ။ ဘာဖြစ်နေလို့လဲ”

ဘင်က စာရေးသူရဲ ့ အမေးကို အဖြေမပေးဘဲ စာရေးသူနဲ့ တစ်ဦးချင်း တွေ့ဆုံဆွေးနွေးချင်တယ်လို့ မေတ္တာရပ်ခံပါတယ်။

“အိုကေပါ ဘင်။ နေ့လယ်စာစားချိန်မှာ ကျွန်တော့်ရုံးခန်းထဲကို လာတွေ့နိုင်ပါတယ်”

စာရေးသူနဲ့တွေ့တော့ ဘင်က သူ့အိမ်ထောင်ရေးကိစ္စကို ဖွင့်ဟတိုင်ပင်ပါတယ်။

“ကျွန်တော် အခုတလော စိတ်ညစ်နေတာက ကျွန်တော်တို့အိမ်ထောင်ရေး အဆင်မပြေဖြစ်နေလို့ပါ”

“သားသမီးကိစ္စလား။ ငွေရေးကြေးရေးပြဿနာလား။ ဇနီးရဲ့ ကျန်းမာရေးလား။ ဆွေမျိုးသားချင်းတွေက နှောင့်ယှက်နေလို့လား”

“ဒေါက်တာအုန်းပြောတဲ့ ကိစ္စတွေကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်ဇနီး သဝန်တိုတဲ့ အပြုအမူတွေကြောင့်ပါ။ သူက ကျွန်တော့်ကို တခြားမိန်းမတွေနဲ့ စွပ်စွဲနေတာ နေ့စဉ်နေ့တိုင်းလိုပါပဲ”

စာရေးသူ စဉ်းစားမိတယ်။ သဝန်တိုစိတ် (Jealousy) နဲ့ မနာလိုစိတ်(Envy)က စိတ်ပညာသဘောအရ ကွဲပြားမှု ရှိပါတယ်။ မနာလိုစိတ်ဆိုတာက တခြားသူအောင်မြင်မှုရှိတာ၊ လှပချောမောတာ၊ ပစ္စည်းဥစ္စာကြွယ်ဝတာ စတဲ့ ကိစ္စတွေမှာ အဲဒီသူက ကိုယ့်ထက်သာတဲ့ အခြေအနေကို မရှုဆိတ်နိုင်တာ ဖြစ်ပါတယ်။ မနာလိုစိတ်မှာ မနာလိုတာကို ခံရသူနဲ့ မနာလိုစိတ်ဖြစ်ပေါ်နေသူ နှစ်ဦးပဲရှိတယ်။ ကြားလူမရှိဘူး။

သဝန်တိုစိတ်ကတော့ မိမိချစ်ခင်တွယ်တာရသူက တခြားသူတစ်ဦးအပေါ်မှာ မိမိထက်ပိုပြီး ချစ်ခင်တွယ်တာသွားမှာကို စိုးရိမ်ပူပင်နေတဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်။ ဥပမာ-ညီအစ်ကိုမောင်နှမအချင်းချင်း မိဘမေတ္တာကို လုချင်တဲ့စိတ် (Sibling Rivalry) မျိုး၊ ကိုယ့်ချစ်သူ တခြားသူနောက်ပါသွားမှာကို ကြောက်ရွံ ့စိုးရိမ်စိတ်မျိုး၊ မခံချင်စိတ်မျိုး ဖြစ်တယ်။ သဝန်တိုစိတ်မှာ တတိယလူပါရှိနေပါတယ်။ သုံးပွင့်ဆိုင်ဇာတ်လမ်းဆိုပါတော့။

စဉ်းစားခန်းရပ်လိုက်ပြီး စာရေးသူက ဘင်ကို မေးမြန်းပါတယ်။

“ဘင်မရိုးသားလို့ ခင်ဗျားဇနီးက သဝန်တိုစိတ် ရှိလာတာဖြစ်မှာပါ”

“မဟုတ်ရပါဘူး ဒေါက်တာ”

“အဲဒါဆိုရင် ဘင့်ဇနီးက ဘင့်ကို သိပ်ချစ်နေလို့ ဖြစ်မှာပေါ့။ ကိုယ့်ချစ်သူကို ကိုယ်တစ်ယောက်တည်းသာ ပိုင်ဆိုင်ချင်တဲ့စိတ်က သဘာဝကျပါတယ်”

“သဝန်တိုစိတ်များသူက ကိုယ့်ချစ်သူကို နေရာတိုင်းမှာ ထိန်းချုပ်ချင်တဲ့ အပြုအမူတွေရှိတယ်။ ခင်ဗျား နေ့စဉ်လှုပ်ရှားမှုတိုင်းကို သိချင်တယ်။ စုံစမ်းမေးမြန်းမယ်။ ခင်ဗျားစာတွေကို ဖွင့်ဖတ်မယ်။ ခင်ဗျားမိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာထဲမှာ ရှာဖွေစစ်ဆေးကြည့်မယ်။ ခင်ဗျားမိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ လည်ပတ်သွားလာတာကို တားဆီးမယ်။ သူတို့ကို မနှစ်မြို့တဲ့ အမူအရာတွေပြမယ်။ သူတို့ကို ပြစ်တင်ဝေဖန်ပြောဆိုမယ်”..

