Healthy Life Ad
Life Style

မျက်ဝတ်အထွက်များနေလျှင် . . .

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မျက်ဝတ်အထွက်များရတဲ့ အကြောင်းရင်းကို ရှင်းပြပေးပါဆရာ။
ဖြေ. မျက်ဝတ်အထွက်များတာကို ဆေးပညာအရ Eye Discharge လို့ခေါ်ပါတယ်။ မျက်ဝတ်အထွက် များရတဲ့အကြောင်းရင်းက သုံးမျိုးရှိပါတယ်။

(၁) ကူးစက်ပိုးဝင်တာကြောင့်၊

(၂) ခြောက်သွေ့တဲ့မျက်စိဖြစ်တာကြောင့်နဲ့

(၃) ဓာတ်မတည့်မှုရှိတာကြောင့် မျက်ဝတ်အထွက်များတတ်ပါတယ်။

မေး. ဘယ်လိုကူးစက်ပိုးဝင်တာကြောင့် မျက်ဝတ်အထွက်များတတ်ပါသလဲဆရာ။
ဖြေ. ဘက်တီးရီးယား၊ ဖန်းဂတ်စ်မှို၊ ဗိုင်းရပ်စ်ပိုးနဲ့ ကပ်ပါးပိုး (Parasites) စတဲ့ ဘယ်ကူးစက်ပိုးမဆို ဝင်ရင် မျက်ဝတ်အထွက်များတတ်ပါတယ်။

မေး. Dry Eye ကြောင့် မျက်ဝတ်အထွက်များတဲ့အကြောင်းကိုလည်း သိပါရစေဆရာ။
ဖြေ. မျက်ကြည်လွှာ(Cornea)ရဲ့အပြင်ဘက်မှာ Precorneal Tear Film ဆိုတဲ့ မျက်ရည်ပြင်လေးရှိတယ်။ မျက်ရည်ရှိနေမှသာ မျက်လုံးကစိုစွတ်ပြီး နေလို့ကောင်းတယ်။ ကြည့်လို့ကောင်းတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မျက်ရည်မရှိဘဲ ခြောက်သွေ့သွားတဲ့ အခြေအနေဖြစ်သွားတဲ့အခါ မျက်ရည်အထွက်နည်းသွားပြီး မျက်လုံးက သက်သောင့်သက်သာမရှိတာမျိုး၊ ခိုးလိုးခုလု ဖြစ်နေတာမျိုး ခံစားရတတ်ပါတယ်။ ဒါ့အပြင် ပွတ်တိုက်တာများပြီး မျက်ဝတ်ထွက်လာတတ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ မျက်ရည်က အထိုက်အလျောက်နည်းသွားတဲ့အခါ မျက်ရည်ဂလင်း (Lacrimal gland) ကို မျက်ရည်ထွက်အောင် လှုံ့ဆော်တဲ့အတွက် မျက်ရည်ဖျစ်ညှစ်ထွက်လာပါတယ်။ အဲဒါကို Reflex Tearing လို့ခေါ်ပါတယ်။ ဒါကြောင့်လည်း မျက်ဝတ်အထွက်များတတ်ပါတယ်။

မေး. ဓာတ်မတည့်မှုကြောင့် မျက်ဝတ်အထွက်များရတာကိုလည်း ရှင်းပြပေးပါဆရာ။
ဖြေ. ဓာတ်မတည့်မှုရတတ်တဲ့ လူအများစုက အခြေခံရောဂါတစ်ခုခု (Systemic Condition) နဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ ရင်ကျပ်ပန်းနာရောဂါ (Bronchial Asthma)သည်တွေက ဖုန်နဲ့မတည့်ဘူး၊ ပန်းဝတ်မှုန်နဲ့မတည့်ဘူး စသဖြင့် သူတို့အထူးမတည့်တဲ့ အရာတွေရှိတယ်။ အဲဒီလို သူတို့မတည့်တဲ့ ပတ်ဝန်းကျင်ရောက်ရင် ရင်ကျပ်ပန်းနာထသလိုပဲ မျက်လုံးကလည်း Allergic Kerato Conjunctivitis ဖြစ်ပြီး မျက်ဝတ်အထွက်များလာပါတယ်။

