Healthy Life Ad
Life Style

မျက်စိရေတိမ်ဖြစ်ဖူးလျှင် . . .

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ရေတိမ်ခွဲပြီးသားက ပြန်ဖြစ်နိုင်ပါသလားဆရာ။

ဖြေ. ရေတိမ်ခွဲပြီးသားကပြန်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ကလွယ်တယ်။ ခွဲပြီး မှန်ဘီလူးထည့်လိုက်ရင် လူနာရဲ့ကျေနပ်မှုရတယ်။ ရေတိမ်ကကျတော့ ခွဲပြီး ရေလမ်းကြောင်းဖောက်ထုတ်လိုက်ပေမယ့် တစ်ခါတလေ ရေလမ်းကြောင်းက ပြန်ပိတ်သွားနိုင်တယ်။ အဲဒီအခါ ရေဖိအားက ပြန်များလာနိုင်တယ်။ ဒါကြောင့် ရေတိမ်က ထပ်ဖြစ်နိုင်ပါတယ်။ ထပ်ပြီး ရေတိမ်ဖြစ်ရင်တော့ ခွဲဖို့ထက် ဆေးဝါးနဲ့ ကုသနိုင်မလားဆိုပြီး ကြိုးစားကြည့်တယ်။ မရဘူးဆိုမှ နောက်တစ်ကြိမ်ထပ်ခွဲရတယ်။ အဲဒီလိုပြန်ခွဲရင် ကောင်းနိုင်ပါသလားဆိုတာကို ဖြေဖို့ကျတော့ အခုချိန်ထိ မျက်စိ ရေတိမ်ခွဲစိတ်ကုသမှုအားလုံးက ရာနှုန်းပြည့် ကျေနပ်တဲ့ ခွဲစိတ်ကုသမှုမျိုး မရကြသေးဘူး။

ရေတိမ်ရောဂါက ရှုပ်ထွေးတဲ့အတွက် မျက်စိပညာရပ်မှာ ရေတိမ်က သီးသန့်ဘာသာရပ်အနေနဲ့တောင် ရှိပါတယ်။ ဒါကြောင့် ပြန်ခွဲရင် ကောင်းနိုင်မလား ဆိုတာက ၉၀ရာခိုင်နှုန်းလောက်က ပြန်ခွဲရင် ကောင်းနိုင်ပေမယ့် တချို့လူနာတွေကျတော့ သုံးလေးကြိမ် ခွဲရုံနဲ့တောင် ကောင်းချင်မှကောင်းနိုင်တာပါ။

ရေလမ်းကြောင်း ဖောက်ထုတ်လိုက်ပေမယ့် အနည်းနဲ့အများ ပြန်ပိတ်သွားတာရှိတယ်။ တစ်ခါတလေကျတော့ တစ်ခါခွဲပြီး ရေလမ်းကြောင်းဖောက်ထုတ်လိုက်ရုံနဲ့ တစ်သက်လုံး ကောင်းသွားတာရှိတယ်။ တချို့လူနာတွေကျတော့ သုံးလေးကြိမ်ခွဲရတာမျိုးရှိတယ်။ အဲဒီလို သုံးလေးကြိမ်ခွဲပြီးလည်း ကောင်းချင်မှကောင်းတာမျိုးပါ။ ဒါကြောင့် ရေတိမ်ရောဂါက ရှုပ်ထွေးတဲ့အတွက် မျက်စိပညာရပ်မှာ ရေတိမ်က သီးသန့်ဘာသာရပ်အနေနဲ့တောင်ရှိပါတယ်။ ဒါကြောင့် ပြန်ခွဲရင် ကောင်းနိုင်မလားဆိုတာက ၉၀ ရာခိုင်နှုန်းလောက်က ပြန်ခွဲရင်ကောင်းနိုင်ပေမယ့် တချို့လူနာတွေကျတော့ သုံးလေးကြိမ် ခွဲရုံနဲ့တောင် ကောင်းချင်မှ ကောင်းနိုင်တာပါ။ လူငယ်ပိုင်းမှာကျတော့ လူကြီးပိုင်းမှာထက် ခန္ဓာကိုယ်တုံ့ပြန်မှုပိုများတယ်။ အဲဒီအတွက် ရေတိမ်ပြန်ဖြစ်နိုင်ခြေများပါတယ်။