“ဒါပေမဲ့ ဒေါက်တာ ကျွန်တော့်ဇနီး မေးမြန်းစွပ်စွဲမှုတွေက များလွန်းတော့ သူ့မေတ္တာကို ခံယူလို့ မရပါဘူး။ ကျွန်တော့်ကိုချစ်လို့ ဒီလိုဖြစ်နေတာလား၊ ဒါမှမဟုတ် အနိုင်ယူချင်လို့ တမင်သက်သက် ဖန်တီးပြောနေတာလားဆိုတာ ဝေခွဲလို့ မရတော့ပါဘူး”

“သဝန်တိုစိတ် လမ်းမှားနေတဲ့ အပြုအမူတွေ ရှိပါတယ်”

“ရှင်းပြပါ ဒေါက်တာ”

“သဝန်တိုစိတ်များသူက ကိုယ့်ချစ်သူကို နေရာတိုင်းမှာ ထိန်းချုပ်ချင်တဲ့ အပြုအမူတွေရှိတယ်။ ခင်ဗျား နေ့စဉ်လှုပ်ရှားမှုတိုင်းကို သိချင်တယ်။ စုံစမ်းမေးမြန်းမယ်။ ခင်ဗျားစာတွေကို ဖွင့်ဖတ်မယ်။ ခင်ဗျားမိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာထဲမှာ ရှာဖွေစစ်ဆေးကြည့်မယ်။ ခင်ဗျားမိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ လည်ပတ်သွားလာတာကို တားဆီးမယ်။ သူတို့ကို မနှစ်မြို့တဲ့ အမူအရာတွေပြမယ်။ သူတို့ကို ပြစ်တင်ဝေဖန်ပြောဆိုမယ်။ ခင်ဗျားက သူတို့ကို ကာကွယ်ပြောရင် အခြေအနေပိုပြီး ဆိုးလာမယ်။ သူတို့အနားမှာ ခင်ဗျားကို အမြဲရှိနေစေချင်တယ်။ ခင်ဗျားတစ်ယောက်တည်း အပြင်ထွက်လည်ပတ်တာကို မလိုလားဘူး။ အိမ်ပြန်လာရင် ခင်ဗျားအပြင်မှာ လှုပ်ရှားခဲ့တာကို အသေးစိတ် သိချင်တယ်။ ရှင်းပြတာကို အလွယ်တကူ ယုံကြည်မှုမရှိဘူး။ ခင်ဗျားအလုပ်သွား၊ အလုပ်ပြန်တဲ့ အချိန်ကို စောင့်ကြည့်နေမယ်။ အလုပ်စောစော သွားဖို့ရှိရင် ဘယ်သူတွေနဲ့ ချိန်းချက်ရှိလို့လဲလို့ မေးမယ်။ အလုပ်ပြန်တာ နောက်ကျရင် ဘယ်အိမ်မှာဝင်ပြီး သဝေထိုးနေတာလဲလို့ ငေါ့မယ်။ ခင်ဗျားက အမျိုးသမီးတစ်ယောက်ယောက်နဲ့ စကားလက်ဆုံကျနေတာ မြင်ရရင် မလိုလားတဲ့ အမူအရာပြမယ်။ အံကြိတ်ပြမယ်။ လက်သီးဆုပ်ပြမယ်။ ပြီးရင် ဒီအကြောင်းကို အစရှာပြီး စစ်ဆေးမေးမြန်းမယ်။ ခင်ဗျားအပြင်ထွက်သွားနေတဲ့အချိန်၊ အလုပ်ခွင်ထဲမှာ အလုပ်များနေတဲ့ အချိန်တွေမှာ မကြာခဏဖုန်းဆက်မယ်။ “မက်ဆေ့ချ်ရိုက်”မယ်။ ငွေရေးကြေးရေးကိစ္စတွေမှာ ချုပ်ချယ်မယ်။ သူတို့ဖြစ်စေချင်သလို၊ နေထိုင်သွားလာစေချင်သလို နည်းအမျိုးမျိုးနဲ့ ခင်ဗျားကို ပုံသွင်းမယ်”