မေး. မျက်ဝတ်အထွက်များတဲ့အခါ ဘာအကြောင်းကြောင့် ဖြစ်သလဲဆိုတာကို ဘယ်လိုခွဲခြားလို့ရနိုင်မလဲ ဆရာ။
ဖြေ. မျက်ဝတ်အထွက်များတဲ့အခါ မျက်စိဆရာဝန်တွေအနေနဲ့ မျက်စိကိုကြည့်ပြီး ခွဲခြားလို့ရပါတယ်။ ဒီအကြောင်းရင်းသုံးခုကြောင့်ဆိုရင် မျက်ဝတ်အထွက်များတာနဲ့ မျက်လုံးနီတာကတော့ ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ တခြားမတူတဲ့ လက္ခဏာတွေကို ကြည့်ပြီးခွဲခြားလို့ရပါတယ်။ ဥပမာ ကူးစက်ပိုးဝင်တာ ဟုတ်၊ မဟုတ် မျက်မြှေးရောင်နာ လက္ခဏာတွေကို ကြည့်ပါတယ်။

မျက်စိခြောက်တယ်ဆိုရင် မျက်ရည်သိပ်မထွက်တတ်တော့ မျက်ရည်ဘယ်လောက်ရှိသလဲဆိုတာ တိုင်းတာကြည့်လို့ရပါတယ်။ ဓာတ်မတည့်မှုကြောင့်ဆိုရင် မျက်ခွံကိုလှန်ကြည့်လိုက်ရင် အနီစက်(Pupillae)တွေကို တွေ့ရနိုင်တယ်။ ဒါ့အပြင် မျက်ကြည်လွှာကိုကာထားတဲ့ Limbus မှာ အဖုသေးတွေကို တွေ့ရနိုင်ပါတယ်။

မေး. မျက်ဝတ်အထွက်များတဲ့ အခြေအနေအတွက် ကုသနည်းတွေကိုလည်း ရှင်းပြပေးပါဦး ဆရာ။
ဖြေ. ကုသနည်းတွေကတော့ မျက်ဝတ်အထွက်များစေတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ကူးစက်ပိုးကြောင့် မျက်ဝတ်အထွက်များရင် ဝင်တဲ့ပိုးက ဘက်တီးရီးယားလား၊ ဖန်းဂတ်စ်လား စသဖြင့်ခွဲခြားပြီး သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေး (Antimicrobial Agent) ပေးရပါတယ်။ မျက်စိခြောက်သွေ့မှုကြောင့်ဆိုရင် မျက်ရည်တု (Artificial Tear) ပေးပါတယ်။ ဓာတ်မတည့်မှုကြောင့်ဆိုရင် ဓာတ်မတည့်မှု သက်သာစေတဲ့ မျက်စဉ်းဆေး (Antiallergic Eye Drop) ဒါမှမဟုတ် စတီးရွိုက်ပေးလေ့ရှိပါတယ်။

ပိုးကြောင့် မျက်ဝတ်အထွက်များရင် ပိုးကိုကုသပြီးတဲ့အခါ ပျောက်သွားတတ်ပါတယ်။ အကြာကြီး မဖြစ်ပါဘူး။ မျက်စိခြောက်တာနဲ့ ဓာတ်မတည့်တာ ကြောင့်ဆိုရင်တော့ အကြာကြီး မျက်ဝတ်အထွက် များတတ်ပါတယ်။ မျက်စိခြောက်တာကြောင့်ဆိုရင် မျက်ရည်အတုကို ရာသက်ပန် ခတ်နေရတတ်တယ်။