မေး. မျက်စိမှာဘာကြောင့် ရေတိမ်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. မျက်စိမှာ ရေတိမ်ဖြစ်ရတဲ့ အကြောင်းရင်းကို ဒီနေ့အထိ တစ်ကမ္ဘာလုံးမှာ တိကျတဲ့ အဖြေမရှိသေးပါ ဘူး။ ဒါပေမဲ့ ရေတိမ်ဖြစ်နိုင်တဲ့အချက်တွေတော့ ရှိတယ်။ မျိုးရိုးဗီဇလိုက်တယ်။ မိဘ၊ အဘိုးအဘွားမှာ ရေတိမ်ဖြစ်ရင် ကိုယ့်မှာ ရေတိမ် ဖြစ်ဖို့ အခွင့်အလမ်းများတယ်။ အနောက်နိုင်ငံတွေမှာတော့ လူမည်းတွေက လူဖြူတွေထက်ပိုပြီး ရေတိမ်ဖြစ်တယ်လို့ ပြောကြတယ်။ ဆရာတို့နိုင်ငံမှာတော့ ထောင့်ကျဉ်းရေတိမ်ရောဂါက အဖြစ်များတယ်။ ထောင့်ကျဉ်းရေတိမ်ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် မျက်မှန်အပေါင်း ပါဝါများများ တပ်ရတဲ့သူတွေ၊ စိုးရိမ်သောကများတဲ့သူတွေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

မေး. မျက်စိရေတိမ်ဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရတတ်ပါသလဲဆရာ။

ဖြေ. မျက်စိရေတိမ်မှာ ထောင့်ကျယ်ရေတိမ်ရောဂါနဲ့ ထောင့်ကျဉ်းရေတိမ်ရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။ ထောင့်ကျဉ်းရေတိမ်ရောဂါဆိုရင် နီ၊ ကိုက်၊ မှုန် ဆိုတဲ့ စကားလုံးသုံးလုံးနဲ့ ပြောလို့ရတယ်။ မျက်စိက နီပြီး မခံမရပ်နိုင်အောင် ကိုက်လာတယ်၊ မှုန်သွားတယ်ဆိုရင် ရေတိမ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းလို့ရတယ်။ နီ၊ ကိုက်၊ မှုန် ဖြစ်လာရင် ရေတိမ်များဖြစ်မလားဆိုပြီး အနီးဆုံး မျက်စိအထူးကုဆရာဝန်နဲ့ ချက်ချင်းပြသသင့်တယ်။ မျက်စိရေတိမ်ရှိ၊ မရှိကို ဆရာတို့က Tonometer လို့ခေါ်တဲ့ မျက်လုံးရဲ့ရေဖိအား (Intraocular Pressure) ကို တိုင်းတာတယ်။ ဒါဆိုရင် သိနိုင်ပါတယ်။

ဒါပေမဲ့ ထောင့်ကျယ်ရေတိမ် ရောဂါကျတော့ မျက်လုံးက နီလည်းမနီဘူး၊ ကိုက်လည်းမကိုက်ဘူး။ မှုန်တယ်ဆိုတဲ့ ခံစားချက်တော့ရတယ်။ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာက မြင်ကွင်းက ကျဉ်းကျဉ်းသွားတယ်။ အမြင်တော့ ကျမသွားဘူး။ မြင်ကွင်းကျဉ်းပြီး ညဘက်မှာ ခလုတ်တိုက်လဲတဲ့ လက္ခဏာတော့ပြတယ်။ မြင်ကွင်းကျဉ်းတော့ အမြင်ကို အားမရဘဲ မျက်စိမှုန်တယ်လို့ ထင်တတ်ကြတယ်။ မျက်စိမှုန်တယ်ထင်ပြီး မျက်မှန်ကိုစမ်းတော့ ဆရာဝန် အမျိုးမျိုးပြောင်းပြီး သုံးလေးလအတွင်းမှာပဲ မျက်မှန်ခဏခဏလဲရတယ်။ ဒါမျိုးဆိုရင် မျက်စိဆရာဝန်ကို အကျိုးအကြောင်းပြောပြပြီး ရေတိမ် ရှိ၊ မရှိ စစ်ဆေးကြည့်သင့်ပါတယ်။