ကြမ်းပြင်ကို စိုက်ကြည့်ပြီး မလှုပ်မရှက် နားထောင်နေတဲ့ ဘင်ဂျမင်က မကြားတကြား မေးမြန်းပါတယ်။

“ဒေါက်တာက ကျွန်တော့်ဇနီးကို သိလို့လား”

“မတွေ့ဖူးပါဘူး။ ဘာဖြစ်လို့လဲ”

“ကျွန်တော့်ဇနီးက ဒေါက်တာပြောတဲ့ ပုံစံအတိုင်းဖြစ်နေလို့ပါ။ ကျွန်တော့်ဇနီးက သိပ်ပြီးပိုင်ဆိုင်လို စိတ်ပြင်းပြတယ်။ Possessive ဖြစ်တယ်လို့ ပတ်ဝန်းကျင်ကလည်း ပြောကြပါတယ်”

“အဲဒီလိုအပြုအမူတွေ ဖော်ထုတ်လာတာ ကြာပြီလား”

“ကျွန်တော်တို့ လက်ထပ်ပြီးတာ နှစ်နှစ်ကျော်ရှိပါပြီ။ အစတုန်းကတော့ သူငါ့ကိုချစ်လို့ စိုးရိမ်စိတ်ရှိနေတာဖြစ်မှာပါလို့ ယူဆခဲ့ပါတယ်။ ကြာလာတော့ အဲဒီအပြုအမူတွေက ကျွန်တော့်အတွက် စိတ်ဖိစီးမှုဖြစ်ပေါ်စေပါတယ်။ လူက မလွတ်လပ်သလို၊ ချုပ်ချယ်တာ ခံထားရသလိုပဲ”

“ဒီလိုဆိုတော့ ဘင်ရဲ့ဇနီးမှာ သဝန်တိုစိတ် လွန်ကဲမှု ရှိနိုင်ပါတယ်”

“ကျွန်တော့်ဇနီးကို ဒေါက်တာအုန်း စစ်ဆေးကြည့်လို့ ရမလား”

“ဘင်ရဲ့ဇနီးက လိုလိုချင်ချင် လက်ခံရင်တော့ စစ်ဆေးစမ်းသပ်ပေးနိုင်ပါတယ်။ အလွတ်သဘော စစ်ဆေးပေးတာမျိုး မဟုတ်ဘဲ အပြင်လူနာဆေးပေးခန်းမှာ တရားဝန်ကြည့်ရှုရမှာပါ။ သဝန်တိုစိတ် လွန်ကဲရခြင်းရဲ့ အကြောင်းရင်းတွေကို သိရှိဖို့ လိုအပ်ပါတယ်”

“သဝန်တိုစိတ် လွန်ကဲတာက ဘာကြောင့်ဖြစ်ပွားရသလဲ”

“သဝန်တိုစိတ်ဆိုတာ ချစ်သူဆုံးရှုံးရမှာကို စိုးရိမ်မှုက ပေါက်ဖွားလာတယ်လို့ ဆိုနိုင်ပေမယ့် သဝန်တိုစိတ် လွန်ကဲခြင်းက ချစ်မေတ္တာကို ဖော်ပြတဲ့ အလင်းရောင်မဟုတ်ပါဘူး။ သဝန်တိုတတ်သူရဲ ့ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းမှု ရောင်ပြန်ဟပ်နေတဲ့ အတ္တအမှောင်တွင်းသာ ဖြစ်ပါတယ်။ သဝန်တိုစိတ် လွန်ကဲသူတွေမှာတွေ့ရှိရတဲ့ ကိုယ်ရည်ကိုယ်သွေး ကြန်အင်လက္ခဏာတွေ ရှိပါတယ်”

“ပြောပြပါ”

“သူတို့မှာ သိမ်ငယ်စိတ်ရှိတယ်၊ မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးတယ်။ စိတ်ထဲမှာ လုံခြုံမှုမရှိဘူး။ သူတို့ချစ်သူအတွက် သူတို့မှာ အရည်အချင်း မပြည့်စုံဘူးလို့ ထင်မြင်ယူဆနေတတ်တယ်။ အိမ်ထောင်ရှင်ဖြစ်လာပေမယ့် ရည်းစားဖြစ်စလိုပဲ စိတ်ကူးယဉ်ဆန်တဲ့ ဆက်ဆံရေးမျိုး(Romantic Relationship)ကို လိုလားတောင့်တနေတတ်တယ်။ နောက်ပြီး သဝန်တိုစိတ် လွန်ကဲသူက စိုးရိမ်စိတ်များတယ်။ စိတ်လှုပ်ရှားလွယ်တယ်။ မယုံသင်္ကာစိတ် သံသယစိတ်များတယ်။ အဲဒါ သဝန်တိုစိတ်လွန်ကဲသူရဲ ့ ကြန်အင်လက္ခဏာတွေ (Jealous Personlity Traits) ဖြစ်ပါတယ်”

