Healthy Life Ad
Life Style

ခါးနာခြင်းကင်းစေမည့် ယောဂကျင့်စဉ်

၊ လရိပ်မေ ၊

လေ့လာမှုစစ်တမ်းအရ လူ ၄၀ ရာခိုင်နှုန်းခန့်ဟာ သူတို့ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ခါးနာဝေဒနာရတတ်တယ်လို့ သိရပါတယ်။ ယောဂကျင့်စဉ်တွေကို ပုံမှန်လုပ်ဆောင်ပေးရင် ခါးနာဝေဒနာမရအောင် ကာကွယ်ပေးနိုင်ပါတယ်။

ကျင့်စဉ် (၁)
ထိုင်ခုံတစ်လုံးပေါ်မှာ ညာဘက်ခြေထောက်ကို ကွေးတင်ပါ။ ပေါင်က ကြမ်းပြင်နဲ့အပြိုင်ဖြစ်သင့်ပြီး ဒူးက ခြေကျင်းဝတ်အထက်ဖြစ်သင့်ပါတယ်။ ဘယ်ဘက်လက်ကို ဒူးအပြင်မှာထားပြီး ခန္ဓာကိုယ်ကို ညာဘက်စောင်းလိုက်ပါ။ ညာခြေထောက်ကို မရွှေ့သင့်ပါဘူး။ အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်တာကို အကြိမ်များများ ပြုလုပ်ပေးပါ။ ဒီအနေအထားအတိုင်း ၃၀ စက္ကန့်နေပါ။ ညာဘက်ခြေထောက်ကို ပြောင်းလုပ်ပေးပါ။

ကျင့်စဉ် (၂)
ယောဂဖျာပေါ်မှာ ပက်လက်လှန်လှဲလျောင်းပြီး ဒူးတစ်ဖက်ကို ရင်ဘတ်ဆီဆွဲယူပါ။ တခြားခြေထောက်ကို ဖြောင့်ဖြောင့်ဆန့်ထားပါ။ အသက်ပြင်းပြင်းရှူသွင်းပါ။ ပခုံးတွေကို ကြမ်းပြင်ဆီဖိပြီး အဲဒီအနေအထားအတိုင်း စက္ကန့် ၃၀ လောက်နေပါ။

ကျင့်စဉ် (၃)
ယောဂဖျာပေါ် ပက်လက်လှန်လှဲလျောင်းပြီး လက်မောင်းတွေကိုဆန့်ထုတ်ပါ။ သင့်ခန္ဓာကိုယ်က အင်္ဂလိပ်အက္ခရာ တီပုံစံအတိုင်းဖြစ်ရပါမယ်။ ပခုံးတွေကို ကြမ်းပြင်ဆီဖိနှိပ်ပြီး ဒူးတွေကိုကွေးကာ ညာဘက်ကိုလှည့်ပါ၊ ပြီးရင် ဘယ်ဘက်ကိုလှည့်ပါ။ အသက်ပြင်းပြင်းရှူပါ။ ဒီအနေအထားအတိုင်း တစ်မိနစ်စီနေပါ။

ကျင့်စဉ် (၄)
ယောဂဖျာပေါ် ပက်လက်လှန်လှဲလျောင်းပြီး လက်မောင်းတွေကို ဘေးဘက်ဆန့်ထုတ်ပါ။ ဒူးကို ၉၀ ဒီဂရီအနေအထားနဲ့ကွေးပြီး တခြားခြေတစ်ဖက်ကို ဖြောင့်ဖြောင့်ဆန့်ထုတ်ပါ။ လက်ကို ခြေသလုံးပေါ်တင်ပြီး တခြားလက်တစ်ဖက်ကိုဆန့်ထုတ်ပါ။ အသက်ပြင်းပြင်းရှူပြီး ဒီအနေအထားအတိုင်း တစ်မိနစ်လောက်နေပါ။ တခြားဘက်ကို ပြောင်းလုပ်ပါ။

ကျင့်စဉ် (၅)
မတ်မတ်ရပ်ပြီး ညာဘက်ခြေထောက်ကို ရှေ့ဘက်ဆန့်ထုတ်လိုက်ပါ။ ညာဘက်ဒူးကိုကွေးပြီး ဘယ်ဘက်ခြေထောက်ကို ဖြောင့်ဖြောင့်ထားပါ။ ကွေးနေတဲ့ ခြေသလုံးဆီ ခန္ဓာကိုယ်ကိုလှည့်ပါ။ လက်မောင်းတွေကို ထိကပ်ပြီး ကိုယ်နေဟန်ကို ဆန့်ထုတ်လိုက်ပါ။ ဒီအနေအထားအတိုင်း စက္ကန့် ၃၀ခန့်နေပါ။

ကျင့်စဉ် (၆)
ယောဂဖျာပေါ်ထိုင်ပြီး ညာဘက်ဒူးကိုကွေးကာ ဘယ်ဘက်ပေါင်ပေါ် ခြေသလုံးတင်ပါ။ ညာဘက်လက်ကို ကြမ်းပြင်ပေါ်ထောက်ထားပြီး ဘယ်ဘက်တံတောင်ဆစ်ကို ကွေးထားတဲ့ ဒူးပေါ်တင်ပါ။ ဒီအနေအထားအတိုင်း စက္ကန့် ၃၀-၆၀ကြာထားပြီး နောက်အနေအထားတစ်ခုပြောင်းလုပ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top