မေး. မျက်ဝတ်အထွက်များတာက အကြာကြီး ဖြစ်တတ်ပါသလားဆရာ။
ဖြေ. ပိုးကြောင့် မျက်ဝတ်အထွက်များရင် ပိုးကို ကုသပြီးတဲ့အခါ ပျောက်သွားတတ်ပါတယ်။ အကြာကြီးမဖြစ်ပါဘူး။ မျက်စိခြောက်တာနဲ့ ဓာတ်မတည့်တာကြောင့်ဆိုရင်တော့ အကြာကြီး မျက်ဝတ်အထွက်များတတ်ပါတယ်။ မျက်စိခြောက်တာကြောင့်ဆိုရင် မျက်ရည်အတုကို ရာသက်ပန် ခတ်နေရတတ်တယ်။ ဓာတ်မတည့်မှုကြောင့် မျက်ဝတ်အထွက်များရင်တော့ ဓာတ်မတည့်မှုဖြစ်တတ်တဲ့ ပတ်ဝန်းကျင်ကို ရှောင်လိုက်ရင် ဒါမှမဟုတ် အဲဒီပတ်ဝန်းကျင်ကို အသားကျပြီး ခံနိုင်ရည်ရှိသွားရင် ကောင်းသွားနိုင်ပါတယ်။

မေး. မျက်ဝတ်အထွက်မများအောင် ဘယ်လိုကာကွယ်သင့်ပါသလဲဆရာ။
ဖြေ. ကူးစက်ပိုးဝင်ရတဲ့အကြောင်း နှစ်ချက်ရှိတယ်။ တစ်ချက်က Seasonal ကြောင့်ပါ။ ဆိုလိုတာက စာသင်ကျောင်းတစ်ခုမှာ ကျောင်းသားအားလုံး မျက်စိနာတာမျိုး၊ ဒါက အချိန်တန်ရင် ပျောက်သွားမှာပါ။

နောက်တစ်ချက်က ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ဖန်းဂတ်စ်စတဲ့ ပိုးဝင်တာက ထိခိုက်ဒဏ်ရာ (Trauma) ကြောင့်ဖြစ်တာပါ။ လယ်သမားတွေ၊ အလုပ်သမားတွေအနေနဲ့ အကာအကွယ်မျက်မှန်တပ်ပြီး အလုပ်လုပ်သင့်တယ်။ မတပ်မိဘဲ မျက်စိကို ထိခိုက်မိသွားပြီဆိုရင်လည်း မျက်စိကို ရေစင်အောင်ဆေး၊ ပြီးရင် တက်ထရာဆိုက်ကလင်းမျက်စဉ်းဆေးကို တစ်နေ့လေးကြိမ်နဲ့ တစ်ပတ်လောက် ခတ်ပေးသင့်ပါတယ်။ မျက်စိခြောက်တာတော့ ဘာကြောင့်ဖြစ်မှန်း တိတိကျကျမသိသေးတာကြောင့် ကာကွယ်လို့မလွယ်ပါဘူး။ ဓာတ်မတည့်မှုကတော့ ကိုယ်နဲ့မတည့်တဲ့ ပတ်ဝန်းကျင်နဲ့ အစားအသောက်ကို ရှောင်တဲ့နည်းနဲ့ ကာကွယ်လို့ရပါတယ်။

မေး. မျက်ဝတ်အထွက်များခြင်းနဲ့ပတ်သက်ပြီး အများပြည်သူကို ဆရာပြောလိုတာရှိရင် ပြောပြပေးပါဆရာ။
ဖြေ. မျက်ဝတ်အထွက်များတာက ရောဂါတစ်ခုရဲ့ လက္ခဏာတစ်ရပ်ပါ။ မျက်စိကိုကွယ်သွားနိုင်လောက်တဲ့ ပြဿနာမျိုးတော့ မဟုတ်ပါဘူး။ ကြည့်ရတာ ကသိကအောက်ဖြစ်ရတဲ့ ပြဿနာမျိုးပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top