“နောက်တစ်ချက်ရှိသေးတယ်။ ကိုယ့်မှာရှိတဲ့ အပြစ်အနာအဆာတွေ၊ အားနည်းချက်တွေကို သူတစ်ပါးမှာရှိနေသလို ထင်မြင်ယူဆတတ်တဲ့ စိတ်ဖြစ်စဉ်ကို ဘာလို့ခေါ်သလဲ”

ဘင်ဂျမင်က အနည်းငယ်စဉ်းစားပြီး အဖြေပေးပါတယ်။

“Projection ကို ပြောတာလား”

“မှန်ပါတယ်။ ကိုယ့်မျက်ချေးကို ကိုယ်မမြင်တဲ့ သဘောပါ။ သဝန်တိုစိတ်လွန်ကဲသူရဲ ့ စိတ်ကူးထဲမှာ ဖောက်ပြန်တဲ့ စိတ်ကူးယဉ်တွေးတောမှုတွေ ရှိတတ်တယ်။ ကိုယ့်ခင်ပွန်းအပြင် တခြားယောကျာ်း တစ်ယောက်ယောက်အပေါ်မှာ ကြည်နူးမိတာ၊ ရင်ခုန်မိတာ၊ ဆန္ဒရှိမိတာကို ခံစားရမယ်။ ဒါပေမဲ့ ကာယကံရှင်ရဲ ့”အကျင့်သိက္ခာစိတ်”(Super Ego)က လက်မခံဘူး။ ဒီတော့”မသိစိတ်”ကလှည့်ဖျားတယ်။ “ငါဖောက်ပြန်ချင်တာ မဟုတ်ဘူး။ သူဖောက်ပြန်နေတာ”လို့ ယုံကြည်လာတတ်ပါတယ်”

“ဘာကြောင့်ပဲဖြစ်ဖြစ် ဒေါက်တာအုန်း။ ဒီအတိုင်း ဆက်သွားရင်တော့ အိမ်ထောင်ရေးအဆင်ပြေမှာ မဟုတ်တော့ဘူး။ ကျွန်တော့်ဇနီးမှာ သဝန်တိုစိတ် လွန်ကဲမှုရှိတယ်ဆိုရင် ဆေးပေးကုသကြည့်လို့ ရမလား”

“သဝန်တိုစိတ်လွန်ကဲမှုမှာ အတိုင်းအတာရှိပါတယ်။ အဖြူနဲ့အမည်းလို သဲသဲကွဲကွဲ မရှိပါဘူး။ ကြားထဲမှာ မီးခိုးရောင်အနုအရင့် အဆင့်ဆင့်ရှိသလိုပါပဲ။ သင့်ဇနီးရဲ ့ သဝန်တိုစိတ်လွန်ကဲမှုက အယူမှား စိတ်စွဲမြဲယုံကြည်မှု (Delusion) အဆင့်အထိ ရှိလာရင်တော့ စိတ္တဇရောဂါ ဆန့်ကျင်ဆေးကို အသုံးပြုနိုင်ပါတယ်။ အဲဒီလို အခြေအနေအထိ ရောက်ရှိလာရင် “စိတ္တဇဆန်တဲ့ သဝန်တိုစိတ်”( Morbid Jealousy) ဒါမှမဟုတ် “သဝန်တို အယူမှားစိတ်စွဲ မြဲယုံကြည်မှုရောဂါ”( Delusion of Jealousy) လို့ ခေါ်ပါတယ်။ အဲဒီအဆင့်အထိ ရောက်ရှိလာရင် အကြမ်းဖက်တာရှိနိုင်တယ်။ သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ဓားထိုးမှုဖြစ်ပွားတဲ့ အခန်းလိုပေါ့။

အဲဒါ့အပြင် တခြားစိတ်ရောဂါတွေ ခံစားနေရရင်လည်း သဝန်တိုစိတ်လွန်ကဲတဲ့ လက္ခဏာရှိတတ်ပါတယ်။ ဥပမာ-အရက်စွဲရောဂါ၊ မူးယစ်ဆေးစွဲရောဂါ၊ စိတ္တဇစိတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျား စိတ္တဇရောဂါ၊ ငယ်မူပြန်မှတ်ဉာဏ်ချို့ယွင်းရောဂါ ဖြစ်ပေါ်စအခြေအနေ စသဖြင့်ပေါ့ဗျာ”

“ကျွန်တော့်ဇနီးက အဲဒီလို စိတ်ရောဂါတွေ ခံစားနေရတယ်လို့တော့ ကျွန်တော်မထင်ပါဘူး”

ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top