မေး. ရေတိမ်တက်နေတာကို မခွဲရင် ဘာအန္တရာယ် ရှိပါသလဲဆရာ။

ဖြေ. ရေတိမ်တက်နေတာကို လောလောဆယ် မခွဲနိုင်သေးဘူးဆိုရင် ဆေးဝါးနဲ့ ရေဖိအားကို Target Pressure (လိုချင်တဲ့ ရေဖိအား) ရောက်အောင် ချရပါတယ်။ အဲဒီလိုချလို့ မနိုင်ဘူးဆိုရင် ခွဲရတယ်။ အဲဒီတော့မှမခွဲရင် မျက်စိနာ့ဗ်ကြောက ထိခိုက်သွားပြီး အမြင်အာရုံချို့ယွင်းသွားနိုင်တယ်။ ဒီထက်ပိုဆိုးရင် မျက်စိကွယ်သွားနိုင်ပါတယ်။

မေး. ရေတိမ်တစ်ဖက်ဖြစ်ရင် နောက်တစ်ဖက်ကိုကော ကူးနိုင်ပါသလား။

ဖြေ. မျက်စိတစ်ဖက်မှာ ရေတိမ်ဖြစ်ရင် နောက်တစ်ဖက်မှာဖြစ်တာက ကူးတာကတော့ မဟုတ်ပါဘူး။ မျက်စိရဲ့တည်ဆောက်ပုံက တစ်ဖက်နဲ့တစ်ဖက် တူညီတဲ့အတွက် မျက်စိတစ်ဖက်မှာ ရေတိမ်ဖြစ်ရင် နောက်တစ်ဖက်မှာ ရေတိမ်ဖြစ်နိုင်တာပါ။

မေး. ရေတိမ်ဖြစ်နေတဲ့ လူနာဟာ ဘာတွေကို ဆောင်သင့်၊ ရှောင်သင့်ပါသလဲဆရာ။

ဖြေ. ရေတိမ်က အစားအသောက်နဲ့ ဘာမှဆက်နွှယ်မှုမရှိပါဘူး။ ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိတဲ့သူတွေဟာ ထောင့်ကျယ်ရေတိမ်ရောဂါနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ အထောက်အထားတော့ရှိတယ်။ ထောင့်ကျဉ်းရေတိမ်ရောဂါကတော့ အမျိုးသမီးဖြစ်ခြင်း၊ ပူပန်သောကများခြင်း စတာတွေနဲ့ ဆက်စပ်မှုရှိတဲ့အတွက် စိတ်ဖိစီးမှုရှောင်ပြီး ဆီးချိုရောဂါ၊ သွေးတိုး ရောဂါတွေရှိရင် သေချာကုသဖို့ပဲ ပြောချင်ပါတယ်။

မေး. ရေတိမ်က ဘယ်အသက်အရွယ်မှာ အဖြစ်များတာလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရေတိမ်ဖြစ်တာ ဘာကြောင့်ပါလဲဆရာ။

ဖြေ. ရေတိမ်က မွေးတာနဲ့ Congenital Glaucoma (မွေးရာပါရေတိမ်) ဖြစ်နိုင်သလို အသက် ၆၀ ကျော်မှ ဖြစ်တာလည်းရှိတယ်။ အသက် ၄၀နဲ့ ဖြစ်တာ လည်းရှိပေမယ့် ရှားပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်တာက မွေးရာပါဗီဇကြောင့်ပါ။ မွေးတုန်းကနေ တဖြည်းဖြည်းကြာလာမှ လက္ခဏာပေါ်လာပြီး ဖြစ်တာပါ။ ဆေးပညာအရ Developmental Glaucoma လို့ ခေါ်ပါတယ်။

မေး. လူတစ်ယောက်ဟာ ရေတိမ်ရော၊ အတွင်းတိမ်ရော မျက်စိနှစ်ဖက်စလုံး တစ်ပြိုင်နက်တည်း ဖြစ်နေရင် ခွဲစိတ်ကုသလို့ ရပါသလား။ ဘယ်လို ကုသရပါသလဲဆရာ။

ဖြေ. ရေတိမ်ရော၊ အတွင်းတိမ်ရော တစ်ပြိုင်တည်းဖြစ်နေရင် ပေါင်းပြီး ခွဲစိတ်ကုသကာ ပြန်မြင်အောင် လုပ်လို့ရပါတယ်။ တစ်ခုရှိတာက ရေတိမ်က သိပ်ဆိုးလွန်းလို့ မျက်စိနာ့ဗ်ကြော ထိခိုက်နေရင်တော့ မျက်စိနာ့ဗ်ကြောရဲ့ လုပ်ငန်းရှိသလောက်ပဲ ပြန်မြင်ရတော့မှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top